Monday, May 1, 2017

တက္ကသိုလ်ဘုန်းနိုင် - ချစ်သောဤကမ္ဘာ




ဇာတ်လမ်းရဲ့ အစမှာ ဒေါက်တာ ဦးထွန်းအောင် နဲ့ ဒေါက်တာ မလေးသန့် တို့ မောင်နှမ ၊  ဆေးပညာဆိုင်ရာထူးချွန်မှုကို တွေ့ရှိခဲ့တာကြောင့် ဆွီဒင်နိုင်ငံကနေ နိုဗယ်ဆုကို လက်ခံပြီး ပြန်လာခဲ့ကြပါတယ် ။ ဒါပေမဲ့ ဆုကို လက်ခံလာသူတို့ရဲ့ ထုံးစံနဲ့မတူပဲ တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ သူတို့နှစ်ယောက်က ထူးခြားနေခဲ့တာပေါ့ ။ သတင်းထောက်တွေနဲ့လည်းမတွေ့အောင် တိမ်းရှောင်ရင်း သူတို့နှစ်ယောက် လေဆိပ်ကနေ မဲဇာမြိုင်ခြံကြီးဆီကို ပြန်ရောက်လာခဲ့ကြတယ် ။ အိမ်ပြန်ရောက်တာ နဲ့ မလေးသန့်တို့ မောင်နှမက သေဆုံးသွားပြီဖြစ်တဲ့ သူတို့ မောင်အငယ်ဆုံးလေး ဒေါက်တာနှင်းမောင် ရှိနေတဲ့ နေရာကို သွားရောက်တဲ့အခါ ကြေကွဲခဲ့ရတဲ့ အတိတ်ကို   ပြန်မြင်ယောင်လာတဲ့ ပုံစံ နဲ့ ဒီဝထ္ထုကို အစပြုထားပါတယ် ။ 

 
မိဘတွေကွယ်လွန်ပြီးတဲ့ နောက်ပိုင်း ၊ ဓာတ်ခွဲခန်းဝင်နေရရင် ထမင်းမေ့ ၊ ဟင်းမေ့ဖြစ်နေတဲ့ မောင်ငယ်လေး နှင်းမောင်ကို သန့်က အချစ်ပိုခဲ့ရပါတယ် ။ သန့်ကို ချစ်နေတဲ့ သူက လူကြီးချင်းသဘောတူထားတဲ့ ၀တ်လုံတော်ရ ရှေ့နေ ကို မင်းဆွေပါ ။ တစ်နေ့ ကို မင်းဆွေ နေမကောင်းလို့ သန့်က သူ့အိမ်ကို သွားကြည့်ပြီး ဆေးကုပေးပါတယ် ။  စကားတွေပြောဆိုကြရင်း ကိုမင်းဆွေက  မိဘမောင်ဖားတွေရဲ့ မေတ္တာကို မှ တန်ဖိုးထားတတ်သလားလို့ သန့်ကို စွပ်စွဲလေတိုင်း ၊ သန့်က မိဘတွေ မရှိတော့ မိန်းမတစ်ယောက် အနေနဲ့ အကို ၊ မောင်ကို အစားမရနိုင်ပေမဲ့ လင် ၊ သား တို့ကိုကို အချိန်မရွေးရနိုင်တယ်ဆိုပြီးတော့ ကိုမင်းဆွေရဲ့ မေတ္တာကို ငြင်းပယ်ပါတယ် ။ သန့်ပြန်မလို့ လုပ်နေတဲ့ အချိန်မှာ ကိုမင်းဆွေ နဲ့ ရှုပ်ဖူးတဲ့ နယ်လီ ရယ် သူ့မိတ်ဆွေ အလွတ်စုံထောက် ကို သိန်းဇံတို့ရောက်လာကြတယ် ။ နယ်လီ မြန်မာပြည်ကို ပြန်ရောက်လာရတဲ့ အကြောင်းအရင်းက အမွေကိစ္စ နဲ့ သူ့အကို အသတ်ခံလိုက်ရတယ်လို့ ယူဆတာကြောင့်ဖြစ်ပါတယ် ။ 

နောက်တစ်နေ့မှာတော့ နယ်လီ အကို အသတ်ခံရတဲ့ အမှုအကြောင်း သတင်းစာထဲမှာပါလာခဲ့ပါတယ် ။ အလောင်းကို ပြန်စစ်ဆေးဖို့ သချိုင်းမှာ သွားဖော်တဲ့အခါ အလောင်းပျောက်နေပြီးတော့ ၊ နယ်လီ ဦးလေး ဦးထွန်းသော်ကို ဖမ်းဆီးထားတယ်ဆိုတာ သန့် တစ်ယောက် ဖတ်လိုက်ရပြီး ထိတ်လန့်သွားခဲ့ပါတယ် ။ အဲ့ အချိန်မှာပဲ သူ့မောင် နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သုဘရာဇာ ကိုကံထူးရောက်လာပြီး ၊ အလောင်းပျောက်နေတဲ့ ကိစ္စက သူ့မောင်ရဲ့ သုတေသန လုပ်ငန်းနဲ့ စပ်ဆက်နေတယ်ဆိုတာ သန့်သိသွားပါတယ် ။ အဲ့အချိန်မှာ မောင်နှင်းမောင်ကတော့ သုဘရာဇာ ကိုကံထူးတို့နေထိုင်တဲ့ရွာကို သွားပြီးတော့ ဆေးကုပေးနေပါတယ် ။ ဖြစ်ချင်တော့ အလွတ်စုံထောက် ကိုသိန်းဇံ ရုပ်ဖျက်ပြီး စုံစမ်းထောက်လှမ်းနေတဲ့အချိန် နဲ့ တိုးပြီး မောင်နှင်းမောင် ကို သကာင်္မကင်း ဖြစ်တယ်ပေါ့။
နှစ်လလောက်ကြာပြီးအခါမှာ လူငယ်လေးတစ်ယောက်သေတာသိတော့ သုတေသန ဆရာဝန်တွေက လတ်လတ်ဆတ်ဆတ် အလောင်းကို လိုချင်မှာပဲလို ကိုသိန်းဇံက တွေးမိတာကြောင့် ညကြီးမိုးချုပ် သင်္ချိုင်း
မှာသွားစောင့်ပါတယ် ။ သူ့ အထင်မှန်ကန်ပါတယ် ။ ခိုးတူးထားတဲ့ အလောင်းကို မဲဇာမြိုင်ခြံကို သယ်သွားခဲ့တာပါ ။ ဒါပေမဲ့ အလောင်းကို သယ်လာတဲ့ဆိုတာကို လက်ပူးလက်ကြပ်မမိပဲ သုဘရာဇာတွေရဲ့ တပတ်ရိုက်တာကို ခံလိုက်ရတဲ့ အတွက် ကိုသိန်းဇံက မကျေမနပ်ဖြစ်ပြီး ရှေ့နေ ကိုမင်းဆွေကိုပြောပြပါတယ် ။ 

ဒီအမှုကို ဆက်လိုက် ပြီး ဖော်ပစ် ချင်နေတဲ့ ကိုသိန်းဇံကို ကိုမင်းဆွေက သူ့ကိုယ်ရေးကိုယ်တာ  ကိစ္စ နဲ့ ပတ်သတ်တာမို့ မဖော်လိုက်ပဲ ဒီအိမ်ကြီးထဲမှာ ဘာလုပ်နေကြလဲဆိုတာ စုံစမ်းပေးဖို့ အကူအညီတောင်းလိုက်ပါတယ် ။ 

၅ညတိတိ မဲဇာမြိုင်ခြံထဲကို ခိုးဝင်ဖို့ကြိုးစားခဲ့ပြီး နောက်ဆုံးညမှာတော့ ကိုသိန်းဇံက ခြံထဲကို ရောက်၇ှိလာပါတယ် ။ သုတေသန လုပ်တဲ့ အခန်းကြီးထဲ ခိုးဝင်ပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးစားတဲ့အချိန်မှာ မမျှော်လင့်ပဲ ၀က်ဝံကြီး ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး မေ့လျော့သွားပါတယ် ။ ကံကောင်းထောက်မစွာနဲ့ နှင်းမောင် နဲ့ ကိုကံထူးက မအိပ်သေးတာကြောင့် ကယ်တင်လိုက်နိုင်ပါတယ် ။
ခြောက်လုံးပြူးသေနတ်ရယ် ကင်မရာတစ်လုံးနဲ့ သူတို့ခြံထဲရောက်နေတဲ့ စုံထောက်တစ်ယောက်က ရဲဘက်က ဖမ်းဆီးဖို့လွှတ်လိုက်တာ မဟုတ်ပဲ တစ်စုံတစ်ယောက်က ဒီခြံကြီးထဲမှာ ဘာ လုပ်နေတယ်ဆိုတာ သိချင်လို့ စေခိုင်းတာဆိုတာ သန့်တို့ မောင်နှမတွေရိပ်မိခဲ့ပါတယ် ။ ဒါပေမဲ့လည်း မေတ္တာတရား ကြီးမားတဲ့ မောင်နှမတွေက ဒဏ်ရာရနေတဲ့ ကိုသိန်းဇံကို ဆေးလိမ်း ၊ ဆေးသောက် ၊ ပတ်တီးစည်းပေး တာတွေလုပ်ပေးတာပါပဲ ။ 

မနက်ရောက်တော့ ကိုသိန်းဇံသိချင်တာတွေ သိရဖို့အတွက် ဓာတ်ခွဲခန်းကို မောင်နှမတွေကိုယ်တိုင် ပြသခဲ့ပါတယ် ။ ကိုနှင်းမောင် လုပ်နေတဲ့ သုတေသနက ရှင်ပြန်ဖန်တီးမှုဆိုတာမျိုးပေါ့ ၊ အကယ်၍များ လူတစ်ယောက်က အသည်းကင်ဆာဖြစ်နေခဲ့ရင် ကင်ဆာဖြစ်နေတဲ့ အပိုင်းကို လှီးထုတ် ၊ သဘာဝအရတော့ အဲ့လို လှီးထုတ်လိုက်ရင် လူတစ်ယောက်ဟာ သေရမှာပေါ့ ဒါပေမဲ့ ကိုနှင်းမောင်ရှာဖွေတွေ့ရှိတဲ့ ဆေးကို ထိုးလိုက်ရင် အသည်းက အသစ်နီးပါး ပြန်အလုပ်လုပ်နိုင်တာမျိုးပေါ့ ။ အဲ့ဒါတွေကို သိရှိရပြီးနောက်ပိုင်းမှာ သူဟာ အံသြပြီးလေးစားသွားပါတယ် ။ ဒါပေမဲ့လည်း သူဟာ ဥပဒေအရဆက်လုပ်ရမယ်ဖြစ်ကြောင်း နဲ့ သူဟာသူ့ကျေးဇူးရှင်ကို တချို့သဲလွန်စတွေပြောပြထားပြီးပြီ ဆိုတာ သန့်တို့ကို မဖုံးကွယ်နေတော့ပဲ ပြောပြလိုက်ရပါတယ် ။ ဒါပေမဲ့လည်း သန့်တို့ကို အန္တာရာယ်ပြုမဲ့သူမဟုတ်ပါဘူးလို့ တဆက်တည်းပြောလိုက်တဲ့အခါ သူ့နောက်ကွယ်မှာ ဘယ်သူရှိသလဲဆိုတာ သန့်တစ်ယောက်သိရှိသွားပါတယ် ။




ဇာတ်သိမ်း  (Spoiler Alert) 

အရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး ကိုမင်းဆွေဆီက ဖုန်းဆက်လာတာနဲ့ သန့်တယောက် သူ့အိမ်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ် ။ ကိုမင်းဆွေက ကိုသိန်းဇံ ဘယ်ရောက်နေသလဲဆိုတာကို မေးတဲ့အခါ သန့်ကမဖြေတာကြောင့် ၊ ကိုမင်းဆွေက သူရထားတဲ့ အချက်အလက်တွေချပြပြီး ခြိမ်းခြောက်အကြပ်ကိုင် ၊ သူ့ကို လက်ထပ်ခိုင်းပါတော့တယ် ။
ဒီလိုနဲ့ ကိုမင်းဆွေတစ်ယောက် လက်ထပ်ဖိတ်စာအတွက် စာစီနေတဲ့ အချိန်မှာ ကိုသိန်းဇံရောက်လာပြီး အရက်အတူတူသောက်ရာကနေ ကိုမင်းဆွေ ဖန်ခွက်ထဲ ဆေးခပ်နိုင်လိုက်တာကြောင့် ကိုမင်းဆွေ အိပ်ပျော်သွားပါတယ် ။
ကိုမင်းဆွေ သတိရလာတဲ့အချိန်မှာ သူနဲ့ ရင်ဆိုင်ထိုင်နေကြတဲ့သူတွေက ဒေါက်တာ ထွန်းအောင် ၊ မလေးသန့် ၊ ဒေါက်တာနှင်းမောင် နဲ့ ကိုသိန်းဇံ ၊ ကိုကံထူးတို့ ၊ လူစုံ တတ်စုံပါပဲ ။ ကိုမင်းဆွေက ကိုသိန်းဇံကို သစ္စာဖောက်လို့ စွပ်စွဲတဲ့အခါ သူ့အပေါ် ရက်စက်ခဲ့တဲ့ ကိုမင်းဆွေရဲ့ အပြုအမှုတွေကို ထောက်ပြပြောဆိုပါတော့တယ် ။ အဲ့အချိန်မှာ နယ်လီလည်းရောက်ရှိလာပြီး သူမ အပေါ်မှာ နှမချင်းမစာမနာ ခဲ့တဲ့ ကိုမင်းဆွေအကြောင်းပြောပြတာပေါ့ ။
လူကြားထဲမှာ အပြောခံရလို့ ခေါင်းမဖော်နိုင်ဖြစ်နေတဲ့ ကိုမင်းဆွေကို သနား ၊ အားနာလာတာကြောင့် တခြားသူတွေ ကို ဆက်မပြောကြဖို့ ကိုနှင်းမောင်က တားမြစ်တဲ့အခါ ကိုမင်းဆွေ က ရှက်ရမ်း ရမ်းပြီး ကိုနှင်းမောင်ကို ဒေါသတကြီး တုံ့ပြန်ပါတယ် ။  
`မင်းလည်း သိပ်ကံကောင်းတယ် သိလား နှင်းမောင် ၊ မဒရာ သင်္ချိုင်းဘေးမှာ လူစွန့်ပစ်သွားလို့ ပုဆိုးစုတ်ပတ်ပြီး ယက်ကန် ယက်ကန်ဖြစ်နေတဲ့ မြေကြီးပေါ်ကနေ ကောက်၇တဲ့ လူတစ်ယောက်ကနေ အခုတော့ သန့်ရဲ့ ပထမလူဖြစ်လာခဲ့တယ် ။ မင်းအမဆိုတဲ့ သန့်ဟာ မင်းအမ မဟုတ်ဘူး ။ မင်းရဲ့ ချစ်သူ ၊ မင်းကို ချစ်နေတဲ့သူ´
မမျှော်လင့်ပဲ အဲ့ဒီပြင်းထန်တဲ့စကားအကြားမှာ အကုန်လုံးက အံအားသင့်နေချိန်မှာပဲ ကိုမင်းဆွေက တဖတ်သတ် အချစ်ဆုလ်ာအဖြစ်နဲ့ လူယုတ်မာဘွဲ့ကို ရပြီးကာမှ ဒီဘ၀မှာ ဘာဘွဲ့မှ မလိုတော့ဘူးဆိုပြီးတော့ သူ့နားထင်သူတေ့ ၊ သေနတ်နဲ့ ပစ်သတ်သေဖို့ကြံစည်ပါတော့တယ် ။ ဒေါက်တာဦးထွန်းအောင်က သူ့လက်ထဲက ပစ္စတိုကို လုယူလိုက်ချိန်မှာ မထင်မှတ်ထားပဲ ကျည်ထွက်သွားပြီး ကိုနှင်းမောင်ကို ထိသွားပါတော့တယ် ။


ကိုနှင်းမောင် သေဆုံးခါနီးမှာ သူသေနတ်မှန်တာဟာ ကိုမင်းဆွေ နဲ့ မဆိုင်ကြောင်းထွက်ဆိုခဲ့ပါတယ် ။ နောက်ဆုံး ဆန္ဒအနေနဲ့ သူ့ခန္တာကိုယ်ကိုယ် ကို သူ့သုတေသန အတွက်ပြန်လှုခဲ့ပြီး သူ့အကို နဲ့ အမကို ဒီသုတေသနကို အောင်မြင်တဲ့အထိ ဆက်လုပ်ပေးဖို့ မှာခဲ့ပါတယ် ။


ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ရဲ့ ချစ်သောကမ္ဘာ ကို ၁၉၆၄ ခုနှစ်မှာ မြစာပေ ကနေ ပထမအကြိမ်အဖြစ်နဲ့ ထုတ်ဝေခဲ့ပါတယ် ။ ကျွန်တော့မှာရှိနေတဲ့ စာအုပ်ကိုတော့ ၂၀၀၇ ခုနှစ် ၊ သြဂုတ်လမှာ ကံကော်ဝတ်ရည်စာအုပ်တိုက်ကနေ ဆဌမအကြိမ်မြောက်ထုတ်ဝေထားတာပါ ။

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.







No comments:

Post a Comment