Thursday, April 27, 2017

Miles from the hometown , Mrauk U





ရခိုင်ပြည်မှာ ဓည၀တီ ၊ ဝေသာလီ ၊ လေးမြို့ ၊ မြောက်ဦး ဆိုပြီး လေးဝတီလို့ခေါ်တဲ့ ခေတ်ကြီးလေးခေတ် 
ပေါ်ပေါက်ခဲ့ပါတယ် ။ရှေးတုန်းက မြို့ဟောင်းလို့ခေါ်ပြီး ဒီဘက်ခေတ် နှောင်းပိုင်းရောက်မှ
မြောက်ဦးလို့ ပြောင်းလဲခေါ်ဆိုခဲ့တဲ့ ကျွန်တော် ရဲ့ ဇာတိမြို့လေး ။ ဇာတိမြို့လို့ပြောဖို့ကလည်း ခက်တော့ခက်တယ် ။ အမေက ရခိုင်သူ စစ်စစ်ဖြစ်ပေမဲ့ ကိုယ်က ရန်ကုန် မှာ မွေး ၊ ရန်ကုန်မှာ ကြီးတဲ့သူကိုး ။ တစ်နေ့နေ့တော့ ရောက်အောင်သွားမယ် ရည်ရွယ်ခဲ့ပေမဲ့ ဒီလောက် မြန်မြန် သွားဖြစ်မယ်လို့ မထင်ခဲ့ဘူး ။ မြောက်ဦးဆိုတာ ဦးဦးဖျားဖျား ပြည့်စုံအောင်မြင်တယ်လို့ အဓိပာယ်ပါလို့ ဘကြီးက ပြောပြပါတယ် ။ 

မထင်မှတ်ပဲ ရောက်သွားခဲ့ပေမဲ့ It was worth to visit ပါ ။ အမေတောင် တခါမှ မမြင်ဖူးတဲ့ အမျိုးတွေ အကုန်လုံးနဲ့လည်းဆုံရတယ် ။ မြောက်ဦးမှာနေခဲ့တဲ့ ၄ ရက် က အေးချမ်းပြီး တကယ့် ရှေးဟောင်းမြို့လေး မှာနေရသလိုပါပဲ ။ ကံကောင်းတာတစ်ခုက မနက်ပိုင်းဆို မိုးရွာပြီး နေ့ခင်းဘက်လည်တဲ့အခါ မိုးအုံ့လေတော့ အရမ်းတော့ မပူ ။ ညဘက်တွေဆိုလည်း အနွေးထည်ဝတ်ပြီး စောင်ခြုံအိပ်ခဲ့ရတယ် ။ ကံမပါတာကတော့ အရမ်းလှတယ်လို့ နံမည်ကြီးတဲ့ မြောက်ဦးရဲ့ sunset ရော ၊ sunrise ပါ  ကြည့်လို့မရခဲ့တာပေါ့  ။ ဒါပေမဲ့လည်း ပျော်ခဲ့ရတာပါပဲ ။ Trip Review လည်းမဟုတ်တဲ့ ခရီးသွားဆောင်းပါးသဘောမျိုး ကိုယ်ပြန်ဖတ်တဲ့အခါ အမှတ်ရအောင်ရော ၊ ပျော်ခဲ့ရတဲ့ အခိုက်အတန့်တွေကို သိမ်းဆည်းတဲ့ အနေနဲ့ရောပါ ဒီ Photo Essay Album လေးလုပ်ပါတယ် ။

တချို့ဘုရားသမိုင်းလေးတွေ ကိုယ်ဖတ်ဖူး ၊ မှတ်ဖူး ၊ ကြားဖူး သလောက် ထည့်ရေးထားပါတယ်။ လွဲနေခဲ့ရင် ကိုယ့်အမှားသာဖြစ်ပါတယ် ။ ရခိုင်ကို သွားဖို့ Research လုပ်တော့ နိုင်ငံခြားသားတွေ ရေးတဲ့ review ကိုပဲ အားကိုးပြီးသွားခဲ့ရတာပါ ။ အဓိက ကိုယ့် Pain က information lack ဖြစ်တာပါပဲ ။ နောက် ကျွန်တော့ မြို့လေး ကို သွားလည်မဲ့ လူတွေ အဆင်ပြေစေဖို့ မျှော်လင့် ပါတယ် ။ 
 

Day (1) Yangon – Sittwe (624.5 Mile) 

ရန်ကုန် - စစ်တွေ တိုက်ရိုက် လေယာဉ် လတ်မှတ် ၀ယ်ထားတာ ဒါပေမဲ့ Air Kbz က အကြောင်းမကြား ဘာမကြား သံတွဲလေဆိပ်မှာ ရပ်သေးတယ် ။ စစ်တွေမှာ သူငယ်ချင်းက တိုက်ရိုက်လေယာဉ်ဆိုတော့ ကြိုဖို့ စောရောက်နေပြီး အစီအစဉ်တွေလွဲကုန်ပေမဲ့ ငပလီကို လေယာဉ်ပေါ်ကမြင်ရတဲ့ View နဲ့တင် ကြွေပြီး စိတ်ဆိုးပြေသွားတယ် ။ Emerald Sea ဆိုတာ ဒါကိုခေါ်တာ နေမှာ။  နောက်တခေါက် ငပလီသွားရင် လေယာဉ်နဲ့ပဲသွားတော့မယ် ။

Day (1) Sittwe 

ပင်လယ်ကမ်းစပ်မြို့လေး တစ်ခုဖြစ်တဲ့ စစ်တွေကို ညနေ ၃ နာရီလောက်ရောက်တယ် ။ သူငယ်ချင်းအိမ်သွား ၊ ခဏနားပြီး သူ့အမေ ချက်ကျွေးတဲ့ ရခိုင်ဟင်းတွေနဲ့ အ၀ဆွဲကြ ။ ဒန့်သလွန်သီးကို ရခိုင်လို စပ်စပ်ကလေးချက်တာလေးရယ် ၊ ကကတစ်ငါးဟင်း ၊ ရခိုင်ရဲ့ နံမည်ကြီး ၀က်အူချောင်းကျော် ၊ ပြည်ကြီးငါးရခိုင်ချက် နဲ့ မပါမဖြစ် ရခိုင် ငပိထောင်း ကို ဗူးညွန့်လေးနဲ့ တို့စား ၊ စပ်ရင် ကန်မွန်းချဉ်ရွက် ဟင်းရည်လေးသောက် ရှယ်ပဲ ။ ရခိုင်လူမျိုးတွေ ဧည့်ဝတ်ကြေချက် က နိုင်းလောက်ရှိတယ် ။ မုန့်တီစားချင်တယ်ပြောလို့ ချက်ချင်း မုန့်တီ ချက်ကျွေးကြတယ် ။ ချစ်ဖို့ကောင်းချက် ။


Day (1) အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး 




ငွေလှံလဲကိုင် ၊ ကိန်းနဲ့ဆိုင် ၊ ရခိုင် ဘုရားပေါ်လတ္တံဆိုတဲ့ တဘောင်ပေါ်ပြီး ၆နှစ်ခန့်အကြာ ၊ ၁၂၆၀ပြည့်နှစ်မှာ တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားလို့သိရပါတယ် ။





 
Day (1) Sunset Over Sittwe Beach 

စစ်တွေမှာ ညနေ ဘက်ဆို တမြို့လုံးက ကလေး ၊ လူကြီး ၊ လူငယ်မရွေးက View Point ကမ်းခြေဘက်မှာ အပန်းဖြေလေ့ ရှိကြတယ် ။ ကမ်းခြေမှာ နံမည်ကြီးတဲ့ အစားအသောက်က အုန်းရည် နဲ့ အကင် ။ ကိုယ်တွေကတော့ အိမ်က ထမင်းအ၀ကျွေးလိုက်လို့ ထပ်မစားနိုင်တော့လို့ မစားခဲ့ရဘူး ။ View Point ကမ်းခြေက ဘာနဲ့ တူသလဲဆို ဂေါ်ရန်ဂျီက နံသာပုကမ်းခြေ နဲ့ ဆင်တယ် ။ ငါးဖမ်းသမားတွေရှိလေတော့ ပင်လယ်လေက နည်းနည်းတော့ အနံ့ရှိတာပေါ့နော် ။ ဒါပေမဲ့လည်း လေလေးတဖြူးဖြူးနဲ့ chill လို့ကောင်းတဲ့ နေရာလေးတစ်နေရာပါပဲ ။

Day (1) Sittwe View Point - ဗျာလ်အရုပ်

ဒီအရုပ်က View Point ကိုရောက်ရင် တွေ့ရမဲ့ တိရိစ္ဆာန် ကိုးမျိုး ပေါင်းစပ်ထားတဲ့ ရခိုင်ပြည် ရဲ့ လာဘ်ကောင်အရုပ်ပေါ့ ။ 


 ပါးစပ် - ကျား
လည်စံ ၊ ဦးခေါင်း ၊ ခြေ ၊ လက် - ခြင်္သေ့
နှာမောင်း - ဆင်
မျက်လုံး - သမင်
နားရွက် - မြင်း
လျှာ - ကြက်တူရွေး
အမြှီး - ဇာမဏီငှက်
ချို - ကြံ့
ကိုယ်ထည် - ခြူး (ဘာကောင်လဲတော့ ကိုယ်မသိ) ပါတဲ့ ။

Day (2) စစ်တွေ - ကျောက်တော်မြို့ (60.1 Mile) 


စစ်တွေကနေ မနက် ၆ နာရီ ရန်ကုန်ကိုပြန်တဲ့ Express ကားနဲ့ မြောက်ဦးကို ထွက်လာတာ မနက် ၁၀ နာရီ ၀န်းကျင်မှာ ကစ္စပနဒီ တံတားကြီးကို ဖြတ်ကျော်ပြီးနောက်မှာ
 ကျောက်တော်ကို ရောက်ပါတယ် ။ Express ကားခက တယောက် ၂၀၀၀ ပဲပေးရတယ် ။



ဓည၀တီ ရခိုင်ပြည်မှာ ကျောက်တော်မဟာမြတ်မုနိကို စန္ဒသူရိယမင်းက တည်ထားကိုးကွယ်ခဲ့ပါတယ်လို့ မှတ်သားရပါတယ် ။ စန္ဒသူရိယမင်းက မြတ်စွာဘုရားနဲ့ ရှေးဘ၀ အဆက်ဆက်က ပါရမီဆက်ရှိခဲ့ပြီး စန္ဒသူရိယမင်းရဲ့ ပြင်းပြတဲ့ ဆုတောင်းကြောင့် မြတ်စွာဘုရားက ရာဇဂြိုလ်ပြည်ကနေ ရခိုင်ပြည်ကို ဘီစီ ၅၅၄ ၊ ၀ါတော် ၂၀ ၊ သက်တော် ၅၅ မှာ ကောင်းကင်ခရီးကနေ ကြွချီပြီး သေလာဂီရီတောင် ၊ အခုကျောက်တော်တောင်မှာ ရပ်နားတော်မူပါတယ် တဲ့ ။ ဘုရားရှင်က ဒီကျောက်တော် တောင်ပေါ်မှာ ပန်းပွတ်သမားဖြစ်ခဲ့တာကြောင့် ပရိနိဗာန်စံတော်မူတဲ့အခါမှ ဘုရားရှင်ရဲ့ ကျောက်ရိုးတော်ဓာတ်ကို ဌာပနာပြီး စေတီတော်တည်ထားပါတယ် လို့ သိရပါတယ် ။ ဘုရားရှင်က ဗျာဒိတ်တော်ပေးခဲ့တာပါ လို့ မှတ်သားဖူးပါတယ် ။

 ကျောက်တော်တောင်ပေါ်မှာ
 မျောက်တွေလည်းရှိပါတယ် ။ နည်းနည်းတော့ဆိုးတယ်တဲ့ ။ အပေါ်ကနေ မြင်ရတဲ့ View က အရမ်းလှတယ် ပြောပေမဲ့လည်း အမေက အမြင့်ကို သိပ်မတတ်နိုင်လို့ ကိုယ်တို့ မ၀င်ဖြစ်ခဲ့ပေမဲ့လည်း နောင် သွားမဲ့လူတွေ ၀င်ကြပါနော် ။




Day (2) ကျောက်တော်မဟာမြတ်မုနိ 

မြတ်စွာဘုရားက ပဋိညာဉ်ပေးပြီး စန္ဒသူရိယမင်းက တည်ထား ကိုးကွယ်ခဲ့တဲ့ ကျောက်တော် မဟာမြတ်မုနိကို ရတနာကိုးပါး ပေါင်း ကိုးကုဋေရတနာ ထည့်သွင်းပြီး ဘုရားရှင်ရဲ့ ကိုယ်တော် အတိုင်းအရှည် အတိုင်း သွန်းလုပ်ပူဇော်ခဲ့ပါတယ်တဲ့ ။ ရုပ်တုတော်ကို သွန်းလုပ်နေတဲ့ အချိန်တောက်လျှောက် မြတ်စွာဘုရားက သိရိဂုတ်တောင်ပေါ်မှာ သီတင်းသုံးနေခဲ့ပါတယ် လို့ ဆိုပါတယ် ။ ထူးဆန်းတာ တစ်ခုက ရုပ်တုတော်ကို သွန်းလုပ်ပြီးစီးချိန်မှာ ဦးခေါင်းတော်က သုံးကြိမ် သုံးခါ သွန်းလုပ်တာတောင် မစေ့နိုင်ပဲ ကွဲနေခဲ့လို့ မြတ်စွာဘုရားက ရင်ငွေ့တော်ဓာတ်ပေးပြီး လက်နဲ့ သပ်ခါမှ ချောချောမောမော ထိစပ်သွားတာပါတဲ့ ။

ကြွင်းကျန်တဲ့ ရတနာတွေနဲ့ တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားဆင်းတုတော်တွေက -
မဟာမြတ်မုနိ  - အခု မန္တလေးမှာပါ။
ရှင်ကျော်  - ပြည်မြို့ ရွှေနတ်တောင်ဘုရားမှာ တည်ထားကိုးကွယ်ထားပါတယ် ။
ရွှေဘုံသာ  -  ပြည်ကေ၇ွှဘုံသာမုနိဘုရား ။
မာရ်အောင်မြင် - အမရပူရ နန်းတော်ဦးမှာ မင်းငါးဆက်တိုင်အောင် တည်ထားကိုးကွယ်ခဲ့ပြီး ၊ ဇလွန်မြို့ သူကြီး ဦးရွှေပွန့်က ပုံစံတူသွန်းလုပ်ဖို့ ဇလွန်မြို့ကို ပင့်ယူသယ်ဆောင်ခဲ့ပါတယ်တဲ့။ 

ပင့်ယူခဲ့တဲ့ ၁၂၁၄ ခုနှစ်မှာပဲ နယ်ချဲ့တွေက သိမ်းယူပြီး ဖိုလေးလုံးနဲ့ အရည်ကြိုဖို့ ကြိုးစားတာ ၇ုပ်တုတော်မှာ ပကတိအတိုင်း ပဲရှိနေတယ်လို့ဆိုပါတယ် ။  ပြီးတော့ အင်္ဂလန်ဘုရင်မ ဆင်းတုတော်ကို ဖျက်ဆီးဖို့ကြိုးစားတာကြောင့် ခေါင်းကိုက်ဝေဒနာကို အကြီးအကျယ် ခံစားရပြီး ၊ ဘယ်လိုပဲ ဆေးကု ဆေးကု မပျောက်ကင်းနိုင်တဲ့ အပြင် ဆင်းတုတော်ကို ဖျက်ဆီးဖို့ ဆက်ကြိုးစားရင် သူတို့ တိုင်းပြည်လည်း ပျက်ဆီးလိမ့်မယ်လို့ အိမ်မက် မက်တာကြောင့် မူလနေရာဖြစ်တဲ့ ဇလွန်မြို့ကို ပြန်လည်ပို့ဆောင်လိုက်ရပါတယ် လို့ ဆိုပါတယ် ။ ပို့တုန်းက မြို့မှားပြီး ဟသာင်္တ မြို့ရဲ့ သောင်စပ်မှာ ထားခဲ့လို့ ဇလွန်သူဇလွန်သားတွေက လှေ ၁၂ ဆင်းနဲ့ ၊ ဟသာင်္တ က လှေ ၃၈ စင်း  အပြိုင် ဆင်းတုတော်ကိန်းဝပ် တဲ့ ဖောင်တော်ကို ဆွဲကြရာကနေ ဇလွန်လှေတွေဘက်ကို ပါတော်မူပါ သတဲ့ ။ ဒီလိုနဲ့ ဇလွန် ပြည်တော်ပြန် ဘုရားရယ်လို့ နံမည်ကျော်ကြားတာလာတာပါတဲ့ ။

မန္တလေးကို ပထမဆုံးရောက်တာက မနှစ်က ၆လပိုင်း (မန္တလေးမဟာမြတ်မုနိကိုတော့ အဘွားရှိတုန်းက ခဏခဏပြောပြလို့ ရခိုင်ဘုရားမှန်းသိပေမဲ့ ) အံသြစရာကောင်းအောင် ကိုယ်ညံ့တာတစ်ခုက ပြည်က ရွှေဘုံသာမုနိ ၊ ရှင်ကျော်ဘုရား ကို တစ်လပိုင်းမှာ ၊  ဇလွန်ပြည်တော်ပြန် ဘုရားကို ၇လပိုင်းမှာ ၊ မနှစ်က တနှစ်တည်းမှာတင် အကုန် ဖူးခွင့်ရခဲ့ပေမဲ့ ရခိုင်ဘုရားတွေလို့ မသိခဲ့တာပါပဲ ။

Day (2) ကျောက်တော် - ဝေသာလီဘုရား (24 Mile) 

ကျောက်တော် ကနေ မြောက်ဦးကို အသွား လမ်းမှာ တည်ရှိတဲ့ တစ်ဆုတည်းကျန်ခဲ့တဲ့ ဘုရားပါ ။ ဝေသာလခေတ် ရဲ့ မြို့တော်ဟောင်း နန်းရွာကုန်းမြောက်ဘက်မှာ တည်ထားတဲ့ ထင်ရှားတဲ့ ဓည၀တီရခိုင်ပြည်ရဲ့ ကျက်သရေဆောင် ဆုတောင်းပြည့်ဘုရားတစ်ဆူပါ ။ 


သုပဘာဒေ၀ီမိဘုရားကြီးဘ၀မှာ
 ရေအောက်ကို ပြုတ်ကျသွားပြီး 
ဖူးမျှော်ခွင့်မရလိုက်တာကြောင့် ဘုရင်ကြီးက တပုံစံတည်းပြုလုပ်ပြီး ကိုးကွယ်စေခဲ့တာပါတဲ့။
 ဝေသာလီဘုရားကြီးက ရှေးတုန်းက
 ကျောက်လှိုင်ဂူထဲမှာ ထားပြီးကိုးကွယ်ခဲ့တာဖြစ်ပေမဲ့
 နှစ်ပေါင်းကြာလာတော့ ဂူကပြိုပျက်သွားပြီဖြစ်လို့ 
သိမ်တော်မှာပဲ စံ ထားပါတယ် ။

Day (2) ဝေသာလီဘုရား - မြောက်ဦး (3.9 Mile)
မြောက်ဦးအိမ်ရောက်တော့ ခဏနား ၊ ထမင်းစားပြီး တရေးတမောအိပ် ၊ ညနေလောက်မှ ဘုရားဖူးဖို့ထွက်ကြ ။

မြောက်ဦးခရီးစဉ်ကတော့ တကယ်ကို ကုန်းအဆင်းကြီးပဲ တစ်လိုင်းပါ ။ လည်တော့ မြောက်ဦးအိမ်က ကားနဲ့လည်တယ် ။ စားတော့လည်း အိမ်မှာပဲ ။ ညနေစာ ၂ နပ်လောက်ပဲ အတင်းအပြင်ထွက်စားလို့ စားခဲ့ရတာ ။ ပြီးတော့ တချို့နေရာတွေဆို ကိုယ့်ယောက်ဖက ရခိုင်မှာပဲ Tour လုပ်နေတာဆိုတော့ သူက ဂိုက်အဖြစ်ပါလာသေး ။ သူ  Tour လုပ်နေမှန်းတောင် ကိုယ် အဲ့ရောက်မှ သိတာ ။ 
အကယ်၍များ စစ်တွေ - မြောက်ဦး သွားဖို့လည်ဖို့ပတ်ဖို့ ကား ၊ ဂိုက်လိုရင် ကျွန်တော် ချိတ်ပေးပါမယ် ။ 


မြောက်ဦးမှာတော့ ရှေးဟောင်း သမိုင်းဝင်ဘုရားတွေ ၊ နေရာတွေ နံမည်ကြီးတာတွေကော ၊ မကြီးတာတွေကော ပေါင်းရင် ထောင်ချီ ၊ သောင်းချီ ရှိပါတယ် ။ ပြီးတော့ ပုဂံထက်စာရင် မြောက်ဦးက ပိုရှေးကျပါတယ် ။ ကိုယ့် ခံစားချက်အရ ပုဂံက touristy ဖြစ်ပြီး မြောက်ဦးကတော့ abandoned place လိုမျိုး ၊  ပိုပြီး လွမ်းလို့ကောင်းတဲ့ နေရာမျိုးပါ ။

Day (2) သူရိယစက္ကမင်း ပူဇော်ခဲ့တဲ့ စန္ဒမုနိဆုတောင်းပြည့်မဟာကျန်ဘုရားကြီး 

ရာဇဂြိုလ်ပြည်မှာ အဇာတသတ် မြှုပ်ထားခဲ့တဲ့ ဗုဒရဲ့ဓာတ်တော် ၂၄၈ ခု ကို သိရိဓမ္မာသောက မင်းက သူရိယစက္ကမင်းဆီပို့ပေးလို့ ၊ ဘီစီ ၃၀၈ မှာ မင်းကြီးက ဘုရားကိုယ်တိုင် သွန်းလုပ်ခဲ့တဲ့ စန္ဒမုနိပုံစံ အတိုင်းထုပြီး မြတ်စွာဘုရားက ဗျာဒိတ်တော်ပေးခဲ့တဲ့နေရာမှာပဲ တည်ခဲ့ပါတယ် တဲ့ ။ မြောက်ဦး ခေတ် မင်းတွေလက်ထက်မှာတော့ ဘားဘူတောင်ပေါ်မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်တဲ့ ။ 

နယ်ချဲ့တွေရောက်လာတုန်းကလည်း ကြေးဘုရားတွေမှန်သမျှကို သိမ်းပိုက်လို့ ဘားဘူတောင်အောက် ရေကန်မှာ ၀ှက်ထားရပြန်သတဲ့ ။ ပြီးတော့တခါလည်း ဗနုလကျောင်းတိုက်ရှိတဲ့ သိမ်ထဲမှာ အုတ်အင်္ဂတေ တွေ အထပ်ထပ် နဲ့ လျို့ဝှက်ပြီး စံရပြန်ရောတဲ့ ။ ၁၃၅၀ ခုနှစ်ရောက်ခါမှ ဘုန်းကြီးကြောင်းကို ပြုပြင်ဖို့ အင်္ဂတေကို ခွာချလိုက်ကာမှ အရမ်းသပာယ်တဲ့ စန္ဒမုနိဘုရားကြီးကို တွေ့ရှိရတာပါတဲ့ ။

Day (2) လက်ဝဲအောက် အံတော် 

စန္ဒမုနိဘုရားဝင်းအတွင်းမှာပဲ မြတ်စွာဘုရားရဲ့ လက်ဝဲအောက် အံတော် ကို ကိုးကွယ်ထားပါတယ် ။
သံတွဲ ရွှေအံတော်ဘုရားနားက အံတော်တောင် စေတီမှာ တည်ထားကိုးကွယ်ရာကာနေ မြောက်ဦးကိုရောက်လာတယ်လို့ သိရပါတယ် ။ အေဒီ ၁၅၆၆ လောက်တုန်းရောက်တော့ အံတော်သိမ်ပုထိုးတော်ကြီးရဲ့ အတွင်းမှာ ဌာပနာထားပြီး ကိုးကွယ်ခဲ့ပေမဲ့ မသမာသူတွေ ခိုးယူခဲ့ဖူးတာကြောင့် အခု စန္ဒမုနိဘုရားဝင်းအတွင်းကို ရောက်ရှိနေတာပါတဲ့ ။ အံတော်ရဲ့ သမိုင်းက စိတ်ဝင်စားစရာပါ ။ သေချာသိချင်ရင် စန္ဒမုနိဘုရားရောက်တဲ့အခါ စာအုပ်ဝယ်လို့ရပါတယ် ။  မြတ်စွာဘုရားရဲ့ အံတော်ကို ကိုရောက်တဲ့သူတိုင်း ဖူးမျှော်ခွင့်မရကြပါဘူး ။ လုံလုံခြုံခြုံသိမ်းထားတာကြောင့် ဆရာတော် ဘုရားကြီး နဲ့ သော့ကိုင်ခွင့် ရတဲ့ ဘုရားဂေါပကတွေ ရှိချိန် မှ သော့ဖွင့်ပေးတာပါ။  ကျွန်တော်တို့ပဲ အရမ်းကံကောင်းတယ်ပြောရမလား ၊ ကျွန်တော့ ဘကြီးက သော့ကိုင်ခွင့်ရတဲ့ ဘုရားလူကြီး အဖွဲ့ဝင်တွေထဲက တစ်ယောက်မို့ တခြားဘုရားဖူးတွေအပါအ၀င် ကျွန်တော်တို့  ဖူးမျှော်ခွင့်ရခဲ့ပါတယ် ။

Day (2) ရွှေတစ်ရွေးသား နဲ့ ပြုလုပ်ထားတဲ့ ဘုရားငယ်များ


အံတော်ကို ဖူးနတဲ့ နေရာမှာပဲရှိတာပါ ။ ဝေသာလီဘုရားလမ်းကို တူးဖော်တုန်းက တွေ့ခဲ့တာပါတဲ့။ ရွှေတစ်ရွေးသား နဲ့ ပြုလုပ်ထားတာလို့ သိရပြီး မှန်ဘီလူးနဲ့ ကြည့်ပြီး ဖူးခဲ့ရတာပါ ။

Day (2) လက်ဆယ်ကန် 


မြောက်ဦးတစ်မြို့လုံးကို သောက်ရေ ၊ သုံးရေ အဓိက ဖြန့်ဝေ ပးနေတဲ့ ရေကန်ကြီးပါ ။ လက်နဲ့ ဆယ်လို့လက်ဆယ်ကန်လို့
ခေါ်ဟန်တူပါတယ်။
 နွေရာသီမှာတောင်
 ရေခန်းသွားတာမျိုး မရှိဘူး လို့ ပြောကြပါတယ် ။



Day (2) ရန်အောင်ဇေယျသျှစ်သောင်း ပုထိုးတော်ကြီး 

 ရန်အောင်ဇေယျသျှစ်သောင်း ပုထိုးတော်ကြီး ကို မင်းဗာ (ခ) သိရိသူရိယစန္ဒ မင်းက အေဒီ ၁၅၃၄ မှာ ပေါ်တူဂီရေတပ်ကို အောင်မြင်တဲ့ အထိမ်းအမှတ်အနေနဲ့ တည်ထားခဲ့တယ်လို့ မှတ်သားရပါတယ် ။ ရန်အောင်ဇေယျသျှစ်သောင်း ပုထိုးလို့ ခေါ်ရခြင်းအကြောင်းတရားကတော့ ဓာတ်တော် ၈၀၀၀၀ ၊ ဆင်းတုတော်ငယ် ၈၀၀၀၀ ဌာပနာခဲ့လို့ပါတဲ့ ။ ဘု၇ားမှာတုန်းကတော့ ဘုရားပေါင်း ၈၄၀၀၀ လို့ ကြားလိုက်ပါတယ် ။ ဘယ်ဟာအမှန်လဲ ကျွန်တော်လည်း သေချာမသိပါ ။ သမိုင်းစာအုပ်သာ ၀ယ်ဖတ်ကြပါ အမျိုးတို့ ။ 



ဂူအထဲမှာ ဘုရားတွေအများကြီးထည့်ပြီး တည်ထားတာ အံသြလို့မဆုံးနိုင်အောင်ပါပဲ ။ ဂူအကြီးကြီးမှာ ဘုရားဆင်းတုတွေအများကြီး နဲ့ နံရံတွေမှာ ထုဆစ်ထားတဲ့ အနုပညာလက်ရာတွေက ဒီဘက်ခေတ်မှာ ပြန်မရနိုင်မဲ့ အတိတ်တွေကို သတိရစေပါတယ် ။ ပြီးတော့ မင်းဗာကြီးက အတော်ဦးနှောက်ပြေးတဲ့ ဘုရင်ဖြစ်ရမယ်ဗျ ။ ရန်အောင်ဇေယျသျှစ်သောင်း ပုထိုးတော်ကြီးကို အပြင်ဘက် ပတ်လမ်းကနေ နေ၀င်ခါနီးအချိန်ကို လှမ်းကြည့်ရတာလည်း အတော်မိုက်တာ ။ ၂၁ ရာစုရောက်ရင် မြို့ပြက လူတွေက နေ၀င်တာကို တကူးတက လာကြည့်ရမယ် ဆိုတာ အာရုံရခဲ့ပုံပဲ ။ 
Day (2) Sunset Over Mrauk U 

အမှန်တော့ Sunset ကြည့်ဖို့ကို ဟာရီတောင် သွားမလို့ မမှီတော့တာနဲ့ ရတနာပုံဘုရားနားက တောင်ပေါ်တတ်သွားတာပါ ။ Foreigner 3 ယောက်လောက် နဲ့ တခြားမိသားစု နှစ်စုလောက်ပါ တတ်လာကြတယ် ။ ကိုယ်နေခဲ့တဲ့လေးရက်လုံးလုံး မြောက်ဦးမှာ ပထမဆုံးနဲ့ နောက်ဆုံးမြင်ရတဲ့ နေလုံးကြီးပါ ။ နောက်နေ့တွေကျ မိုးရွာ ၊ မိုးအုံ့ လို့မမြင်ခဲ့ရ ။

Day (3) အဖရှစ်သောင်း ၊ သား ကိုးသောင်း သို့မဟုတ် ကိုးသောင်းပုထိုးတော်ကြီး 


မနက် ရွှေတောင်မှာ sunrise ထကြည့်ဖို့ရည်ရွယ်ပေမဲ့ မိုးတွေရွာလေတော့ sunrise လည်းမကြည့်ရ ။

မနက် ၇း၃၀ လောက် မိုးဆဲမှပဲ ကိုးသောင်း ပုထိုးကြီးဘက် သွားဖြစ်တယ် ။ ကိုးသောင်းဘုရားလမ်းက နဲနဲလည်း ဝေးတယ် ။ လမ်းလည်း အတော်ကြမ်းတော့ တော်ရုံလည်း လာဖူးကြဟန်မတူဘူး ။ လူလည်းပါးတယ် ။ 



ကိုးသောင်းပုထိုးတော်ကြီးကို မင်းဗာဘုရင်ရဲ့သား မင်းတိက္ခာ က အေဒီ ၁၅၅၃ မှာ တည်ခဲ့တာပါ ။ အဲ့ဒီမင်းကြီးက ဘုရားမတည်ရင် ခြောက်လအတွင်း နတ်ရွာစံမယ်လို့ ပုဏ္ဏားတွေကဟောလို့ တည်ခဲ့တာ ၊ နန်းသက် ၃ နှစ်ရှည်ခဲ့တယ်ဆိုပြီး ပါးစပ်ရာဇ၀င်ရှိခဲ့ပါတယ် ။ ဖခင် မင်ဗာကြီးက သျှစ်သောင်းပုထိုးကို တည်ခဲ့ပြီး ၊ သားတော်က ကိုးသောင်းပုထိုးကို တည်ခဲ့တာကြောင့်ရခိုင်လူမျိုးတို့က `အဖရှစ်သောင်း ၊ သား ကိုးသောင်း´  လို့ ပြောလေ့ရှိပါတယ် ။  


မြောက်ဦး မှာ ကိုယ့် အကြိုက်ဆုံး ဘုရားက ကိုးသောင်း ပုထိုးတော်ကြီးပဲ ။ တည်ထားတဲ့ဟန်က ခံညားတယ် လို့ ခံစားရတယ် ။ လှိုင်ဂူ ပတ်ပတ်လည်မှာ ဘုရား ဆင်းတုအဆူပေါင်း ကိုးသောင်းကို ဌာပနာထားပါတယ် ။ တချို့နေရာတွေမှာ ဆင်းတုတော် မရှိတော့တာမျိုးတွေ ၊ ဦးခေါင်းတော် မရှိတာမျိုး ၊ ပျက်စီနေးတဲ့ ဆင်းတုတော်တွေအများကြီးပါပဲ ။ တချို့ကိုလည်း ခုခေတ် အင်္ဂတေနဲ့ လက်ရာမသေမသပ် ပြင်ဆင်ထားတာတွေ့ရတယ် ။ အဲ့ဒါတွေကြောင့်လည်း UNSICO က Heritage ဒေသ အဖြစ် သတ်မှတ်ခြင်း မခံခဲ့ရပါဘူး ။ 

တကယ်ဆို မြောက်ဦးက Tourist Attraction ထဲမှာ ပါပေမဲ့လည်း အရင်တုန်းက သွားရေလာရေးက ခက်တော့ တော်ရုံဧည့်သည်က မရောက်ဘူး ၊ ပြုပြင်ထိန်းသိမ်းဖို့ကိုလည်း
 မေ့လျော့နေကြသလားမသိ ။  ရခိုင်က ရှေးဟောင်းဘုရားတွေကို လူတွေတော်တော်များများက
 မေ့ထားကြတယ်လို့
 တွေးမိတော့လည်း 
ဝမ်းနည်းရပြန်တာပါပဲ ။  မုန်တိုင်းဒဏ်ခံလိုက် ၊ ငလျင်ဒဏ်ခံလိုက် နဲ့ 
ဘယ်ချိန်ထိ ဒီဘုရားတွေ ၇ှိနေနိုင်မယ် ထင်နေကြတာလဲ မသိတော့ပါဘူး ။
ရခိုင်သွေးပါလို့ နှမြောတာမဟုတ်ပဲ မြန်မာလူမျိုး မို့လို့ ပို နှမြောမိတာပါ ။

Day (3) သကျမရ်အောင်စေတီတော်


အေဒီ ၉၉၁ ခု သိရိသုဓမ္မရာဇာမင်း နဲ့ မိဖုရား နတ်သျှင်မေတို့က တည်ထားကိုးကွယ်ခဲ့ပါတယ် ။ စေတီတော်အ၀င်လမ်းမှာ အဘိုးရှင် ဘီလူး ညီနောင်ရုပ်တုရှိပါတယ် ။ မြောက်ဦးမြို့ကို ကာကွယ်စောင့်ရှောက်ပေးတယ်လို့ ယုံကြည်မှုရှိပါတယ် ။ 

Day (3) ရတနာမရ်အောင်စေတီတော် ၊ လောကမရ်အောင်စေတီတော် ၊ မင်္ဂလမာရ်အောင်စေတီတော်

 စန္ဒသုဓမ္မရာဇာ နဲ့ မိဘုရား ရတနာပီယဒေ၀ီတို့က အပေါ်ကစေတီတော် ၃ ခုလုံးကို အေဒီ ၁၆၅၈ မှာ အေဒီ ၁၆၅၈ မှာ ရခိုင်လူမျိုးတို့ ရတနာ ၃ ပါးကို အစဉ်အမြဲ ဆည်းကပ် ပူဇော်နိုင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ အတူ လောကသုံးပါးကို အောင်မြင်တော်မူတဲ့ မြတ်စွာဘုရားကို ရည်မှန်းပြီးတော့ ၊ ၃၈ဖြာ မင်္ဂလာတရားကို မျိုးရိုးစဉ်ဆက် သက်ဝင်ယုံကြည်တယ် လို့ အဓိဌာန်ပြုပြီး တည်ထားကိုးကွယ်ခဲ့တယ်လို့ သိရပါတယ် ။ ရတနာ့မရ်အောင်စေတီကတော့
 မြောက်ဦးဆရာတော်ရဲ့ ဘုန်းကြီးကျောင်းဝန်းနဲ့တွဲရကရှိနေပါတယ် ။ ကျောင်းဆောင်ထဲမှာ ရွှေအတိနဲ့လုပ်ထားတဲ့ ဘုရားဆင်းတုတော်အသေးလေးတစ်ဆူရှိပါသေးတယ် ။

 Day (3) ဇိနမာရ်အောင်စေတီတော် 
ဇိနမာရ်အောင်စေတီတော် က ပန်းထိမ်တောင်ပေါ်မှာ တည်ရှိပြီးတော့ စန္ဒသူရိယဘုရင်းမင်းမြတ်က မရ်အပေါင်းကို အောင်မြင်တော်မူတဲ့မြတ်စွာဘုရားကို ရည်စူးပြီးတည်ထားတဲ့ဘုရားလို့မှတ်သားရပါတယ် ။ 

Day (3) လေးမျက်နှာဘုရား
အေဒီ ၁၄၃၀ မှာ မင်းစောမွန် တည်ခဲ့တဲ့ မြို့တည် ဘုရား ငါးဆူတွေထဲက ဘုရားတစ်ဆူပါ ။ ပုထိုးတော်ကြီးရဲ့ လှိုင်ဂူထဲမှာ ဆင်းတုတော် ၂၈ ဆူရှိပြီး သမုဒ္ဓေဂါထာအတိုင်းတည်ထားတာလို့ပြောပါတယ် ။ ကျွန်တော်တို့ကတော့  အတွင်းထဲထိ မ၀င်ဖြစ်ခဲ့ပါဘူး ။ 
Day (3) အံတော်သိမ်ပုထိုးတော်ကြီး  
အေဒီ ၁၅၂၁ မှာ မင်းစောမွန်တည်ခဲ့တဲ့ ဘုရားပါ ၊ သျှစ်သောင်းဘုရား နားမှာရှိပါတယ် ။ လှိုင်ဂူနှစ်ထပ်ရှိပြီး မြောက်ဦးခေတ်ကျောက်ဆစ်လက်ရာများကို လေ့လာနိုင်တယ်လို့ ပြောပါတယ် ။ မ၀င်ဖြစ်ခဲ့လို့ပါ ။ 
Day (3) ထုက္ကန့်သိမ်ပုထိုးတော်
အေဒီ ၁၅၇၁ မှာ တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရင် မင်းဖလောင်း နဲ့ မိဘုရားကြီး ရှင်လတ် တို့တည်ထားခဲ့ ။ ကျွန်တော့ စိတ်ထဲမယ်တော့ မြောက်ဦးခေတ်ကျောက်ဆစ်လက်ရာ တွေ အမိုက်စားဆိုတာကို ဒီပုထိုးတော်ကြီးမှာ ပိုလေ့လာလို့ရတယ် ထင်တာပဲ ။ 
တကယ်တော့ ရှစ်သောင်းဘုရား ၊ ရတနာပုံဘုရား ၊ လေးမျက်နှာဘုရား ၊ ထုက္ကန့်သိမ်ပုထိုးတော် ၊ အံတော်သိမ် ပုထိုးတော် က ကပ်ရပ်ပါ ၊ တဆက်တည်း ဖူးရင်ရပါတယ် ။ ကျွန်တော်တို့ နောက်ကျတာနဲ့ မြောက်ဦးက ဘုရားတွေ က ည ၆နာရီဆို ပိတ်တာမို့ မဖူးလိုက်ရလို့ နောက်နေ့မှ ဖူးရတာပါ ။

Day (3) ဘုရားပေါ်ဘုရား 

ဝေသာလီခေတ် သုပဘာဒေ၀ီ မိဘုရားကြီးဘ၀မှာ ရေအောက်ကို ပြုတ်ကျသွားပြီး ဖူးမျှော်ခွင့် မရလိုက်တာကြောင့် နောင်ဘ၀မှာ မင်းသမီးအဖြစ်နဲ့ ဖူးမျှော်ရပါစေ ဆုတောင်းခဲ့တာကနေ တကယ် လူပြန်ဖြစ်ပြီး မင်းသမီးမွေးတဲ့နေ့မှာပဲ ၊ သူ့လက်နဲ့ ပင့်ဆောင် ဖူးမျှော်ခွင့်ရလိုက်တယ် ပြောကြပါတယ် ။ ဘုရားပေါ်ဘုရားက ရေထဲမှာနှစ်ပေါင်း ၁၀၀၀ ကျော် စံနေခဲ့ရပါသတဲ့။

Day (3) Mrauk U Archeological Museum 

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်က ဟိုးရှေးရှေးတုန်းက နန်းတော်တည်ခဲ့တဲ့ နန်းရာကုန်းဆိုတဲ့ နေရာမှာ ရှိတာပါ ။ နန်းတော်ကြီးကို ကာထားတဲ့ တံတိုင်းကြီးကိုတော့
 တွေ့နိုင်ပါသေးတယ် ။  ပြတိုက်ထဲမယ်တော့ ဓည၀တီ ၊ ဝေသာလီ ၊ လေးမြို့ ၊ မြောက်ဦး ဆိုပြီး လေးဝတီလို့ခေါ်တဲ့
 ခေတ်ကြီးလေးခေတ် မှာ ထွန်းကားခဲ့တဲ့ ယဉ်ကျေးမှု အနုပညာတွေ  ၊ ရှေးခေတ်မြောက်ဦးမြို့ရဲ့ ပန်းချီ ပုံတွေပြသထားပါတယ် ။

Day (3) Sunset Over Discovery Sunset Hill

မိုးအုံနေပေမဲ့လည်း နေ၀င်သွားတာများ မြင်ရမလားဆိုတဲ့ရည်ရွယ်ချက်နဲ့ တတ်သွားဖြစ်ခဲ့ကြ ။ နေလုံးကြီးဝင်သွားတာ မတွေ့ခဲ့ရပေမဲ့လည်း တိတ်ဆိတ် ၊ အေးချမ်းတဲ့ သဘာဝကိုခံစားခဲ့ရလို့ ကျေနပ်တယ် ။

Day (4) Chin Women with Facial Tattoos  

မနက် ၈ နာရီလောက်မှာ
 မြောက်ဦးကထွက် ၊ ချင်းရွာက ကလေးတွေ အတွက် မုန့်ဝယ် ၊ လူကြီးတွေ အတွက် ဆေးဝယ် ပြီးတော့ ပိုးဖြူကျွန်း ဆိပ်ကမ်းကနေ တဆင့် ချင်းရွာတွေဆီသွားလည်ခဲ့ကြ ။ တမေ့တမော လှေစီးအပြီး ပန်းပေါင်ရွာကို နေ့လည် ၁၁း၂၀ လောက်မှာ ရောက်ရှိ ။ 




ဒီ အမျိုးသမီး ကြီး နံမည်က အရီး မစိန်လို့ခေါ်တယ် ။ အမြဲတမ်းပြုံးနေတတ်တဲ့သူက ဒီရွာရဲ့ မင်းသမီးပေါ့ ။ သူ့အိမ်မှာ တချို့ Foreigner တွေဆို Home Stay နေကြတယ် ။ အရီးဆိုတာ ရခိုင်လို ခေါ်တာပါ ၊ အဒေါ် လို့ အဓိပာယ်ရတယ် ။




သူက အသက် ၇ နှစ်လောက်ထဲက ပရဲထိုးခဲ့ပြီး ၊ ၁၈ နှစ်မှာ နားတောင်း စ၀တ်တာ တဲ့ ။ ချင်းလို “ငဆာငှဲရော” ဆိုတာ ‘မင်္ဂလာပါ ၊ နေကောင်းလား’ လို့ ပြောတာပါတဲ့ ဗျာ ။










ချင်းဆိုပေမဲ့ ရခိုင်နဲ့ နီးလေတော့ ရခိုင်လိုပဲ ပြောကြ ၊ ဆိုကြတယ် ။ ပရဲထိုးထားတဲ့ ချင်းအမျိုးသမီးကြီးတွေ သိပ်တော့မရှိတော့ဘူး ။ ၄ ၊ ၅ ယောက်လောက်ပဲ ကျန်တော့တယ် ။ ၁ ထည် ကို ၁၀၀၀၀ ပေးဝယ်ရတာ နည်းနည်းတော့ များပေမဲ့လည်း ၊ သူတို့ကိုယ်တိုင် လက်နဲ့ ထိုးထားတဲ့ ဂျက်ခုတ်အထည်တွေ (scarf) တွေ အမှတ်တရ အဖြစ်အားပေးကြ 







Day (4) Bamboo floats on the Lemyro River 




နောက်ထပ် လှေ တစ်နာရီလောက်စီးပြီး ကုန်းချောင်းရွာကိုရောက်ရှိ ။ ၀ါးတွေ ရောင်းဝယ်တဲ့ ဖောက်ကားတဲ့ အဓိကရွာလေးပါတဲ့ ။ခရီးကနည်းနည်းဝေးတော့
 တော်ရုံတန်ရုံ ဧည်သည့်တွေမရောက်ကြပါဘူး ။ 

   
 Prince Hotel က ယူလာတဲ့ နေ့လည်စာ ထမင်းဘူးစား ၊  ရွာက တောင်ကုန်းလေးပေါ်မှာ ဆိုတော့ရွာထဲဝင်ဖို့လုပ်တုန်းမှာပဲ မိုးအကြီးအကျယ်ရွာတော့ အသည်းအသန် ပြေးဆင်းရတယ် ။ မိုး နဲ့ လေပါ ပါ လာတာဆိုတော့ ကြောက်စရာကြီးရယ် ။
 လှေကပြန်ထွက်လို့မရဘူး ။ အဲ့တော့ ချစ်စရာ ကလေး လေးယောက်မွေးထားတဲ့ ချင်းအမျိုးသမီး ရဲ့ အိမ်မှာ ပဲ ခဏနားရတော့တာပါပဲ ။ 




မိုးနဲ့သာသာတော့ပြန်ထွက် ၊ လေးမြို့မြစ်ထဲက
 ရေနဲတိမ်တိမ်တဲ့နေရာမှာ
 ရေကစားတဲ့သူက ကစားကြ ၊ 
ဓာတ်ပုံရိုက်တဲ့သူကရိုက်ကြ နဲ့ ပျော်စရာကြီး ။ 






Day (4) ပေစိတောင်ဘုရား

ဒီတောင်ပေါ်နေ လှမ်းကြည့်လိုက်ရင် ကိုးသောင်းဘုရားကို မြင်နိုင်ပါတယ် ။ View က ရှယ်မိုက်တယ် ။ ပြောင်း နဲ့ ရိုက်ရင်တော့ ကိုးသောင်းဘုရားကို အကြီးကြီး မြင်ရမယ်ထင်တာပဲ နော် ။  ဒီပေစိတောင်ဘုရားရဲ့ နောက်ခံအကြောင်းအရာကို သိပီးရင် ခင်ဗျားတို့ အံ့သြသွားလောက်တယ် ။ မြောက်ဦးသွားလည်မှပဲ ဂိုက်ကိုသာမေးကြည့်ကြပါဗျာ။

Day (5) ဘားဘူတောင်စေတီ




စန္ဒမုနိဘုရားကြီး ကို ရရှိခဲ့တဲ့ တောင်ပါ ။ အခုချိန်မှာတော့ တောင်ပေါ်မှာကျန်ရစ်ခဲ့တဲ့ စေတီက
တော်တော်လေးပျက်ဆီး ယိုယွင်းနေပါပြီ ။ မြောက်ဦး Jetty နဲ့ နီးပြီး အဘိုး ၊ အဘွားတွေ လက်ထက်တုန်းက ဆန်ကုန်သည်တွေ ရောင်းဝယ်
 ဖောက်ကားကျတဲ့နေရာလို့ ပြောပါတယ် ။ 







 Day (5) အနူမကန်




လက်ဆယ်ကန် နဲ့ တစ်ဆက်တည်းဖြစ်ပြီးတော့ ဒီကန်မှာတော့ ရေကစားလို့ရပါတယ် ။ လမ်းကတော့ ဆိုးတယ် ။ ရခိုင်ကလူတွေ ကျူးကွင်းလို့ခေါ်တဲ့ ဘောကွင်း တွေလည်း ငှားပြီး ပျော်ပျော်ပါးပါး ရေဆော့လို့ရပါတယ် ။ ကိုယ်တွေကတော့ ဆော့နေတုန်း မိုးလာလို့ ပြန်ပြေးလာရတယ် ။ 



 Day (6) မြောက်ဦး - စစ်တွေ

မနက် (၇) နာရီ သဘောင်္နဲ့ စစ်တွေကိုပြန် ။ သဘောင်္စီးချိန်က ၄ နာရီလောက်ကြာပါတယ် ။ သဘောင်္အပေါ်ထပ်က စီးပြီး ပြန်လာလိုက်တော့
 လေတအားတိုက်ပြီး 
ချမ်းစိမ့်နေတာ ။ 
View တွေကတော့ wow wow wow ပဲ ။ အခါအခွင့်သင့်ရင် 
တခါလောက်တော့ စီးကြည့်စေချင်တယ် ။ 




ကျွန်တော့တို့ 
သဘောင်္နဲ့ ပြန်တဲ့အခါ 
သဘောင်္ပေါ်ကနေတဆင့် 
ပုဏားကျွန်းက 
ဦးရာဇ်တော်ဓာတ် ဆုတောင်းပြည့်စေတီကို 
လှမ်းဖူးနိုင်တယ် ။ တကယ်ဆို ကားနဲ့သွားရင် ၀င်ဖူးလို့ရပါတယ် ။
ပြီးတော့ ကိုယ်က သာမာန်ဘုရားလောက်ပဲ ထင်မိတာ ။ ကိုယ် review တွေ ဖတ်တုန်းက မပါခဲ့ပဲကိုး ၊ ပြန်ရောက်မှ သမိုင်းပြန်ရှာဖတ်မှ သမိုင်းကြောင်းကြီးတဲ့ ဘုရားဆိုတာ သိတယ် ။ 


Day (6) လောကနန္ဒာဘုရားကြီး 




စစ်တွေကို နေ့လည် ၁၂ လောက်ရောက် နေ့လည်စာစား ၊ လောကနန္ဒာဘုရားကြီးဖူး ။












 လောကနန္ဒာဘုရားနောက်ဘက်မှာ စကြာမုနိဘုရားတန်ဆောင်းလည်းရှိပါသေးတယ် ။ ပြီးတော့ လက်ဆောင်ပစ္စည်းသွားဝယ် ရင်း စစ်တွေရဲ့ နံမည်ကြီး  ‘ကဘားကြော်’ စားဖို့လိုက်ရှာ ။ Sunday မို့ ဆိုင်တော်တော်များများ ပိတ်ထားတော့ မစားရ ကြေကွဲ ၊ ရန်ကုန်ပြန်လာ ။ 




You have a taste a culture to understand it .

အမှန်တော့ ရခိုင်မသွားခင် ရှေ့ရက်မှာ သံတွဲ နဲ့ စစ်တွေကြားကို မုန်တိုင်းဝင်လို့ သွားကောင်းနိုး ၊ မကောင်းနိုး နဲ့ ဒိဟများစွာဖြစ်လို့ သွားလိုက်တော့လည်းရောက်သွားတာပါပဲ ။ ဒီမြို့လေး နဲ့ သူ့ရိုးရာ  ၊ အနုပညာတွေ အကြောင်း သူများတွေ ပြောပြတဲ့အခါ ပါးစပ်အဟောင်းသားနဲ့ နားထောင်စရာမလိုတော့ဘူးပေါ့ ။ ကျွန်တော်ပြောနေကျ အတိုင်းပါပဲ သွားမယ်လို့ရည်ရွယ်ထားရင် ရောက်အောင် သွားပါ ။ ဒီလောက်ပါပဲ ။

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.


3 comments:

  1. အရမ်းကောင်းတဲ့photo diary လေးပါ။ မြောက်ဦးကိုဘာကြောင့်မသိ အရမ်းသံယောဇဉ်ရှိပါတယ်။ အခွင့်ကြုံလို့ပြန်လာရင်အရောက်သွားမှာပါ။ ပုဂံနဲ့ယှဉ်ရင်မြောက်ဦးကိုအလေးထားပြုပြင်ထိန်းမှုအလွန်အားနည်းတဲ့အတွက်လဲစိတ်မကောင်းပါ။

    ReplyDelete
    Replies
    1. ကျွန်တော့် အမြင် က မြောက်ဦး က ပုဂံ ထက်စာရင် သွားရေးလာရေး ခက်ခဲတယ်လို့ ပြောလို့ရတဲ့ အတွက် ဧည့်သည်အ၀င်နည်းပါတယ် ။ ဒါကြောင့်လည်း ပြုပြင်ထိန်းသိမ်းမှု လျော့နည်းတယ် ထင်ပါတယ် ။ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေ မှာ ကားလမ်းတွေလည်း အရင်က ထက်စာရင် လမ်းတွေလည်းကောင်းသွားပြီး အဝေးပြေး ကားဆိုလည်း ကားကောင်းကားသန့်တွေလည်း သွားနေပါပြီ ။ လေယာဉ်နဲ့ဆိုလည်း fare က အတော်သက်သာပါတယ် ။ မ ပြန်ရောက်လို့ မြောက်ဦး သွားလည်ဖြစ်တဲ့အခါကျရင် ကျွန်တော့ post လေးက အကူအညီ ဖြစ်ဖို့ မျှော်လင့်ပါတယ်ဗျ ။ ကျေးဇူးပါ ။

      Delete
  2. 😊😊😊 မရောက်ဖြစ်သေးပေမဲ့ ညီမလေးပိုစ့်ကြောင့် ပိုရင်းနှီးတယ်တယ်လို့ခံစားရတဲ့အတွက်လဲကျေးဇူးပါနော်။ please keep the blog going.

    ReplyDelete