Tuesday, February 7, 2017

ဒီဇင်ဘာ - မေဇော်

စွဲစွဲလန်းလန်းချစ်တတ်တာရယ်
မျှော်လင့်ခြင်းမဲ့မျက်ဝန်းတွေရယ်နဲ့
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ဟာ
ဘယ်လောက်များ
သဟဇာတဖြစ်လိုက်ကြသလဲကွယ်။
ဒီဇင်ဘာတွေကို
ပြက္ခဒိန်ပေါ်မှာအပြည့်ဖြည့်လိုက်တယ်
လောကထဲနင့်နင့်နဲနဲယုံကြည်ဖို့လိုအပ်လာတဲ့အခါ
ဓာတ်ပုံပေါင်းများစွာထဲက
မင်းမျက်ဝန်းတွေကို ငေးကြည့်ရတယ်။
သိပ်ပြီးခြောက်ခြားလာတဲ့အခါ
မင်းရင်ငွေ့နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်နွေးရတယ်။
စိတ်ရောကိုယ်ပါဖျားနာနေတဲ့ဒီဇင်ဘာဟာ
ခြစ်ခြစ်တောက်ပူလို့။
စိတ်အသေတွေဟာ
နေဝင်တာရယ်နေထွက်တာရယ်
ပြက္ခဒိန်စာရွက်တွေတစ်ရွက်ပြီးတစ်ရွက်ရယ်။
ဘဝထဲ
မင်းမရှိရင်ဘာမှမရှိကြတော့ဘူး။
မျက်ရည်စက်တွေကိုကြိုးမျှင်လိုဆက်လိုက်လို့
မင်းဆီရောက်နိုင်မယ်ဆို
ဘာကိုမှ ကိုယ်မကြောက်ပါဘူး။
ပင်လယ်ကအကျယ်ကြီးဆိုလည်း
မင်းလက်ကလေးကိုင်ထားရမယ်ဆို
လွင့်နေအောင်ပျော်နေဦးမှာ။
လျှောက်ခဲ့ရတဲ့လမ်းတွေဟာမဖြောင့်ဘူး
အမှောင်ကြိုက်တဲ့သူမှာ
အမှားအယွင်းတွေ
အကျအပေါက်တွေလည်းစေးစေးပိုင်ပိုင်။
မေတ္တာကလွဲလို့ ဘာမှသယ်မလာနိုင်ခဲ့တာ
အားနာတယ်
စိုစွတ်ခဲ့တဲ့လေပြေတွေကိုလည်းအားနာတယ်။
အိမ်ပြန်ချိန်တွေ မှုန်မှိုင်းလာတဲ့အခါ
မင်းလက်ကလေးတွဲထားချင်ခဲ့တာကလွဲလို့
ဘာကိုမှ ကိုယ်မလိုချင်ခဲ့ပါဘူး။
ဒီဇင်ဘာမှာ
သေပန်းကလွဲလို့ဘာပန်းမှထပ်မပွင့်ကြတော့ဘူး
ဘယ်တော့မှမခွဲဘူးနော်
ဆိုတဲ့အသံလေးက အကျယ်ကြီးငိုတယ်။ ။


မဇော်
21.12.2016


 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved.
မင်းဆီရောက်တဲ့အခါ
ချစ်ပါတယ်ပြောပြီး ပြောင်းလဲသွားကြတဲ့သူတွေကိုလည်း
ရယ်စရာကောင်းအောင် မြင်ခဲ့ရဖူးပြီ။
ချစ်ပါတယ် ထင်ပြီးနောက်မှ
ကိုယ်တိုင်လည်း ရယ်စရာကောင်းအောင်
ပြောင်းလဲခဲ့ဖူးပြီ။
ချစ်ခြင်းဟာ မေတ္တာနဲ့မဆက်သမျှ
အလို မပြည့်တဲ့အခါ
အလို မဖြည့်တဲ့အခါ
စော်ကားစရာ စကားလုံးသက်သက်ဖြစ်နေခဲ့ရ
ဝမ်းနည်းမယ်ဆို ဝမ်းနည်းစရာ
ဘာကြောင့်မှမပြောင်းလဲသွားဘူးဆိုတာနဲ့
ဘာမှထပ်မလိုအပ်ဘူးဆိုတဲ့မေတ္တာတရားအတွက်
ချောက်ကမ်းပါးတွေအများကြီး
ဖြတ်ပြီးမှ မင်းဆီရောက်ခဲ့ရ။
သေချာပါတယ်ကလေးရယ်
မေတ္တာဟာသူ့ချည်းသက်သက်တည်တယ်
ဘာဆိုဘာမှ အပိုထပ်ထည့်လို့မရ။
အေးမြလန်းဆန်းသောအရပ်မှာ
ပန်းကလေးတစ်ပွင့်
ပွင့်လာကြသလို
လေပြေလေးတိုက်ခတ်နေသလို
ဘာဆိုဘာမှ ထပ်မလိုအပ်ကြတဲ့ပြီးပြည့်စုံမှု
ပျော်ရွှင်နေပါစေလို့
စိတ်ကိုညွှတ်လိုက်ရုံနဲ့ငြိမ်အေးခဲ့ရ
အဲဒီလောက်ရိုးရှင်းခဲ့ကြပါတယ်။ ။


မဇော်
2.2.2017

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.
 

ကိုယ်တို့ဝေးသွားကြတဲ့အခါ. - မေဇော်

ကိုယ်တို့ဝေးသွားကြတဲ့အခါ....
ချစ်တဲ့စိတ်နဲ့ပဲ
အရာရာကို ပြန်စွန့်လွှတ်ခဲ့ရတယ်။
အစနဲ့အဆုံးက
သံသရာအလယ်မှာ တိတိပပ။
ဘယ်တတ်နိုင်ပါ့မလဲကလေးရယ်
ကိုယ်ဘာမှမတတ်နိုင်ခဲ့တဲ့အရာတွေရှိမယ်
ကိုယ်ဘာမှမတတ်နိုင်ခဲ့တဲ့အလွမ်းတွေလည်း
ရှိနေကြလိမ့်ဦးမယ်။
မနက်နေရောင်နွေးနွေးတွေ
အိပ်မက်ထဲကအလင်းတွေ
ရယ်သံခပ်နွေးနွေးတွေ
နောက်ဆုံးထွက်သက်အထိ
မင်းရင်ငွေ့လိုနွေးနေကြဦးမှာ။

ကိုယ်မရှိတော့တဲ့အခါဆို
မင်းလက်ကလေးလစ်ဟာနေတော့မယ်။
ပြတင်းတံခါးတွေနား
ယောင်ယမ်းပြီးငေးကြည့်မနေနဲ့တော့။
သစ်ရွက်တွေလှုပ်ယမ်းနေတဲ့အခါဆို
မတော်တဆပဲဖြစ်ဖြစ်
မင်းကိုဝမ်းနည်း မနေစေချင်ဘူး။
မြတ်နိုးမှုတွေ
ကိန်းဝပ်နေတဲ့ကိုယ့်နှလုံးအိမ်
အမှောင်တွေထဲ ထပ်မကြည့်နဲ့တော့ကလေးရယ်
သခင်ပျောက်သွားတဲ့ခွေးကလေးတွေအကြောင်းလည်း
မတွေးနဲ့တော့။
နီးနီးဝေးဝေး
အခုဆို အကုန်ဝေးသွားခဲ့ကြရပြီ။
မင်းလက်ကလေးကိုတွဲလို့
သံသရာကို စိတ်နဲ့တစ်ပါတ်ပတ်ခဲ့တယ်။
စိတ်နဲ့အမြဲနီးခဲ့
စိတ်နဲ့ပဲအမြဲဝေးခဲ့
ဘယ်လောက်သွားသွားမရောက်ခဲ့တဲ့ခရီးမိုင်တွေ။
နိုဝင်ဘာတွေဆီကို
ဘယ်တော့မှပြန်မသွားနဲ့တော့ကလေးရယ်
လရောင်လင်းနေတဲ့ညတွေ
လေပြေတိုက်နေတဲ့ညတွေ
ကန်ရေပြင်ထဲကအရိပ်တွေ
တိုးဖွဖွပင့်သက်ရှိုက်လိုက်တဲ့အသံ
အမှတ်တရတွေအကုန် ကိုယ်အပိုင်ယူသွားလိုက်မယ်
ဒီကမ္ဘာမြေရဲ့ပူပြင်းတဲ့နေ့ရက်တွေလည်း
ကိုယ်ပဲသိမ်းထားလိုက်ပါ့မယ်
ငြိမ်းအေးမှုကလွဲလို့
ဘာကိုမှမင်းအတွက် ချန်မထားခဲ့ချင်ဘူး။
မြက်ခင်းစိမ်းစိမ်းတွေပေါ်ဖြတ်သန်းပါ
လေကောင်းလေသန့် ပိုရှုပါ
ဘာတွေလုပ်နေနေ
ခွင့်လွှတ်နားလည်ပေးနေတဲ့မျက်လုံးတစ်စုံက
အမှောင်ထဲကနေ အမြဲငေးကြည့်နေကြဦးမှာ။ ။

 မေဇော်
17.12.2016

 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

မေဇော် - ကြယ်ငေးသူ အက်ဆေးများ




မေဇော်ရဲ့ ကြယ်ငေးသူ အက်ဆေးများ ဆိုတဲ့ စာအုပ်လေးအကြောင်းနည်းနည်းပြောပြချင်တယ် ။

ဒီစာအုပ်ကို ရွေးချယ်ဖြစ်ပုံက ၊ အခုတလော ကဗျာတွေ ၊ အက်ဆေးတွေဘက်ကို ပိုစီးမျောဖြစ်နေတာကြောင့် လည်းပါတယ် ။ တချိန်လုံး feel ဖြစ်နေတာ :D 

ဒီစာအုပ်အကြောင်းပြောပြရင် စာအုပ်အဖုံးက စပြောချင်တယ် ။ သူက ဘာရည်ရွယ်ချက်နဲ့ ဒီ ပန်းချီ နဲ့ Cover ကို ရွေးတာလည်း ကိုယ်မသိပေမဲ့ ကိုယ့်တယောက်တည်း ခံစားမှုအရ မွန်းကြပ်လွန်းတယ် ။ စိတ်ထွက်ပေါက်ရှာမရတဲ့ လူတစ်ယောက်ကိုမြင်တယ် ။ သိပ်တော့ ကြိုက်လှတယ်လည်း မဟုတ် ၊ မကြိုက်ဘူးလည်း မဟုတ်ဘူးပေါ့ ။ 

အက်ဆေးတွေက စုစုပေါင်း (၁၅) ပုဒ်အဖြစ် ခေါင်းစဉ်လေးတွေခွဲထားတယ် ။ စာအုပ်တစ်အုပ်လုံး က ရင်ဘတ်ခြင်းနီးပြီးမှ ဘ၀ခြင်းဝေးခဲ့ရတဲ့ ကြယ်လေးဆီကို ရေးတဲ့ စာတွေပေါ့ ။ ပြီးတော့ စာပိုဒ်တစ်ပိုဒ်ဆီတိုင်းမှာ လိုက်ဖက်တဲ့ ကဗျာလေးတွေ ဖော်ပြထားတာလေးကို အရမ်းသဘောကျတယ် ။ 

အမြည်းနည်းနည်းပေးရရင် …

အိမ်မက်လေးရေ…..ဘွန်ဇိုင်းပင်လေးလိုပဲ လူတွေမှာလည်း ကန့်သတ်ခံလိုက်ရတာ အိမ်မက်တွေရှိတယ် ။ အိမ်မက်ဆိုပေမဲ့လည်း အတောင်အလက်မစုံတော့ကြီးကောင်ဝင်လို့မရတော့ဘူးပေါ့ ။ တကယ်တော့လည်း မင်းကိုယ်တိုင်က ဘယ်တော့မှ ကြီးကောင်မ၀င်လာတော့မဲ့ ကိုယ့်ရဲ့ အိမ်မက်လေးပါပဲ…..။ 

ဖတ်ရင်း ၊ ဆွေးလို့သိပ်အရသာရှိတဲ့ စာအုပ် ။

ကဗျာလေးတွေထဲက ဒီတစ်ပုဒ်လည်း တော်တော်ကြွေတယ် ။

စိတ်ဆင်းရဲစရာတွေကြုံသေးလား

နေကော ကောင်းရဲ့လား

မမေးရဲလို့ မမေးပဲထားခဲ့တဲ့

ငါရဲ့ မောကြီးပန်းကြီး မေးခွန်းတွေ

(မောင်မြတ်သူ)

ပြီးတော့ ဒီစာအုပ်ကို ပြန်မဆုံနိုင်တာသေချာသွားတဲ့အခါ မင်းကို ဖတ်စေချင်တယ် ။  

 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

Monday, February 6, 2017

လွမ်းပါလေရစ် သည်သောင်ငွေဦး - တက္ကသိုလ်ဘုန်းနိုင်




လွမ်းပါလေရစ် သည်သောင်ငွေဦးက ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ရဲ့ Best seller တွေထဲကတစ်အုပ် ၊
ရှေ့ဆုံးစာမျက်နှာကစပြီး ဆရာကြီးရဲ့ စကားလုံးရေးခြယ်မှုတွေက ကျွန်တော့ကိုဆွဲဆောင်နိုင်ခဲ့ပါတယ် ။

ဝထ္ထုရဲ့အစကို အစ်ကို ကနေ ညီငယ်လေးဆီ ရေးလိုက်တဲ့ စာ နဲ့ ဇာတ်လမ်းကို အစပြုထားတာပါ ။ 

“မျှော်လင့်ချက်ဆိုတာတွေလေ … ကိုကို က ဘာမျ မမျှော်လင့်ခဲ့ဖူးပါဘူး။ ဘ၀ဆိုတာကို စကတည်းက အနှုတ်လက္ခဏာနဲ့စခဲ့ရတယ် ။ ဒီတခါပဲ မျှော်လင့်ခဲ့ဖူးတယ် ။ မျှော်လင့်ချက်ဆိုတာ အမှန်က ပိတ်နေတဲ့မျက်လုံးမျိုးပါ ၊ သူ့ဘာသာသူ ဘယ်တော့မှမပွင့်ဘူး …။  ရောင်ခြည်လေး သမ်းပြမှ
ဖွင့်မိရတာမျိုး…။’’

“ ကိုကိုသာ မှားပါတယ် ညီလေးငယ် … ကိုကိုသာမှားပါတယ် ။ အမှောင်ကို ကိုကို မကြာက်ပါဘူး ။ လူတိုင်းဟာ အမှောင်ထဲကလာကြတယ် ။ ပြီးတော့ အမှောင်ကို ပြန်သွားရတယ် ။ ဘာလို့ကြောက်မလဲ ညီလေးငယ်….’’ 

အစ်ကို့ရဲ့ ပဟေဌိဆန်တဲ့စာကို မနေ့ကရပြီး ၊ ဒီနေ့မှာတော့ ဒေါ်လေးဆီက ‘…ထွန်းနောင် ကွယ်လွန် ၊ အငယ် အမြန်ဆုံးပြန်လာ …’ ဆိုတဲ့ သံကြိုးစာကို လက်ခံရတဲ့ အငယ့်ရဲ့ တုန်လှုပ်မှုတွေကို ဆရာကြီးရဲ့ စကားလုံးစီးဆင်းမှုတွေက ခံစားသိရှိနိုင်ပါတယ် ။ 

အဓိက ဇာတ်လမ်းကို တည်ထားတဲ့ မြို့ကတောင်ကြီးမြို့ပါ ၊ ဆရာက ရှမ်းပြည်မှာပဲ သီးတတ်တဲ့ ငါးဥသီး (ခ) ဘွတ်ခ်ျဘယ်ရီသီး အကြောင်း နဲ့အတူ တောင်ကြီးရဲ့ အလှအပကို ချစ်စရာရေးဖွဲ့ထားပါသေးတယ် ။
အစ်ကို ထွန်းနောင်ရဲ့ သေဆုံးမှုက မိန်းမတစ်ယောက်ကြောင့်လို ထင်တဲ့ အငယ်က အဲ့ဒီအမျိုးသမီးကို ရှာဖွေပြီး လက်စားချေဖို့ ရည်ရွယ်ခဲ့ပုံပါပဲ ။ ဒီလိုနဲ့ အငယ် တယောက် သူ့အစ်ကို လာလေ့လာထရှိတဲ့ လွမ်းစေတီအရောက်မှာ သူ့အကိုနဲ့ အမျိုးသမီးတယောက် လွမ်းစေတီမှာ စကားလာပြောလေ့ရှိတယ်ဆိုတာ သိခဲ့ရတယ် ။ 

တိုတိုပြောရရင် အငယ် ရန်ကုန်မပြန်ခင် မှာ သူ့အစ်ကို ကို သေစေသူလို့ သူယူဆတဲ့ ‘သက်’ ရယ် သူမရဲ့ ညီမ ‘မိုး’ နဲ့  တွေ့ခဲ့တယ်ပေါ့ ။ ဒါပေမဲ့ သက် ရဲ့ သနားစရာဖြူစင်တဲ့ အပြုအမှုတွေနဲ့ အတူ မိုး နဲ့ ကတောက်ကဆဖြစ်မှုတွေကြောင့် ၊ သူမေးချင်တဲ့ မေးခွန်းတွေကို မေးခွင့်မရခဲ့ပဲ ချစ်တဲ့နှင်းရှိတဲ့ ရန်ကုန်ကို ပြန်လာခဲ့ရပါတယ် ။ 

နှင်းနဲ့ အငယ်ရဲ့ အချီအချစကားပြောပုံလေးတစ်ခုက ကျွန်တော့ကို သိပ်ထိတယ် ။ 

“….လူ့ဘ၀မှာ မပျော်တော့လို့ပေါ့နှင်းရယ် ၊ လူ့ဘ၀မှာ မပျော်တော့ဘူးဆိုတာကလည်း သူ့အသက်ထက်မြတ်နိုးရတာကို ဆုံးရှုံးရလို့ ဖြစ်မှာပေါ့…..’’ 

ဒါပေမဲ့လည်း မချစ်ပဲနဲ့ပေါင်းရတာထက် ချစ်ရက်နဲ့ခွဲရတာ ပိုများတဲ့ လောကသဘာဝ ကြောင့်ပဲ နှင်း နဲ့ အငယ်က ဝေးကွာခဲ့ရပါတယ် ။ 

ကျောင်းတွေပိတ်လို့ ဇာတိအိမ်ပြန်ရင်း သူငယ်ချင်း တင်မောင်နောင်ကို ဟိုပုန်းရေထွက်ကို လာအလည်မှာ မိုး  ၊ အတွင်းဝန် ကိုမျိုးဝင်းတို့ နဲ့  ရင်းနှီးခဲ့တယ် ။  ကျောင်းတွေဖွင့်လို့ ရန်ကုန်ပြန်လာရချိန်မှာ မိုးက အင်းလျားဆောင် ကို ရောက်လာခဲ့ပါတယ် ။ ဖြစ်ချင်တော့ နှင်းကလည်း အင်းလျားဆောင်သူပါပဲ ။
နှင်းကို ဂရုမထားဖို့လုပ်ရင်း မိုး နဲ့ အငယ် အနေနီးသွားတယ်ပေါ့ဗျာ ။ မိုးကကော အငယ်ကို အမှန်တကယ်ချစ်လား ။ အငယ်ကကော မိုးအပေါ်ဘယ်လို သဘောထားလဲ ။ သက်ကကော အငယ်စွပ်စွဲသလို သူ့အစ်ကို ကို သတ်သေစေခဲ့တဲ့သူလား ။ အငယ့်ရဲ့ ငယ်စဉ်က ရခဲ့တဲ့ စိတ်ဒဏ်ရာ ကို ကုသနိုင်ချိန်မှာ အငယ့်ဘေးမှာ ရှိနေဖို့ အငယ်တောင်းတမိတာ ဘယ်သူဖြစ်မလဲ ။
‘ သူ လက်ကမ်း ဆယ်စဉ်က ငါက သောင်ပေါ်မလိုက်ပဲ ငြင်းပြီး အမျောခံတယ် ၊အခုမှ သူ့မေတ္တာသောင်ကို ခိုပါရစေဆိုတော့ ခွင့်လွှတ်ပါ့မလား’  ဆိုတဲ့ စကားကို  အငယ် က ဘယ်သူ့အတွက် ရည်ရွယ်ပြောခဲ့သလဲဆိုတာ သိချင်ရင် စာအုပ်ဝယ်ဖတ်ဖို့ ညွှန်းပေးပါရစေ ။

ဒီဝထ္ထုမှာ အငယ့်ကို စိတ်ပညာကျောင်းသား အနေနဲ့ ဖန်တီးထားတာကိုလည်း သဘောကျမိတယ် ။ Child Psychology ရယ် counseling ရယ် နဲ့ ပတ်သတ်ပြီး ဒီဝထ္ထုထဲမှာပါတဲ့ ကျွန်တော်သဘောကျတဲ့ အပိုဒ်လေးကို အတိုချုံးပြီး ဖော်ပြထားပါတယ်။ စိတ်မ၀င်စားရင် ကျော်ဖတ်နိုင်ပါတယ် ။

ကလေးဘ၀မှာ ရခဲ့တဲ့ စိတ်ဒဏ်ရာက လူကြီးဘ၀ထိကို ပါလာလေ့ရှိတယ် ။ ကလေးကို စိတ်ဒဏ်ရာဖြစ်စေတဲ့ ကြောင်းကျိုးတွေကို လူကြီးရှုထောင့်က ကြည့်ရင် အသေးအဖွဲ့ပေါ့ ၊ မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းလို့ရတယ် ။ ကလေးတွေအတွက်ကတော့ သိပ်ကြီးကျယ်တယ် ၊ ဖြေရှင်းမဲ့နည်းလမ်းကို မသိဘူး ။ စိတ်ဒဏ်ရာ သက်သာစေမဲ့အစား စိတ္တဇအကာအကွယ်ဖြစ်မဲ့ အပြုအမှုတွေပဲ လုပ်ဖြစ်တော့တယ် ။ အဲ့တော့ ဒဏ်ရာရရခြင်းအကြောင်းတရားတွေပျောက်ပြီး ဒဏ်ရာတွေပဲ နှလုံးသားမှာကျန်ခဲ့တယ် ။ အရူးမဟုတ်ပေမဲ့ စိတ်ကျန်းမာရေး ချို့တဲ့သူဖြစ်လာတယ် ။ အဲ့ဒါက ဖရွိုက်ရဲ့ သီအိုရီအရဆို အမှတ်မှောက်မှားခြင်းလို့ခေါ်တယ် ။ ကာလကြာလာလေလေ ပိုခိုင်မြဲလာလေပဲပေါ့ ။ အဲ့ဒီတွေ့ရှိချက်အတွက် ကုထုံးက လွတ်လပ်စွာဆက်စပ်နည်းလို့ ခေါ်ပါတယ် ။ စိတ်ဝေဒနာရှင်ကို စကားပြောခိုင်းတာပါ ။ လွတ်လွတ်လပ်လပ် အဟန့်အတားမရှိ ၊ မယဉ်ကျေးတာတွေရော အသေးအဖွဲ့ အဆက်စပ်မရှိတာတွေရောကို ထိန်ချန်ခြင်းမရှိပဲပြောခိုင်းတာမျိုးပါ ။ ပြောစမှာ မသိစိတ်ထဲက တိမ်မြုပ်နေတဲ့ ဆန္ဒတွေ ၊ စိတ်လှုပ်ရှားမှုတွေ ၊ အာရုံရုပ်တွေကို သိစိတ်ထဲမရောက်လာအောင် ဖီဆန်ခြင်းရှိနေပေမဲ့ ၊ ကုသတဲ့သူက ဝေဒနာရှင်ကို  အဲ့လို့တားဆီးထားတာမှန်သမျှကို ချိုးဖောက်လာနိုင်အောင် ကူညီပေးခြင်းမျိုးပေါ့ ။ ဝေဒနာရှင်က ကုသသူနဲ့ တပတ် ၅ ကြိမ်တွေ့ပြီးစကားပြောရတယ် ၊ တခါတလေ လနဲ့ချီပြီးကြာနိုင်တယ် ။ ဖီဆန်ခြင်းလျော့သွားတာနဲ့ မသိစိတ်ထဲက အရာတွေ သိစိတ်ထဲရောက်လာမယ် ။ အဲ့ဒီအရာတွေက ကလေးဘ၀က အမှတ်မှား ၊ အစွဲမှားခဲ့တာတွေ ဖြစ်နေတာများတယ် ။ အဲ့ဒါကို သိလာတဲ့အခါမှပဲ စိတ်ဒဏ်ကို ကာကွယ်ဖို့ သိမ်းပိုက်ထားတဲ့ အရာတွေကို ဝေဒနာရှင်က ပယ်နိုင်တော့မယ် ။ ပယ်နိုင်လိုက်တာနဲ့ ကုသမှုပြီးဆုံးသွားပြီလို့ ဆိုနိုင်တယ် ။

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.