Thursday, April 27, 2017

အဝေးကြီးကရေးတဲ့စာပါ ဟေသာ ဒါကြောင့်ဖတ်ပါ - စစ်ငြိမ်း

-အဝေးကြီးကရေးတဲ့စာပါ ဟေသာ ဒါကြောင့်ဖတ်ပါ

ပင့်ကူအိမ်လေးတွေကို ဖျက်ဖူးလားဟေသာ။ ပင့်ကူအိမ်လေးတွေကိုမြင်ရင်ရော တစ်ယောက်ယောက်ကို သတိရတာမျိုး ဖြစ်ဖူးလား။ သူတပါးကိုနှောင်ဖွဲ့ဖို့ကြိုးစားရင်း ကိုယ်တိုင်သာရုန်းမထွက်နိုင်တဲ့သူတွေပေါ့။ တစ်သက်လုံးကြိုးစားတည်ဆောက်ရင်း အဆုံးမှာ ပိတ်မိသွားတဲ့ပြကွက်တွေနဲ့ပေါ့။ ငါကတော့ ပင့်ကူအိမ်တွေတွေ့တိုင်း ဖျက်ပစ်မိတယ်ဟေသာ။ ကိုယ်တည်ဆောက်သမျှ ကိုယ့်ကိုချည်နှောင်ဖို့ဖြစ်နေတာ မတရားဘူးလေ။ ပင့်ကူအိမ်တွေတွေ့ရင် ဖျက်ပါဟေသာ။ နောက်ပြီးတော့ ငါ့ကိုသတိရပါ။

ပြီးခဲ့တဲ့လက တောင်တန်းတွေရှိတဲ့အရပ်ကို ငါခရီးထွက်ဖြစ်တယ်ဟေသာ။ မိုးသည်းသည်းမှာ တောင်ပေါ်လမ်းတွေ။ မိုးသားတွေ။ တိမ်တွေ မြူတွေ။ ဘာမှရေရေရာရာ ရှေ့ကိုမမြင်နိုင်ခြင်းတွေ။ လူတွေက ခရီးထွက်ရင် ပျော်သလားဟေသာ။ ငါတော့ စိတ်ညစ်ရင် ခရီးထွက်တယ်။ ခရီးထွက်တိုင်းလည်း ငါ စိတ်ပိုညစ်သွားရတာချည်းပဲ။ ဘယ်လိုပြောရမလဲ။ တစ်နေရာမှာ မပျော်တဲ့လူက သူမပျော်တဲ့ နောက်တစ်နေရာကိုရောက်သွားတာမျိုးပေါ့။ သူ ဘယ်နေရာမှာမှမပျော်တာကို သိလိုက်ရသလိုမျိုးပေါ့။ ငါက ဘယ်အရပ်မှာမှမပျော်တဲ့လူများလားဟေသာ။
ငါ ဒီစာကို မနေ့ညတုန်းက အရက်တွေမူးပြီးရေးထားတာဟေသာ။ ဝန်ခံရရင် ငါ တကယ်တမ်း ပင့်ကူအိမ်လေးတွေကို မဖျက်ရက်သေးသလို ဘယ်ခရီးကိုမှလည်း မထွက်ဖြစ်သေးပါဘူး။ ငါ့စာတွေက နိမိတ်ဖတ်နေသလားမသိ။ ဒီမနက်မှာ မိုးတွေက အရမ်းသည်းတာပဲ။ ငါ မိုးသည်းသည်းကိုထိုင်ကြည့်ရင်း။ မနက်စောစောစီးစီးနဲ့မလိုက်ဖက်စွာ တိုက်ခတ်နေတဲ့လေပြင်းတွေထဲမှာ စီးကရက်သောက်နေတယ်။

ငါ့အခန်းပြတင်းပေါက်က dream catcherအနက်ရောင်လေး လေထဲပါသွားတယ်။ ငါ မနက်စောစောမနိုးတာကြာပြီးဟေသာ။ အခုတော့လည်း မနက်အစောကြီး မုန်တိုင်းကိုထကြည့်နေရဲ့။ အမူးမပြေသေးတဲ့လူတစ်ယောက်ရယ်။ သူ့နှုတ်ခမ်းပေါ်က စီးကရက်တငွေ့ငွေ့ရယ်။ အိမ်အပြင်က မိုးသက်မုန်တိုင်းရယ်။ ပျော်စရာကြီးပါဟေသာ။ ပျော်ဖို့ကောင်းတယ်နော်။
ငါ ဒီစာကို ဒီနေရာမှာခဏရပ်လိုက်မယ်။ မိုးစက်တွေအောက် စိတ်နဲ့ပြေးဝင်ရင်း ရူးသွပ်ကြည့်ဦးမယ်။ ပင့်ကူအိမ်တွေတွေ့တဲ့အခါ ဖျက်ဖို့မမေ့ပါနဲ့ ဟေသာ။ နောက်ပြီးတော့ ငါ့ကိုသတိရပါ။

သင်၏ဝေးကွာလှစွာသော
စစ်ငြိမ်း.....။

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment