Wednesday, April 5, 2017

Hsi Paw Days


သီပေါ Trekking သွားဖို့ သူငယ်ချင်းတွေကို လိုက်ဆွယ်တုန်းက လူအကုန်လုံးနီးပါးက ‘ဟိုမှာ အေးချမ်းရဲ့လား’  ‘သွားလို့ရတာ သေချာလို့လား’  ဒီလိုမေးခွန်းတွေပဲ အများဆုံးမေးကြပါတယ် ။
ကိုယ်ကတော့ Trekking Guide ဆီက `အေးအေးချမ်းချမ်းပါပဲ ၊ နိုင်ငံခြားသားတွေတောင် လာလည်ကြတုန်းပဲ´ စကားပြန်ရတာ နဲ့ သီပေါသွားဖို့ စပြင်ဆင်တော့တာ ။ 
ဟိုမှာကတော့ တကယ်အေးအေးချမ်းချမ်းပါပဲ ။ local ဧည့်သည် မရှိသလောက်နည်းပြီး ၊ နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးတွေ့ရပါတယ် ။

ThiBaw (သို့မဟုတ်) HsiPaw ဆိုတာ ရှမ်းစကား Hsi ဆိုတာက နံပါတ် ၄ကို ကိုယ်စားပြုပြီး ၊ Paw ဆိုတာက ဆီအိုးကို ပြောတယ် လို့မှတ်သားရပါတယ် ။
Hsipaw မြို့ကို စတင်တည်ဆောက်တုန်းက ရှေးလူကြီးတွေက ဆီအိုးကြီး လေးလုံးကို မြို့ရဲ့ ထောင့်လေးထောင့်မှာ မြုပ်ပြီး သီပေါမြို့တည်ခဲ့ပါတယ်တဲ့ ။ရှေး အယူအဆအရ ဒီဆီအိုးကြီးလေးခုစလုံး ရှိနေသ၍ Hsipaw မြို့မပျက်ဘူး ဆိုတဲ့ သဘောပါ တဲ့ ။ 


မြန်မာလို Thibaw လို့ ခေါ်ပြီး ရှမ်းလူမျိုးတွေက Hsipaw လို့ ခေါ်ကြတဲ့ သီပေါမြို့လေးကို ကိုယ်ရောက်ခဲ့တဲ့ အမှတ်တရ တစ်ခုအနေနဲ့ သိမ်းထားချင်လို့ ဒီ Photo Essay Album လေးလုပ်ပါတယ်။



ဘယ်လိုသွားကြမလဲ ။

ပြင်ဦးလွင် - ဂုပ်ထိပ် - သီပေါ

 

ကျွန်တော်တို့က ပြင်ဦးလွင်ကနေတဆင့် ရကောက်ရထားကြီး ပျော်ပျော်စီးပြီး ဂုတ်ထိပ်တံထားဖြတ်လို့ သီပေါကို သွားခဲ့တာပါ ။ ရထားက ပြင်ဦးလွင် ဘူတာကနေ မနက် ၈း၂၀ ထွက်တယ် ၊ တစ်ခုပဲ အထူးတန်းလက်မှတ်က ၀ယ်ရတာ နည်းနည်းခက်တယ် ပြောရမယ် ။ အထူးတန်းတစ်တန်းလုံးကတော့
 နိုင်ငံခြားသားဧည့်သည်တွေ 
အပြည့်ပါပဲ ။
ရန်ကုန်ကနေ တိုက်ရိုက် ဆို ရွှေကျောက်မဲ အထူးကားကညနေ (၃) နာရီ ထွက်ပါတယ် ။ 





ပြင်ဦးလွင် ဘူတာ နားက စိန်ပန်းပြာပင်
ရထားစီးပြီး ခရီးသွားခြင်း အတွေ့အကြုံ ။ 


ရထားစီးတဲ့ တောက်လျှောက်လုံး ဈေးသည်တွေ ဆီက မုန့်တွေဝယ်စားလိုက် ၊ တရေးမှေးလိုက်နဲ့ ဂုပ်ထိပ်ကို အသဲတယားယားနဲ့ ဖြတ်ကြ ၊ ဂုတ်ထိပ်ရောက်တော့လည်း ပြတင်းပေါက်တွေကနေ ခေါင်းလေးတွေ ပြူတစ် ၊ ပြူတစ်နဲ့ ဓာတ်ပုံရိုက်ကြပေါ့ ။ 







ဂုပ်ထိပ် ဘူတာမှာ ရောင်းတာ မှန်ကူသီး တဲ့ ချဉ်ဖန်သီးလေး ဆွေမျိုးပါမေ့သွားမယ် ။ ရန်ကုန်မှာတော့ မရှိဘူး ။ စားဖူးတယ်ရှိအောင် မြည်းကြည့်တာ ၊ တစ်ထုတ်မှ ၅၀၀ တည်းရယ် ။








နောင်ပိန်ဘူတာမှာ လားရှိုးက ဆင်းလာတဲ့ ရထားကိုစောင့်ရင်း နာရီဝက်နီးပါး ရပ်တယ် ။ အဲ့မှာ နေ့လည်စာ စားတာ ကြက်ကြော် နဲ့ ထမင်းနဲ့ တစ်ဗူးကို ၂၀၀၀ ပေးရတယ် ။ တော်တော် စားကောင်းတယ် ။ ကြုံရင် စားခဲ့ကြနော် ။



ကျောက်မဲ ဘူတာမှာ ရထား ရေဖြည့်ရင်း မိနစ် ၂၀ သာသာ လောက် နားသေးတယ် ။ အဲ့မှာလည်း စားစရာတွေပေါတယ် ။ အစုံပဲ ရောင်းနေကြတာ ။ ကိုယ်ကတော့ လိမ္မော်သီး ၀ယ်စား ၊ တစ်လုံး ၁၀၀ ။ တော်တော်ချိုချိုမွှေးမွှေး ။ 

သီပေါကို ရောက်ခါနီးတော့ လူက စိတ်တွေ လှုပ်ရှားပြီး ဖင်တကြွကြွနဲ့ ၊ ညနေ ၃း၃၀ လောက် ရောက်တော့ သီပေါ ဘူတာကို ရထားဆိုက်တယ် ။ Trekking Guide က တုပ်တုပ်နဲ့ လာကြိုပေးပါတယ် ။


ဘယ်တွေကို လည်လို့ရသလဲ 


(၁) သီပေါ ဟော်နန်း 
Hotel မှာ Check In ၀င် ၊ သီပေါ ဟော်နန်းက ညနေ ၃ နာရီကနေ ၅ နာရီထိပဲ ဖွင့်တာမို့ ရေမိုးချိုးပြီး တုပ်တုပ် နဲ့ မြန်မြန်သွားရတယ် ။
အခုရှိလက်ရှိ ဟော်နန်းကို ၁၉၂၄ ခုနှစ်မှာ တည်ဆောက်ခဲ့တယ် လို့ သိရပါတယ် ။ သီပေါ စော်ဘွား စ၀်ကြာဆိုင် က နိုင်ငံခြားမှာ ကြီးပြင်းသူ ဖြစ်တာမို့ အိမ်အပြင်အဆင်ကတော့ အနောက်တိုင်း ဆန်ပါတယ်။ ဟော်နန်းနဲ့ ပတ်သတ် ပြီး သီပေါစော်ဘွားစ၀်ကြာဆိုင်နဲ့ မဟာဒေ၀ီစ၀်သုနန္ဒီ တို့ရဲ့ ရင်နင့်ဖွယ်ရာ ၊ လွမ်းမောဆွေးမြေ့စရာ ဇာတ်လမ်းတွေ ကို စော်ဘွားကြီးရဲ့ အမျိုးတော်တဲ့ အန်တီက ရှင်းပြပေးပါတယ် ။ ၀င်ကြေးအနေနဲ့ ပေးစရာမလိုပေမဲ့ သီပေါဟော်နန်းကို ပြုပြင်ထိန်းသိမ်းခ အနေနဲ့ ကုသိုလ်ပါဝင်လို့ရပါတယ် ။
စာအုပ်ဖတ်ချင်ရင် အဲ့မှာပဲ ဘာသာပြန်စာအုပ်ရောင်းပေးပါတယ်။ အင်္ဂလိပ်လိုဖတ်ချင်ရင်တော့ Twilight over Burma ကို ရန်ကုန်က သိမ်ဖြူလမ်းစာအုပ်ဈေးတန်းမှာ ၀ယ်လို့ရပါတယ်နော် ။ ဘာသာပြန်အနေနဲ့ဆိုရင် ကျွန်တော့ကတော့ ဆရာ ထားဝယ် မောင်သန်းဆွေ ရဲ့ မဟာဒေ၀ီ တစ်ပါးရဲ့ ရှာပုံတော်ကို ဖတ်ထားတာပါ။


(၂) Sunset Hill (သို့မဟုတ်) သိမ်တောင် 

ဟော်နန်းက အပြန်မှာ သိမ်တောင်မှာ sunset ကြည့်ဖို့ချီတတ်ကြပါတယ် ။ အဝေးက ဒုဋ္ဌ၀တီမြစ်ကို ငေးကြည့်ရင်း ၀င်တော့မဲ့ နေမင်းကို နှုတ်ဆက်ရတာ လွမ်းတတ်တဲ့သူဆို ငိုသွားလောက်မယ် ။ လေကလည်း တဖြူးဖြူးနဲ့ နေလို့ သိပ်ကောင်း ၊ သီပေါရောက်ရင် မဖြစ်မနေ ၀င်သင့်တဲ့ နေရာတွေထဲ က တစ်ခု ။ 


(၃) Hsipaw Trekking 

သီပေါမြို့လေးက နိုင်ငံခြားသားတွေကြားမှာတော့ Best Trek & hike place အဖြစ်အနေနဲ့ ကျော်ကြားပါတယ် ။ သီပေါရောက်ပြီး Trekking မှ မလုပ်ခဲ့ရရင် အိပ်လို့ပျော်မှာ မဟုတ်တဲ့ အတွက် ကျွန်တော်တို့ ပလောင်တောင်ဘက်ကို Trekking သွားခဲ့ကြပါတယ် ။ (ကျွန်တော့ အတွေ့အကြုံအရ ) သီပေါ Trekking နဲ့ ကလော Trekking မတူတာတစ်ခုက ကလောဘက်က တောင်တွေက နည်းနည်းပြေတယ် လို့ ပြောလို့ရမယ်။ သီပေါက တောင်တွေကတော့ တော်တော်မတ်တယ် ။ ကုပ်ကပ်တတ် ၊ ကုပ်ကပ် ဆင်းလာခဲ့ရတာ ။
  ဟိုတယ်က စထွက်တော့ မနက် ၇း၃၀ လောက် ။ တုပ်တုပ် နဲ့ စလျှောက်မဲ့ ရွာထိပ်ထိသွားရတယ် ။






စလျှောက်ခါစဆိုတော့ သိတယ်မလား ။ ခြေလှမ်းတွေ တတ်ကြွချက်  ။ လမ်းမှာ ဖရဲသီးစိုက်ခင်း အကြီးကြီးတွေ့တော့ ပျော်ပျော်ပါးပါး ဓာတ်ပုံဝင်ရိုက်ကြ ။ 





 ၄၅ မိနစ်လောက် လျှောက် ပြီးနောက်မှာ ပထမဆုံးနားမဲ့ ဖားဖိတ်ရွာရောက်တယ် ။ ဂိုက်ဦးလေးက လျှာထွက်လာတဲ့ သူ့သမီးတွေကို သဘာဝအသီးစစ်စစ်တွေနဲ့ ဧည့်ခံတယ် ။




 Sugar Melon လို့ ခေါ်တဲ့ အစိမ်းရောင်အသီးလေးက စားရတာ ကျွတ်ကျွတ် ချိုချိုလေး ၊ တအားကြိုက်တယ် ။ နောက်အသီးတစ်မျိုးက သဘောင်္သီး ၊ သဘာဝ အသီးဆိုတော့ ချိုရဲနေတာပဲ ။ 






ဒီအိမ်အောက်လေးမှာ ဓနိယက်နေတဲ့ ဗမာစကား မတတ်တဲ့ ရှမ်းအမျိုးသမီး (အဘွား) တစ်ယောက်ကို တွေ့နိုင်သေးတယ်။
မိနစ် ၂၀ - ၃၀ လောက် နားပြီး အမောပြေတော့ ပြန်ထွက်ကြပေါ့ ။ 










တောင်ယာ ရိပ်သိမ်းချိန် နဲ့ တိုးတာရယ် နွေရာသီဖြစ်နေတော့ လမ်းလျှောက်ရတာ နည်းနည်းတော့ ပူပါတယ် ။ လာမဲ့ မိုးတွင်း တောင်ယာစိုက်ခင်းတွေ အတွက် မြေဆီလာပိုကောင်းအောင်
 တောမီးရှို့ထားကြတော့ ထင်ထားတာထက် ပူတဲ့ ဒဏ် ကို ခံစားပြီး မနည်းတတ်ခဲ့ရတယ် ။ ပူတယ်ဆိုတာ 27 ̊ C လောက်ပေါ့နော် ။ မိုးတွင်း နဲ့ အောက်တိုဘာ၊ နိုဝင်ဘာဆိုရင်တော့
 တောင်ပေါ်ကလှမ်းငေးလိုက်ရင်
 အောက်မှာ စိုက်ခင်းတွေနဲ့ View က အသေမိုက်မှာ ။



လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တတ် နှေးရတယ် တဲ့ ။ ကိုယ်ဟာ ပလောင်တောင် တတ် အမှန်တယ် နှေးခဲ့သူပါ ။ 

 ကိုယ့်နောက်က တတ်လာတဲ့ အဖွဲ့မှန်သမျှတော့ ကိုယ့်ကို ကျော်သွာြး က ၊ ကိုယ့်မယ် နဂိုနာနေတဲ့ ခြေထောက်ကို ငဲ့ ၊ ရွာရောက်တဲ့ အထိ ခပ်ဖြေးဖြေးပဲ လျှောက် / တက် / ဆင်း လာနိုင်တယ် ။ နေပူကြီးထဲ တောင်ကြောကွေ့ ၄ ၊ ၅ ကွေ့ တတ်နေတုန်းကဆို ကိုယ့်အဖွဲ့တစ်ဖွဲ့လုံးကဖြင့် ရှေ့ရောက်နေပီ ၊ ကိုယ့်မယ် ဆက်မလျှောက်နိုင်တော့ဘူးလို့ကလည်း မပြောချင် ၊ ငါဘာလို့ ဒီ route ရွေးမိတာလဲလို့လည်း တွေးမိ ၊ ဂိုက်ကို နေ့လည်စာ စားမဲ့ ရွာရောက်ရင် နေခဲ့မယ်လို့ ပြောရင်ကောင်းမလားပေါ့ dilemma တွေ ၀င်တာ …၀င်တာဆိုတာ   … ။ 










ဒါပေမဲ့လည်း အတူလျှောက်တဲ့ အစ်မတွေကလည်း စောင့်ပေး ၊ ဂိုက်ကလည်း အရမ်းကူညီ ၊  ခေါင်းမာတဲ့ အကျင့် နဲ့ ဇွဲ သိပ်မလျော့တတ်တဲ့ စရိုက်ကြောင့်ပဲ ပန်းတိုင်ထိရောက်လာခဲ့ ။ နောက်များ ဘ၀မှာ ဘာ အခက်အခဲ ကြုံလာ ၊ ကြုံလာ ဒီလို hard trekking တောင် လျှောက်နိုင်ခဲ့တာပဲလို့တွေးပြီး အားတင်းလို့ရပြီ ။ Give up လုပ်ခါနီးတိုင်း ပင်ပန်းပေမဲ့ ရပ်မပစ်ပဲ ဆက်သွားခဲ့တဲ့ Trekking Experience ကို ပြန်တွေးလို့ ရပြီ ။ ဒီလိုစိတ်နဲ့ပဲ တောင်ကုန်းတွေတွေ့ရင် ကျော်လိုက် ၊ ခွလိုက် ၊ အဆင်းဆိုလည်း ကမ်းပါးလေးကနေ ဆင်း၇တဲ့နေရာလေးရှိသေးတယ် ။ အသဲတအေးအေးပဲ တော်တော်ထိန်းဆင်းလာရတာ။  


တောထဲကနေ လမ်းဖြတ်လျှောက်ရတဲ့ ဖီလင်ကတော့ အသေမိုက်တယ် ။ တောထဲမှာ ငှက်သံလေးရယ် ၊ လေတိုးတဲ့အခါ သစ်ရွက်လေးတွေ တွန်းတိုက်ကြတဲ့ အသံကလွဲ ဘာမှ မကြားရဘူး ။ စမ်းချောင်းလေးဘေးမှာ အမောဖြေရင်း ဂိုက်သယ်လာပေးတဲ့ ဖရဲသီးစားရတာလည်း ရှယ်ပဲ ။ တောထဲမှာလမ်းလျှောက်ရင် ‘မဟုတ်ဘူး ၊ မဟုတ်ဘူး’ လို့အော်နေတဲ့ ငှက်အသံလေးကြားရနိုင်တယ် ။ ပျင်းပျင်းနဲ့ ငှက်ကို ‘ဟုတ်ပါတယ် ဟုတ်ပါတယ်’ ပြန်အော်ငြင်းရင် လျှောက်လာခဲ့တာ ၊ တော်တော်တော့ ပျော်စရာကောင်းတယ် ။



လက်ဖက်စိုက်ခင်းရောက်တော့ ကိုယ့်အဖွဲ့ကလူတွေ အပေါ်ထိ တတ် ၊ ဓာတ်ပုံရိုက်နေကြတာ အောက်ကပဲ လှမ်းငေးနိုင်တော့တယ် ။ စိတ်ကသွားပေမဲ့ ခြေထောက်ကမသွားတော့ဘူးလေ ။
အပြန်ကတော့ အဆင်းများတယ် ။ ဒါမဲ့ တောင်ကမတ်တော့ တော်တော် သတိထားဆင်းရတယ် ။ ခြေထိပ်တွေ မတရားနာတာ ။ ည ၆း၀၀ လောက်မှ ပထမဆုံးနားခဲ့တဲ့ရွာကိုရောက်တယ် ။ ရွာရောက်တော့ လမ်းဆက်မလျှောက်ရတော့ဘူး ထင်ပြီး Shoes ကို ချွတ်ပြီး Slippers လဲစီးမိတာ ၊ အမှောင်ထဲမယ် တောင်အဆင်းလမ်းကို တိုင်ပတ်ပြီး တုပ်တုပ် ရှိတဲ့နေရာကို ၇ နာရီမှာ ရောက်တယ် ။ တောင်တတ် ၊ တောင်ဆင်း ၊ လမ်းလျှောက်ခဲ့တဲ့ မိုင်ပေါင်း ၁၅.၃ မိုင် ၊ ခြေလှမ်းပေါင်း ၄၂,၆၅၅  ၊ လျှောက်ချိန် ၉ နာရီ ခန့် ။ ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တော့မဲ့ အမှတ်တရတွေထဲက အမှတ်တရ ။
ညရောက်တော့ ခြေထောက်တွေတောင့်တင်း ညောင်းချိ ၊ အိပ်လို့ကောင်းလေခြင်း ။



Trekking မှာ ပျော်စရာတစ်ခုက ရှမ်းရွာတွေ ၀င်တိုင်း ၊ လမ်းမှာ တွေ့ သမျှ လူ အားလုံးကို ‘မိုင်ဆွန်ခ’ လို့ နှုတ်ဆက် ၊ သူတို့ကလည်း ပြန်နှုတ်ဆက်တယ် ။ ရွာတစ်ရွာဝင်တိုင်း ရွာကို စောင့်ရှောက်ပေးတဲ့ (လက်နက်နဲ့) ဒေသခံ ရှိတယ် ။ သူ့ကိုလည်း မိုင်ဆွန်ခ နှုတ်ဆက်ကြတာပဲ ။ သူကလည်း ပြုံးပြုံးရွှင်ရွှင် ပြန်နှုတ်ဆက် ။ ဘာအန္တာရာယ်မှ မပြုပါဘူး ။

နေ့လည် ၁း၄၅ လောက်မှာ ပန်ခန်ဆိုတဲ့ ပလောင်ရွာလေးရောက်တယ် ။ ပလောင်လိုတော့ ‘ခမ်းဆန်’ ဆိုတာ ‘မင်္ဂလာပါ´ လို့ နှုတ်ဆက်တာဆိုပြီး ဂိုက်က ရွာမ၀င်ခင်တည်းက သင်ပေးထားတယ် ။   ။ စကားအသုံးအနှုန်းမတူတော့ဘူးပေါ့ ။
နေ့လည်စာ စားတဲ့ ပလောင်ရွာကို အိမ်လေးမှာ Home Stay လည်းနေလို့ရပါတယ် ။ ဒီဘက် ပလောင်တောင်ဘက် trekking လျှောက်ရင် ရွာမှာ အိပ်ပြီး 1N / 2Ds လျှောက်ကြတာများတယ်တဲ့ ။ ကိုယ်တို့ အာဂမိန်းကလေး ၅ ယောက်က မအိပ်ပဲ နေ့ချင်းပြန်လျှောက်မယ်ဆိုတော့ အိမ်က အန်တီတို့ မျက်လုံးပြူးရော …..။ ဒီအိမ်မှာ ကြောင်ချောချောလေးတစ်ကောင်ကလည်းရှိသေးတယ် ။ သူတော့ ချစ်လို့ ဓာတ်ပုံရိုက်လာတယ် ။

နေ့လည်စာက ရှယ်စားကောင်း… ၊ ကြက်ဥကြော် ၊ ကြက်သားဟင်း ၊ ကတတ်ချဉ်နဲ့ ပဲဟင်း ၊ ပဲစောင်းခါးသီး ကို  မန်းကျီးသီးနဲ့ ချက်တာလေးရယ် ကို ငရုတ်သီးထောင်းစပ်စပ်လေး နဲ့ တွဲစားရတာ ။ စားကောင်းလွန်းလို့ မေ့ပြီး ဓာတ်ပုံတောင် မရိုက်လာမိဘူး ။  ပြန်ခါနီးတော့ ‘ရော့ခ်မိုင်း’ ‘ကျေးဇူးတင်ပါတယ်’ လို့ပြောပြီး နှုတ်ဆက် ။ ချစ်စရာ့ ဓလေ့တွေ လေ့လာခွင့်ရခဲ့ပါတယ် ။


ပုံထဲက ပုံထဲက ကြက်ဥကစော်လို့ခေါ်တယ် ။ နွားနို့ ၊ ကစော်  ၊ ကြက်ဥ ၊ မုန့်လုံးရေပေါ်တို့ရော ပြီး ပူပူလေးစားရတာ ။ သီပေါရောက်ရင် စားကြည့်ခဲ့ကြဦးနော် ။


ညစာ စားအပြီး ၈ နာရီလောက်မှာ hotel ပြန်ရောက် ၊ Lilly The Home က ပိုင်ရှင် အန်တီက သဘောလည်းကောင်း ချစ်ဖို့လည်းကောင်း ။ ပုံမှန် မနက် ၇ နာရီမှ မနက်စာကျွေးတာ ကိုယ်တို့က မနက် ၇ နာရီပြန်ထွက်ကြမယ်ဆိုတော့ မနက်စာကို ၆း၃၀ တည်းက စီစဉ်ပေးတယ် ။ lily the home မှာ မနက်စာကို ဘူဖေးကျွေးတယ် ။ အစားအသောက်ကလည်းကောင်း ၊ restaurant ကလည်း rooftop ပုံစံမျိုးဆိုတော့ အဝေးက တောင်တန်းတွေ လှမ်းငေးရင်း မနက်စာ စားရတဲ့ ဖီလင်က သိပ်ကောင်းပေါ့ ။

(၄) ကုန်းသာလုံးယုံးကျောင်း 

မနက်စာစားပြီးတာနဲ့ တုပ်တုပ်နဲ့ မိုးမခ ဆိပ်ကမ်းကိုသွား ဂိုက်စီစဉ်ပေးထားတဲ့ လှေနဲ့ နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်တဲ့ ကုန်းသာလုံးယုံးကျောင်း (ကျွန်း နဲ့ ဆောက်ထားတဲ့ ရှေး ရှမ်း ဘုန်းကြီးကျောင်း) ကို သွားလေ့လာကြတယ် ။
ကမ်းစပ် က အိမ်လေးမှာ ဗမာလို မပြောတတ်တဲ့ ရှမ်းလူမျိုး ဘွားဘွားကြီး တစ်ယောက်တည်းနေပါတယ် ။ လာသမျှလူတိုင်းကို စကားမပေါက်ပေမဲ့လည်း ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တယ် ။


ဘုန်းကြီးကျောင်းကိုရောက်ဖို့ ၄၅ မိနစ်လောက်လျှောက်လိုက်ရပါတယ် ။ လမ်းမှာ ဆားငန်သီးပင်တွေရယ် ၊ တောပန်းလေးတွေနဲ့ အရမ်းလှတဲ့ နာနတ်စိုက်ခင်းကို ဖြတ်လာရတယ် ။ ရာဘာစိုက်တဲ့ခြံတွေလည်းရှိပါတယ် ။

  ဘုန်းကြီးကျောင်းရောက်တော့ ဆရာတော်ကို ဦးချ ၊ ဆရာတော် စွန့်ကြဲတဲ့ လိမ္မော်သီးနဲ့ရေနွေးကြမ်းသောက်ရင်း ဆရာတော်ပြောပြတဲ့ ကျောင်းကြီး အကြောင်းနဲ့ ရိုးရာအကြောင်းနားထောင်ကြပေါ့ ။ ရှေးလက်ရာ ကျွန်းတိုင်လုံးအကြီးကြီးတွေ နဲ့ဆောက်ထားတဲ့ ဒီဘက်အခြမ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်တည်းက ဆောက်ထားပြီး ၊ ခုထိလည်း မပြိုကျ ၊ မပျက်စီးသေးတဲ့အတွက် အဲ့ဘက်တစ်ခြမ်းလုံးကို ဒီအတိုင်းထားတာပြီး အသစ်ဆောက်ထားတဲ့ အပိုင်းတွေကိုပဲ ပြင်ဆင်မွမ်းမံမှုတွေလုပ်ရတယ်လို့ဆရာတော် က မိန့်ပါတယ်။ မနက် ၉း၄၅ လောက်မှာ ဆရာတော်ကို ၀ထ္ထုငွေ ကပ်လှုပြီး ပြန်လာခဲ့ကြပေါ့ ။


(၅) ချောင်းဆုံ

ဘုန်းကြီးကျောင်းကနေ ကမ်းစမ်ကိုပြန်လျှောက် ဘွားဘွားကို နှုတ်ဆက်ပြီး
 ချောင်းဆုံကို တတ်တတ်ကြွကြွ ထွက်ခွာ ။ ဒုဋ္ဌ၀တီမြစ်ထဲမှာ လှေစီးရတဲ့ အရသာက အေးအေးချမ်းချမ်းရှိလှပြီး ဘာနဲ့မှကို မလဲနိုင်ပါဘူး။ နမ္မတူမြစ်(ချောင်း) နဲ့ နမ္မမြစ် (ချောင်း) တို့ပေါင်းဆုံတဲ့နေရာမို့
 ချောင်းဆုံလို့ခေါ်ပါသတဲ့။
 ရေလေးတွေကြည်လင်ပြီး
 ကျောက်ငါးသေးသေးလေးတွေ ကူးနေတာမြင်ခဲ့ရတယ်။
 ရေထဲမှာ ခြေထောက်စိမ်လိုက်ရင်
 အေးပြီး တအားအညောင်းပြေတယ်။ 


(၆) Little Bagan 

ကျောင်းစုရွာမှာရှိတဲ့ ဒီနေရာလေးမှာတော့  ပုဂံခေတ်ထက်မလျော့တဲ့ ခုနှစ်တွေမှာ တည်ခဲ့တဲ့ ဘုရားတွေရှိလို့ နိုင်ငံခြားသား ခရီးသည်တွေကပဲ Little Bagan လို့ပေးခဲ့ပါတယ်တဲ့ ။ ပုဂံလောက် ဘုရားမများပေမဲ့ ရှေးလက်ရာ ဘုရားတွေကို တွေ့နိုင်ပါတယ် ။ 

little Bagan အနားမှာတင် နှစ် ၁၀၀ ကျော်နေတဲ့ ဘုန်းကြီးကျောင်းရှိပါတယ် ။ မဟာနန္ဒာကန်သာ ကျောင်းတိုက်လို့ ခေါ်ပါတယ် ။ ၁၈၄၈ ခုနှစ်မှာ ဘုန်းကြီးကျောင်းတော်ကြီးကို ကျွန်းတိုင် ၁၃၇ တိုင် နဲ့ ဆောက်လုပ်ခဲ့ပြီး ၊ သံချောင်းကို အသုံးမပြုပဲ ကျွန်းသားစို့များကို အသုံးပြုပြီး ဆောက်ထားတယ်လို့ လေ့လာခဲ့ရပါတယ် ။ ဘုန်းကြီးကျောင်းတော်အတွင်းမှာ နှီးဘုရား တစ်ဆူရှိပြီး ရှမ်းဘာသာ စကားနဲ့ `ဘုရားအင်းဆန်´ လို့ ခေါ်တယ်လို့ မှတ်သားခဲ့ရပါတယ် ။

(၇) ဘော်ကြိုဘုရား


ဘော်ကြိုဘုရားကို သီပေါကနေ တုပ်တုပ်နဲ့ မိနစ် (၃၀) လောက်သွားရတယ် ။ ပြင်ဦးလွင်ကနေ ရထားနဲ့လာရင်လည်း လမ်းမှာ ဘုရားကို တွေ့နိုင်ပါတယ် ။ ပုဂံခေတ်မင်းတစ်ပါး ဖြစ်တဲ့ နရပတိစည်သူမင်းရဲ့ ပုဂံနေပြည်တော် နဲ့ ရှမ်းတိုင်းရင်းသားများ အကြား ချစ်ကြည်ရေး အတွက် ထုလုပ်လှုဒါန်းခဲ့တယ်လို့ မှတ်သားရပါတယ် ။

(၈) နမ့်ဟူးနွဲ့ရေတံခွန်



ဘောကြိုဘုရားကနေ သီပေါ အပြန်လမ်းမှာ ရှိပါတယ် ။ ဘုန်းကြီးကျောင်းထိပ်မှာ တုပ်တုပ် ၊ ကား ၊ ဆိုင်ကယ် အကုန်ရပ်ခဲ့ရပြီး ငှက်ပျော်တော ကိုဖြတ်လို့ ၁၅ မိနစ်လောက် နည်းနည်း ကုန်း တတ်ရပါတယ်။














 ရေတံခွန်မှာတော့ ဒေသခံတွေပိုများတယ် ၊ ရေတွေကလည်းကြည်အေးပြီး ဆော့လို့တော့ ရှယ်ကောင်း ။ 




(၉) လွယ်မုတ်တောင်




လွယ်မုတ်တောင်မှာတော့ ကိုးသိန်းကိုးသန်း စေတီတော် နဲ့ အတူ ရှမ်းစော်ဘွားတွေရဲ့ သမိုင်းဝင်အုပ်ဂူတွေကို တွေ့နိုင်ပါတယ် ။ 







ပုံထဲက သီပေါစော်ဘွားဆာစောချယ်စော်အုပ်​ဂူတော်ပါ ။



You'll never know until you go တဲ့ ။ အကယ်၍ ကျွန်တော်သာ သူများစကားတွေနားထောင်ပြီး မသွားပဲနေခဲ့ရင် ဒီလို Experience မျိုး ၊ ဒီ nature ၇ဲ့ အလှအပမျိုးး ထိတွေ့ခံစားရမှာ မဟုတ်ပါဘူး။
အဲ့တော့ သီပေါကိုမှ မဟုတ် တခြားဘယ်နေရာကိုပဲ ဖြစ်ဖြစ် ၊ မသွားခင်သေချာ ဒေသခံတွေရဲ့ အသံကို နားထောင်ပါ ။ ကိုယ့်ဘက်က ပြင်ဆင်စရာရှိတာ သေချာပြင်ဆင်ပါ ။ မငြိမ်းချမ်းတဲ့ ဒေသလို့ထင်ရင် ဒေသခံဂိုက် နဲ့သွားပါ ။ ဂိုက်စကားနားထောင်ပါ ။ ကိုယ်သွားချင်တဲ့နေရာ ၊ ကိုယ် ဖြစ်ချင်တဲ့ အရာကို ဖြစ်အောင် လုပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ........။

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

2 comments: