Thursday, November 17, 2016

လွင့်နေတဲ့ တိမ်တွေဟာ မင်းပဲဆိုပါစို့ - မြတ်၊ ယွန်းခက်မိုး


 
(၁) "နေကောင်းတယ်မဟုတ်လား ။ ရုတ်တရက်ကြီး လူချင်းဝေးသွားတော့ ပြောစရာစကားတွေကျန်၊ လုပ်ပေးစရာတွေကျန်၊ တောင်းဆိုချင်တာတွေကျန်၊ အားလုံးက လှိုက်ခနဲဟာပြီး ပြတ်ထွက်သွားကြတယ်"
(၁)"ဘဝမှာ ဆုံးရှုံးစရာတွေဟာ တစ်ခါထက် အမြဲပိုတတ်ပြီး ဆုံးရှုံးမှုတိုင်းဟာ မင်းဖြစ်တယ်။ ဟိုတုန်းက အတိတ်တွေဟာ မင်းနဲ့ငါဖြစ်ပြီး ပစ္စုပ္ပန်ဟာ ငါတစ်ယောက်တည်းဖြစ်တဲ့အခါ ကျန်းမာရေးကို မင်းဂရုစိုက်ပါ။ ညနက်နက်ထိ စာမဖတ်ပါနဲ့။"

(၂)"စိတ်ပူတာတွေကတော့ မဆုံးနိုင်၊ ကိုယ်ရောစိတ်ပါ နွေးထွေးပါစေ။ စိတ်ထဲမှာ ပြောချင်နေပြီး တကယ်ပြောမယ်ဆိုရင် မထွက်တော့တဲ့ စကားအားလုံးကို ဒီစာနဲ့အတူ ထည့်ပေးလိုက်ပါတယ်"
(၂)"ခုဆို မင်းလာလာနေကျ တိုက်ခန်းနံပါတ် (၁၅)မှာ ကိုယ်မနေတော့ဘူး။ မင်းနဲ့ အသက်ကြီးတဲ့အခါ နေချင်တယ်လို့ပြောတဲ့ တောင်ပေါ်မြို့လေးတစ်မြို့က အေးစက်မိုးတွေအောက်မှာ ပြန့်ကြဲနေတဲ့ အဖြူအမည်းမှတ်ဥာဏ်အကွဲစတွေကို ပြန်လည် ကောက်ယူသိမ်းဆည်းရင်း၊ အဝေးရောက်အပြုံးတွေကို ငေးကြည့်ရင်း.. .။
ဒါနဲ့ ရန်ကုန်မိုးရဲ့အောက်မှာ မင်းကို ကိုယ် ထီးလုံလုံခြုံခြုံ ဆောင်းစေချင်တယ်။"

(၃) "ဆံပင်တွေ ညှပ်ညှပ်မပစ်ဘဲ အရှည်ထားပါ။
        လက်သည်းတွေ အရှည်မထားဘဲ ညှပ်ညှပ်ပစ်ပါ။"
(၃) "ကားလမ်းကူးရင် ဂရုစိုက်ပါ။
         အိပ်ဆေးတွေ သိပ်မသောက်ပါနဲ့။"

(၄)"ငါ စာရင်းလုပ်ပေးထားတဲ့အတိုင်း ဆေးတွေဝယ်သောက်ပါ။ အဲ့ဒီစာရင်းတွေဟာလည်း တွေးလိုက်တိုင်း ပိုတိုးလာတယ်။ လူကြုံရှိရင် ထည့်ပေးလိုက်ပါဦးမယ်။ ငါ မျက်မှန် အသစ်လုပ်လိုက်တဲ့အကြောင်း မပြောရသေးဘူး။ အဲ့ဒီမျက်မှန် နင့်ကိုပေးတပ်လိုက်ရင် လှမှာပဲလို့ မတွေးမိအောင် ကြိုးစားနေတယ်။ ဘုရားရောက်ဖြစ်ရင်တော့ အရင်လိုပဲ ငါ့မွေးနေ့မဟုတ်တဲ့ အဂါင်္ထောင့်မှာ ခပ်သုတ်သုတ်ရှိခိုးပြီး ထပြန်ခဲ့မယ်။"
(၄) "ဆုတောင်းတွေကို ကိုယ် အယုံအကြည်မရှိဘူး။ ဒါပေမဲ့ တောင်းတဲ့ဆုတိုင်း ပြည့်မယ်ဆိုရင် ကိုယ်ဟာ မင်းအတွက် ဘဝအဆက်ဆက် ပျော်ရွှင်ခြင်းလက်ဆောင်လေးဖြစ်ချင်တယ်။"

(၅)"သီချင်းတွေဆိုပြတုံးက နင်ဆိုခိုင်းဖူးတဲ့ "နောက်ဆုံးအချစ်သီချင်း"ကို မဆိုပြလို့ ဝေးတာလားလို့ တွေးမိတယ်။ ပြီးတော့မှ မဆိုင်ပါဘူးလေလို့ပဲ ကိုယ့်ဘာသာပြန်ဖြေလိုက်တယ်။"
(၅) "ဂစ်တာတစ်လုံး ကိုယ်ဝယ်ထားတယ်ကွ၊ ဒီနှစ်နွေရာသီလောက်တော့ စတီးဖြစ်မယ်ထင်တယ်၊ သီချင်းကတော့ "ဝေးသွားလည်း"ပေါ့" 

(၆)"ကံတရားက အမြဲကြီးတော့လည်း မဆိုးလှပါဘူး။ လွန်ခဲ့တဲ့သုံးနှစ်က နင်ပထမဆုံးနမ်းခဲ့တဲ့ ညာဘက်ပါးမှာ မှဲ့ကလေး ပေါက်လာတာမျိုးလောက်တော့ ငါ့ကို ငဲ့ညာရှာပါသေးတယ်။
(၆) "သုံးနှစ်စာ အမှတ်တရတွေဟာ လျော့ရဲနေတဲ့ လက်ဖဝါးတွေနဲ့ ဆုပ်ကိုင်ထားဖို့ သိပ်ကို နူးညံ့လွန်းပါတယ်။ မင်းမသိမဲ့ သတိရစိတ်တွေဟာ နှင်းဖွဲတွေကြား တိုးဝင်၊ နွေဦးရာသီကို ဖြတ်ပြီး မိုးစက်တွေဆီ မရပ်မနားပြေးနေတော့တာပဲ"

(၇)"တစ်ခါတလေကျ နင်နဲ့ငါ အတိတ်မေ့သွားပြီး  သူစိမ်းတွေလို ပြန်တွေ့ချင်တယ်လို့ တွေးမိတယ်။"
(၇)"မင်းသိလား၊ ချစ်ခြင်းမေတ္တာဆိုတာ မင်းကိုပဲ သေရာပါသွားတာမျိုး။"

(၈) "စာဆိုတာ ဘယ်လိုအဆုံးသတ်ရမလဲ ငါမသိဘူး။ ငါတို့နှစ်ယောက် ဘဝကို ဘယ်လိုအဆုံးသတ်ရမှန်း မသိခဲ့သလိုမျိုး။"
(၈) "အမှတ်တမဲ့တွေဟာ ရုတ်တရက်ကြီး အမှတ်တရဖြစ်လာပြီး လျှောက်ခဲ့ဖူးတဲ့လမ်းတွေနဲ့
ငေးခဲ့ဖူးတဲ့ မြင်ကွင်းတွေဟာလည်း လွမ်းစရာလို့ ထင်လာရတဲ့အခါ၊ သတိရညနေခင်းတွေမှာ မင်းဆီကို ကိုယ်ပြေးလာချင်တယ်၊ အဆုံးသတ်မရှိမဲ့ အကွာအဝေးတွေကို မေ့ရင်း...."

-မြတ်၊ ယွန်းခက်မိုး-

9.08.2016
14.08.2016

 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

1 comment: