အခုပြန်တွေး အခုမျက်ရည်ကျလို့ရတဲ့ အခိုက်အတန့်ဆိုတာမျိုးတွေက
လူတိုင်းမှာရှိတတ်တာပဲမလား
တစ်ခုပဲ အဝေးပြေးကားတွေစီးပြီးခရီးသွားရတဲ့အခါမျိုးဆို ခေါင်းထဲ စိတ်ထဲမှာထင်ရှားလာတတ်တယ်
ဘေးမှန်ပြတင်းကနေ တရိပ်ရိပ်ပုံရိပ်တွေက ပြေးနေတာလား ကျန်ခဲ့တာလား မသိအောင် မြင်ကွင်းတွေဝေဝါးလာရတဲ့ အခါမျိုးတွေက ရှိမှာပဲ
ရေမဆာဘဲ ရှေ့ခုံနောက်ကျောဘက်အိတ်ကလေးထဲက ရေဘူးကို ထုတ်သောက်ပြီး ခေါင်းမော့ပစ်လိုက်ရတဲ့ လူမျိုးတွေလည်းရှိမယ်
ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးလို့ ဆင်ခြင်ရင်းကပဲ လူဆိုတာ နာကျင်မှုကိုဖုံးဖုံးဖိဖိနဲ့ အသက်ရှင်သွားကြရတာပဲ။ ။
- ပြည့်စုံဝင်း -
♥ M ♥
© hsudiary.blogspot.com. All Rights Reserved.
I am a Virgo queen who obsessed with books, movies , music and traveling around Myanmar.
Friday, January 13, 2017
ပျင်းစရာကောင်းလာတယ် ၊ ပြင်းစရာကောင်းလာတယ် - စည်သူအောင် ၊ ပြည့်စုံဝင်း ၊ ဇောက်ထိုး
ရှင်သန်မှုဟာသိပ်အဖွာမခံဘူး
ပျင်းပျင်းရှိတိုင်း ကိုယ့်ဖြစ်တည်မှုကိုယ်ပြာချချနေရတာ
ကြာတော့လည်း ပျင်းလာတယ်
ဘာတွေပဲရှိရှိ ဒီနံရံကိုတိုက်မဖွင့်တော့ဘူး
ဘာတွေပဲကျကျ ဒီအန်စာကိုဆက်မခေါက်တော့ဘူး
ပျင်းစရာကောင်းလာတယ်
ပြင်းစရာကောင်းလာတယ်
ခြေခင်းလက်ခင်းသာရုံဆို ဘာလို့  ကိုယ့်ကို
ကုတ်ခြစ်နေသေးလဲ တမြိမြိ
နိစ္စဓူဝ လှိုဏ်ခေါင်းထဲ
အက်ကြောင်း တွေ လှိုက်လာတယ်
လွှတ်ချလိုက်တိုင်း လွတ် လွတ်ကျသွားတယ်
ဘယ်လိုပျင်းရိမှုမျိုးလဲ
အခန်းဟာ ပိုပိုမှောင်လာ
အရောင်ဟာပိုပိုလောင်လာ
အပူဟာ ပိုပိုသည်းလာ
နေသားမကျမှုနဲ့ စိတ်လွတ်ကိုယ်လွတ်ရုန်းအထွက်မှာ
တံခါးကို ဘယ်သူ လော့ခ် လာချသွားသလဲ
သီချင်းတွေထဲပဲ ၀င်ပြီးသေကြည့်ကြတာပေါ့
ခလုတ်တိုက်မိတိုင်း နာရတာ ပျင်းစရာကောင်းတယ်မလား
ဗာရာဏသီများ ၊ ဗြဟ္မဒတ်များ
ဗီလိန် ဟီးရိုး ပုံသေကားချပ်များ
ကိုယ့်ရာဇသံနဲ့  ကိုယ်တော့
လောကဓံရှစ်ပါးလုံး လက်လွှတ်စီးလိုက်ကြ
မဗေဒါ(ဆိုသူများ) မြို့ ထဲဝင်လာရာ
ဘဲအုပ် (သုံးလေးကောင်)မှာ ကြက်ပျောက်ငှက်ပျောက်
ကိုယ့်ကိုယ်ကို မထူးခြားဘူး တွေးမိရင်
ခင်ဗျားလည်း ထူးခြားတဲ့သူ
ကိုယ့် ပုံသေနည်းနဲ့ ကိုယ်
တဖြည်းဖြည်းပျင်းလာ
ကိုယ့်ဘောင်ဟာ ကိုယ့်အတွက်
တဖြည်းဖြည်း ကျဉ်းသွား
နာရီလက်တံထဲ ခုန်ချလိုက်ကာမှ
အချိန်တွေ နှေးသွားလိုက်ပုံများ
နားကြပ်ဟာ နားမှာ
တဖြည်းဖြည်းကျပ်လာသလိုမျိုး
အသက်ရှူလမ်းကြောင်းပါ ကျပ်လာတယ်
ကိုယ့် ကြက်ခြေခတ်နဲ့ကိုယ်
ခပ်ပါးပါးလေးပဲ မှားချင်ယောင်ဆောင်မယ်
ကိုယ့်ကို ကောလဟာလလို သဘောထားပါ
လူစော်နံလွန်းတဲ့ ၀န်းကျင်တွေမှာ အသက်ရှူမဝ
ကိုယ့်အသွေးအရောင်နဲ့ မခင်းလည်း လင်းနေပြီးသားပဲ
တစ်ယောက်တည်း ပျင်းစရာကောင်းလောက်အောင်
မှောင်ချပစ်လိုက်တယ်
သွေ့ခြောက်ခြောက် စိတ်ဒရွတ်တိုက်မှုများ
ပွယောင်းယောင်း ချစ်ခြင်းမေတ္တာများ
ပိုမိုကျစ်လစ်လာတဲ့ ပျင်းရိပျင်းတွဲအနည်ထိုင်မှုများ
မည်ကာမတ္တ အနှစ်သာရ
ငါတို့  သိတဲ့ လူ့  အဖြစ်ဟာ အဟောင်းဆိုင်လား
ငါတို့  သိတဲ့ စကြဝဠာ ဟာ ဖိနပ်အဆွေးတစ်ရံလား
ငါတို့  သတ်မှတ်တဲ့ အသစ်တွေဆိုတာ
ပြန်လည်ခြယ်သထားတဲ့ အနာအဆာတွေလား
ငါတို့ဟာ ပုဒ်မအချခံလိုက်ရတဲ့ စကားလုံးတွေ
ငါတို့ဟာ စာလုံးပေါင်းမှားခဲ့တဲ့ စကားလုံးတွေ
ငါတို့ဟာ မျဉ်းအပိတ်ခံလိုက်ရတဲ့ စကားလုံးတွေ
ငါတို့ဟာ ငါတို့ကိုယ် ငါတို့
ပြန်ကျပျောက်ခဲ့ရတဲ့ ဆွံ့အမှုတွေ
ငါတို့ပစ်တဲ့ကွန်မှာ အိပ်မက်တွေမမိဘူး
သက်ပြင်း/ပျင်း တွေပဲ အထွေးလိုက်ဆယ်ဆယ်ယူနေရ
ခပ်ညံ့ညံ့ သရဲကားတွေလိုလား
ပျော်ပွဲစားထွက်ကြကတည်းက
ဒီဇာတ်လမ်းထဲ ဘယ်သူတွေ သေရစ်မယ်
ခန့် မှန်းနေခဲ့ရပုံများ
မဆုံးခင်ကတည်းက ရိပ်မိနေတဲ့ ဇာတ်မျိုးဆိုတော့
အရိပ်မပြလည်း အကောင်က ထင်ထင်ရှားရှား
ရှေးဟောင်းနှောင်းဖြစ် မြစ်ထဲ
ဝဲကတော့တွေ ပွင့်ဖူးနေကြ
ခုန်ဆင်းလိုက်ရတော့မလား
အပျင်းပြေစရာတစ်ခုခုဆီရောက်လိုရောက်ငြား
လက်တွေကို ဖြန့်ထားကြည့်လိုက်တယ်
လက်ချောင်းတွေကြား လျှောကျသွားတဲ့ ကောင်းကင်
ဒါကိုပဲ ဇက်ကျိုးမတတ် မော့မော့လွမ်းနေရ
တိမ်တိုက်တွေထဲ ပြေးဝင်သွားတဲ့ ပျင်းရိခြင်းမျိုးနဲ့ 
အာရုံတွေကို အိပ်ငွေ့ချထားတယ်
တစ်ချက်တစ်ချက် ထယောင်မိတာကလွဲလို့
ဒဏ်ရာတွေကို ပျင်းပျင်းကြီး ပြုံးကြည့်လာတတ်ခဲ့
စစ်တုရင်ခုံက ဘုရင်ရုပ်လို ခန့်ညားပုံမျိုးနဲ့
ကိုယ့် စိတ်ကူးတွေ အနားသတ်ထားတယ်
ဒါပေမယ့်
ငါတို့ဟာ နယ်ရုပ်တွေပါပဲ
မသေမချင်း ကံရွှေ့သမျှရွေ့ရင်း
အချင်းချင်းစားသောက်
လျှောက်နေရင်းနဲ့ လမ်းတွေ ကျ ကျပျောက်တော့
ပြေးနေရတဲ့ ကစားပွဲဟာ ပျင်းစရာကောင်းလာတယ်
ဦးတည်လွင့်စင်လာသမျှ
မရှောင်တမ်း ပြေးတိုက်လိုက်တော့မယ်
ဘယ်လိုရွာကျမှုမျိုးတဲ့လဲ
အပျင်းတွေ ပိုးပိုးပေါက်ပေါက် မှာ
စကားလုံးတွေ စိုသွားတယ်
စိတ်ကူးတွေ မွန်းသွားတယ်
ခင်ဗျားတို့ ဒီကဗျာကို ဖတ်ရခြင်းအကြောင်းကိုက
ပျင်းလို့ဖြစ်နေနိုင်တယ်
ဘာပဲဖြစ်ဖြစ်ပါ
စိတ်မပါလက်မပါ ပျော်ပြရတာထက်စာရင်
စိတ်ရောကိုယ်ပါ ပျင်းရိခြင်းဟာ အဓိပ္ပာယ်ရှိတယ်မလား
လာပါ
ခပ်ပျော့ပျော့ ရက်စွဲတွေထဲမှာ သမ်းဝေနေကြမဲ့အစား
ခပ်ပြင်းပြင်းလေးပဲ ပျင်းကြရအောင်
ဟုတ်ကဲ့ တကယ်တော့
(ခင်ဗျားတို့ ထင်ထားတာထက်ကို)
ပျင်းစရာဟာ ကောင်းပါတယ် ။ ။
- စည်သူအောင် ။ ပြည့်စုံဝင်း ။ ဇောက်ထိုး -

Tuesday, January 3, 2017
" ချစ်သော Emily..." - စစ်ငြိမ်း
၁.
သတိရခြင်းဟာ ငါခုန်ချခဲ့တဲ့ချောက်ကမ်းပါးပဲEmily နင်မရှိတော့တဲ့မြို့ကလေးကို ခရီးထွက်ဖူးတယ်။ မြို့လေးက ဘာမှမပြောင်းလဲဘူး။ အရင်အတိုင်း ညို့မှိုင်းမှိုင်းအရောင်တွေနဲ့ ကောင်းကင်မှာ မီးခိုးငှက်ကလေးတွေ ပျံသန်းဆဲပဲ။ ရန်ကင်းစင်တာရှေ့ ယောင်ပေပေ ငါရောက်ဖြစ်တယ်။ လက်ကောက်ဝတ်မှာမရှိတော့တဲ့နာရီလေးကို အမှတ်မထင်ကြည့်မိသလိုမျိုး လမ်းကူးလာတဲ့လူတွေကို ငေးနေမိတယ်။ ငါတွေးမိပါတယ် မြို့ကလေးမှာ ငါမရှိတုန်းကရော နင်လွမ်းနေခဲ့မလားလို့။ လူတွေရဲ့မှတ်ဥာဏ်က နောက်ဆုံးတွေ့ခဲ့ကြတဲ့အချိန်မှာ ရပ်တံ့သွားတယ်တဲ့ Emily။ ငါ့လက်ဖမိုးပေါ် နင့်မျက်ရည်စတွေကျခဲ့တာ ငါမှတ်မိတာပေါ့။ အဲ့ဒီတုန်းက မနက်ဖြန် ကိုယ်တို့လက်ထပ်ကြမယ်လို့ပြောခဲ့တယ်နော်။ ရယ်ရ မောရပါတယ် Emilyရယ်။ ရယ်စရာ မောစရာပါပဲ။ အဲလိုပြောပြီးကတည်းက ဝေးလိုက်ရတာ။ နင်ကလည်း နင့်အမျိုးသားကို ချစ်တဲ့အကြောင်း ပြောထွက်နိုင်တဲ့အထိ။ ငါကလည်း နင့်အကြောင်းတွေးပြီး အခြားမိန်းမတစ်ယောက်ရဲ့နှုတ်ခမ်းကို နမ်းနိုင်တဲ့အထိ။ အခု နင်မရှိတော့တဲ့မြို့လေးကို ငါရောက်နေတယ်Emily။
၂.
နင့်မျက်ဝန်းလေးတွေစိုစွတ်လာတိုင်း နင့်နှုတ်ခမ်းလေးတွေ နွေးနေတတ်တာသတိရတယ် Emily။ ရင်ထဲမှာ ဘယ်တုန်းကဝေးဖူးလို့လဲ...?။ မင်းအမျိုးသားကို မင်းချစ်သွားမှာပါ...လို့ ပြောရင်း ငါငိုဖူးတယ်။ သတိရရင် နံပတ်၁ကိုနိပ်ပါ။ မမေ့သေးရင် နံပတ်၂ကိုနှိပ်ပါ။ ဘယ်တုန်းကမှမမုန်းခဲ့ဖူးဘူးဆို ငါ့ကိုဖုန်းခေါ်ပါ။ မေမြို့မှာပွင့်တဲ့ပန်းက သစ္စာပန်းတဲ့Emily။ မန္တလေးမြို့ရဲ့ဆောင်းညတွေမှာတော့ ဘယ်တော့မှမပွင့်မည့်ပန်းအတွက် ငါမူးလဲနေတတ်ပြီ။ ဘယ်တော့မှပြန်မတွေ့ဖြစ်တော့မည့်လူတစ်ယောက်ရဲ့ပါးကို အဝေးကလှမ်းနမ်းရတာ ဆန်းပါတယ်။ လွမ်းတယ်လို့မပြောပဲ လွမ်းနေရတာမျိုးကို အချစ်ဟောင်းလို့ခေါ်တယ်Emily။
၃.
ရည်းစားဟောင်းတဲ့ နင့်ကို ငါ့ရည်းစားဟောင်းပါတဲ့ Emilyရယ် ငါ့မှာအထိတ်တလန့်ပါပဲ ရင်ထဲကကံ့ကော်ပန်းတွေ အခုထိမကြွေသေးတာ သူတို့သိရင်ကောင်းမယ်။
၎.
အိမ်ရှေ့ကပိတောက်ပင်ကြီးကို မျက်နှာခြင်းမဆိုင်ရဲဘူးEmilyရယ်။ ငါတို့ အတူထိုင်ငေးနေကျဝရံတာလေးကနေကြည့်လိုက်တိုင်း သူကငါ့ကိုမေးတယ်။ နောင်တတရားဟာ ကိုယ်လွတ်သွားတဲ့ ရထားတစ်စင်းရဲ့မီးခိုးငွေ့တွေကို စိတ်နဲ့လှမ်းဖမ်းရသလိုမျိုးလား...တဲ့။ စိတ်ပျက်ငြီးငွေ့စွာလှဲအိပ်ချလိုက်တော့ ကောင်းကင်မှာ နတ်ဖွက်ထားတဲ့တိမ်တွေ။ မျက်ဝန်းနဲ့ရေးတဲ့ကဗျာတွေကို ဘယ်သူမှ နားလည်မပေးကြပါဘူးကွယ်..။ အချစ်ဟာ သစ်ပင်တစ်ပင်ဆို အလွမ်းဟာ ရွက်ကြွေတွေပဲ Emily...။ ဘယ်တော့မှ နဂိုအတိုင်းပြန်မဖြစ်တော့မှာသိသိကြီးနဲ့လေ...။
၅.
ငါ အိပ်မက်မက်တယ်Emily...။ အိပ်မက်မက်တာ မဆန်းပါဘူး။ ဒါပေမဲ့...။ အိပ်မက်ထဲမှာတောင် နင့်ကိုငါမပိုင်တာ ဆန်းတယ်။ မနက်ခင်းတွေမှာ နင့်အမျိုးသားနဲ့အတူနိုးထလာတိုင်း ငါ့ကိုသတိရပေးပါEmily.. ။ ငါ့ကိုချစ်ရင်သားလေးမွေးပါ...ဆိုတဲ့စကားက နောက်တာမဟုတ်ဘူး။ နောက်တာမဟုတ်ဖူး ချစ်သော.... Emilyရဲ့။ ငါများ အရှင်လတ်လတ် နင့်ရင်ထဲမှာ ဝင်စားမလားလို့လေ။
၆.
ပျော်ပါတယ်Emilyရေ...။ ဘယ်သူနဲ့မှစကားပြောဖို့မလိုပဲ တိတ်တိတ်လေးထိုင်နေရတာပျော်ပါတယ်။ ချဉ်စပ်ခေါက်ဆွဲတစ်ပွဲကို တစ်ယောက်တည်းစားရတာပျော်ပါတယ်။ ကော်ဖီတစ်ခွက်ကို တစ်ယောက်တည်းသောက်ရတာ ပျော်ပါတယ်။ ညဖက်ဆို ဘယ်သူ့ကိုမှ နှုတ်ဆက်စရာမလိုပဲအိပ်ရတာ ပျော်ပါတယ်။ စီးကရက်တွေ အတားအဆီးမရှိသောက်ရတာ ပျော်ပါတယ်။ " ဒုတိယလူ "သီချင်းကို နားထောင်ရတာပျော်ပါတယ်။ ကိုယ့်သေတွင်းကိုယ် မြတ်မြတ်နိုးနိုးတူးရတာ ပျော်ပါတယ်။
၇.
ငါ အခုချက်ချင်းလဲသေပြီး နင့်ဘယ်ဖက်ပုခုံးပေါ်တတ်တူးလေးများဝင်စားမလား...။ နင်ကိုယ်တိုင်မွေးတဲ့ နင့်သားလေးများဝင်စားမလား...။ ငါ့သေတွင်း ငါတူးရတာ ချမ်းမြေ့လှပါတယ်Emily...။
၈.
ကိုယ့်ပုခုံးကိုကိုက်နေတဲ့ခြင်တစ်ကောင်ကို မရိုက်အားသေးသလိုမျိုး သတိရစိတ်ဟာတဆစ်ဆစ်ပေါ့Emilyရယ်...။ သံသရာတစ်ထောင့်မှာ ကိုယ် စောင့်နေမှာပေါ့။ တတ်တူးဆင်တူထိုးဖို့...။ Allsterဖိနပ်လေး ဆင်တူစီးဖို့...။ ကော်ဖီတစ်ခွက်နဲ့ တိတ်တိတ်လေးထိုင် Supernaturalဇာတ်လမ်းတွဲ အတူတူကြည့်ဖို့...။ စာအုပ်တစ်အုပ်ကို အတူတူဖတ်ရင်း မင့်ပါးလေးကို ဖြတ်ခနဲနမ်းလိုက်ဖို့ ကိုယ်စောင့်နေမှာပေါ့...။
၉.
" မင်းအတွက်နောက်ဆုံး "ဆိုတဲ့ကဗျာလေးမှာ အဆုံးသတ်မရှိကြောင်း ပြောပြဖို့...။ ကိုယ်ဖွဲ့တဲ့အလွမ်းတေးတွေမှာ မင်းပုခုံးပေါ်လာနားမည့် ချစ်စရာ့လိပ်ပြာလေးတွေပါကြောင်း ပြောပြမလို့...။ ကိုယ်ကြင်နာရတဲ့ ဖျားနာနေသောကံ့ကော်ပွင့်လေးဟာ မင်းဖြစ်ကြောင်း ပြောပြဖို့ သံသရာတစ်ထောင့်မှာ ကိုယ် တိတ်တိတ်လေးစောင့်နေမှာပေါ့ကွယ်...။
၁၀.
နင်ပြောခဲ့တဲ့စကားလေးအတိုင်းပဲ ငယ်ဘဝရဲ့ကစားကွင်းလေးကိုပြန်ရောက်တဲ့အခါ ပျော်ရွင်မှုခြေရာတွေကိုပြန်မတွေ့တော့သလိုမျိုး...။ အတိတ်ဟာ တူးတိုင်းနက်တဲ့စိတ်သေတွင်းပေါ့Emily...။ နင်ဘယ်တော့မှပြန်မလာတော့မည့်မြေမှာ ငါ့နိုင်ငံကို အခိုင်အမာတည်ထောင်နေရတာ မောတယ်။
၁၁.
Deanပြောသလိုပဲ မနက်ခင်းတိုင်းမှာ မျှော်လင့်ချက်အမှားတွေနဲ့ နိုးထမလာချင်တော့ဘူး။ ကိုယ့်အကြောင်း ကောင်းကောင်းမမှတ်မိတော့တဲ့ မိန်းမတစ်ယောက်ကိုလည်း လွမ်းမနေချင်တော့ဘူး။ ညနေခင်းတွေဆို ကိုယ် ဆိုင်ကယ်တစ်စီးနဲ့ ကျုံးဘေးရောက်ဖြစ်တယ်။ တိမ်တွေ တိမ်တွေဆိုတာ အရမ်းလှတာပဲ။ လွမ်းတဲ့စိတ်နဲ့ အိပ်မနေပါနဲ့တော့လို့ ပျံလွှားငှက်ကလေးတွေကပြောတယ်။ မန္တလေးမြို့ဟာ အနုပညာဓာတ် လွှမ်းခြုံထားတယ်ထင်ရဲ့။ ကိုယ်ဝင်ထိုင်မိတဲ့အရက်ဆိုင်မှာ တီးဝိုင်းကလေးက နွေဦးကံ့ကော်များနဲ့ကြိုနေတယ်။ ကိုယ်တစ်ခွက်ပြီးတစ်ခွက် မော့တယ်။ မူးမူးနဲ့ လမ်းမကြီးကိုကြည့်ရတာ ကြေကွဲစရာပါ။ Black listထဲကကောင်က နင့်ပါးပေါ်ကပါးကွက်လေးကအစ မှတ်မိနေတတ်တာ သိပ်တော့ စောက်ရေးမပါပါဘူးEmilyရယ်။
၁၂.
နင်သေပြီး ငါရူးသွားတယ်လို့ အိပ်မက်မက်တယ်Emily။ ဒါပေမဲ့ တစ်ကယ်တမ်းက နင်အရှင်လတ်လတ်ရှိနေရဲ့နဲ့ ငါရူးနေတာ။ အခုတလော ငါ့မှာ အဖက်ဖက်က ပျက်ဆီးပြိုကျနေတယ်။ လူ့ဘဝရဲ့ ရှင်သန်ခြင်းဟာ ဘာလဲ။ ငါ့မှာ အဲဒီမေးခွန်းကို တဖွဖွရွတ်နေမိတယ်။ ငါ့ကိုတစ်ကယ်မချစ်တဲ့မိန်းမတွေ။ ကျောပေးလိုက်တာနဲ့ ဘယ်တော့မှပြန်မတွေ့ကြတော့မည့် ဆက်ဆံရေးတွေ။ တစ်ယောက်တည်းဖြစ်နေတယ်လို့ ကယောင်ချောက်ခြားတွေးပြီး တစ်ကယ်လည်း တစ်ယောက်တည်းဖြစ်နေတာမျိုးတွေ။ ငါနေထိုင်ရာမြို့ကို လူမရှိတဲ့ကျွန်းကြီးလို့ ထင်နေမိတာတွေ။ ငါမပျော်ဘူးEmily...။ ငါ တစ်ကယ်ကို မပျော်ဘူး။ သေဆုံးသွားတဲ့လူတစ်ယောက်နဲ့ မတွေ့နိုင်တော့သလိုမျိုးကြီးကို အရှင်လတ်လတ်ဝေးသွားခဲ့ရတယ်လို့ ငါခံစားရတယ်။ ခံနိုင်ရည်တွေထက်ကို ပိုပြီးတော့ အဆက်အသွယ်ပြတ်သွားတယ်လို့ ငါခံစားရတယ်။ တစ်ကယ်သေသွားရင် နောက်ဘဝရှိတယ်Emily...။ " ရှင်ကွဲ "မှာ နောက်ဘဝမရှိဘူး။
၁၃.
မင်းချိုးကွေ့လိုက်တဲ့လမ်းတိုင်းရဲ့အဆုံးမှာ ငါရှိနေချင်တယ်Emily။ ဒါပေမဲ့ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ငါတို့ပိုဝေးသွားကြတာသိနေရတယ်။ ငါလှမ်းလိုက်တဲ့ခြေလှမ်းတိုင်းဟာ ဆန့်ကျင်ဖက်အရပ်ကိုသာဦးတည်နေတယ်လို့ ခံစားနေရတာမျိုး အရမ်းဖြစ်နေတယ်။ ငါငယ်ငယ်က သဲအိမ်လေးတွေဆောက်တယ်Emily။ ဒါပေမဲ့ အိမ်ပြန်ချိန်ရောက်ရင် ဝမ်းနည်းစွာထားပစ်ခဲ့ရတာချည်းပဲ။ မျှော်လင့်ချက်ဆိုတာ လှလှပပဖြိုချခံရတဲ့သဲအိမ်တွေပေါ့။ လရောင်တွေ အရမ်းလင်းတဲ့ညမှာ လေချွန်သံတိုးတိုးကြားရရင်။ မင်းနှာသီးဝမှာ စီးကရက်နံ့လေး သင်းခနဲရလိုက်ရင်။ စားပွဲထောင့်စွန်းကဝက်ဝံရုပ်လေး သူ့အလိုလိုပြုတ်ကျသွားခဲ့ရင်။ တိုက်ဆိုင်မှုမရှိပဲ တစ်စုံတစ်ယောက်ကို သတိရနေတာမျိုး ဖြစ်ခဲ့ရင်။ သိလိုက်ပါ...။ နင့်ဘေးက အခိုးအငွေ့လေးတွေဟာ ငါဖြစ်နေနိုင်တာမျိုးပေါ့။
၁၄.
လေတွေအရမ်းကိုပိုတိုက်လာတယ်။ နှင်းတွေအရမ်းကိုပိုကျလာတယ်။ မဟာဝင်္ကပါဆန်ဆန်လောကထဲ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ကျပျောက်တဲ့အခါ။ အိမ်ယာမဲ့ဂျစ်ပစီတစ်ယောက်ဟာ နှင်းမိုးတွေအောက်မှာ သူ့ခွေးကလေးကိုပွေ့ဖက်ထားတဲ့အခါ။ စွန့်ပစ်ခဲ့တာမဟုတ်ဖူး ဆုံးရှုံးခဲ့ရတာပါလို့ ငါတို့တွေ ပြောခွင့်မရှိတော့တဲ့အခါ။ အချစ်ဆိုတာ နှင်းဆီပန်းတစ်ပွင့်မဟုတ်တော့ဘူး။ တစ်ယောက်တည်းလျှောက်တဲ့လမ်းမများအပေါ် ကျေနပ်စွာ ကျောခင်းလိုက်ခြင်းပဲဖြစ်တယ်။
- စစ်ငြိမ်း -

ကမ္ဘာတစ်ခုစာ တစ်ကိုယ်ရည်မိုးမိ - ပြည့်စုံဝင်း
နောက်တစ်ခါ ဒီအကြောင်းကဗျာရေးမိရင်
ကိုယ့်လက်ကိုယ်ဖြတ်မယ်
နောက်တစ်ခါ ဒီဂြိုလ်ပေါ်ခြေထပ်ချမိရင်
ကိုယ့်ခြေထောက်ကိုယ်ချိုးပစ်မယ်
ဒီအတွေးနဲ့ အမြဲအိပ်ရာဝင်ခဲ့... ငါက
ဒီလို နာနာကျည်းကျည်းတွေးခဲ့... ငါက ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့... ငါက
နိုးလဲလာရော
မက်ဆေ့ခ်ျတစ်စောင်နဲ့တင်
ငါတည်ထားသမျှ ငါပဲပြန်ဖြိုလိုက်ရ
မိုးရွာတယ် ထီးဆောင်းပါ ကျန်းမာရေးဂရုစိုက်ပါ
တစ်သက်လုံးမကျွတ်နိုင်တဲ့ ဝဋ်မိုးပေါက်တွေထဲ
ငါပေရပ်တယ်
ဘယ်လိုပဲဖြစ်ဖြစ်
မိုးတိတ်ရင် ငါ့ဆီဖုန်းဆက်ပါ
စိတ်လွတ်လက်လွတ် ငိုရဲတဲ့နေ့
ငါ့ဆီအကြောင်းကြားပါ
သီးသန့်ကဗျာတစ်ပုဒ်ပေးဖတ်ဖို့ရှိတယ်။ ။

Sunday, January 1, 2017
နူးညံ့စိတ်ထား နှလုံးသား - သင့်လူ
ဒီစာအုပ်က
နားစွင့်ကြားဟန် ရင်ခုန်သံရဲ့ နောက်ဆက်တွဲ စာအုပ် ၊ မူရင်းစာရေးသူက နားစွင့်ကြားဟန်
ရင်ခုန်သံကနေ စတင်ခဲ့တဲ့ နူးညံ့တဲ့ချစ်ခြင်းမေတ္တာကို နူးညံ့စိတ်ထား နှလုံးသားအထိသယ်ဆောင်လာခဲ့…။
စာအုပ်ရဲ့ အစပိုင်းတွေမှာ realistic သိပ်မဖြစ်လှဘူး လို့ ခံစားရပေမဲ့ ဇာတ်လမ်းက ကိုယ့်ကို
သယ်ဆောင်သွားခဲ့တယ် ။ ကိုယ့် စိတ်ထင် ရှေးက ကိုယ်တို့ ဗမာလူမျိုးတွေရဲ့ ယုံကြည်မှုတွေကို
မူရင်းစာရေးသူက တစိတ်တပိုင်းဖော်ပြချင်ခဲ့ဟန်တူပါတယ် ။
ဂျူလီယာဝင်း
တစ်ယောက် မြန်မာပြည်က ပြန်သွားအပြီး ဆယ်နှစ်အကြာမှ အကြောင်းကိစ္စတွေကြောင့် မြန်မာပြည်
ကလောမြို့ကို ပြန်ေ၇ာက်လာခဲ့ရတယ် ။ နယူးယောက်မှာ စတင်ပြီး ကြားရတဲ့ အသံရှင်နောက်ကို လိုက်ရင်းနဲ့
အချစ်တစ်ခုကို ရှာဖွေ့တွေရှိခဲ့တယ် ပေါ့ ။ တချို့နေရာတွေမှာ realistic မဖြစ်ဘူးတွေးမိပေမဲ့
၊ ဥပမာ အသံရှင် က မြန်မာပြည်ကဖြစ်ပြီး ၊ ဂျူလီယာဝင်းက မြန်မာစကားမတတ်သူတစ်ယောက်ဖြစ်နေတော့
သူ ဘယ်လိုများ အသံရှင်ရဲ့ စကားတွေ နားလည်သလဲပေါ့နော် ။ ဒါပေမဲ့လည်း ကိုယ့်ကို အဆုံးထိ
ဆွဲခေါ်သွားနိုင်တဲ့ စာအုပ်တစ်အုပ်မို့ ဖတ်ညွှန်းရေးပေးလိုက်ရပါတယ် ။
♥ M ♥
©
hsudiary.blogspot.com. All Rights Reserved.
Subscribe to:
Posts (Atom)