Friday, January 13, 2017

ပျင်းစရာကောင်းလာတယ် ၊ ပြင်းစရာကောင်းလာတယ် - စည်သူအောင် ၊ ပြည့်စုံဝင်း ၊ ဇောက်ထိုး

ရှင်သန်မှုဟာသိပ်အဖွာမခံဘူး
ပျင်းပျင်းရှိတိုင်း ကိုယ့်ဖြစ်တည်မှုကိုယ်ပြာချချနေရတာ
ကြာတော့လည်း ပျင်းလာတယ်
ဘာတွေပဲရှိရှိ ဒီနံရံကိုတိုက်မဖွင့်တော့ဘူး
ဘာတွေပဲကျကျ ဒီအန်စာကိုဆက်မခေါက်တော့ဘူး
ပျင်းစရာကောင်းလာတယ်
ပြင်းစရာကောင်းလာတယ်
ခြေခင်းလက်ခင်းသာရုံဆို ဘာလို့  ကိုယ့်ကို
ကုတ်ခြစ်နေသေးလဲ တမြိမြိ
နိစ္စဓူဝ လှိုဏ်ခေါင်းထဲ
အက်ကြောင်း တွေ လှိုက်လာတယ်
လွှတ်ချလိုက်တိုင်း လွတ် လွတ်ကျသွားတယ်
ဘယ်လိုပျင်းရိမှုမျိုးလဲ
အခန်းဟာ ပိုပိုမှောင်လာ
အရောင်ဟာပိုပိုလောင်လာ
အပူဟာ ပိုပိုသည်းလာ
နေသားမကျမှုနဲ့ စိတ်လွတ်ကိုယ်လွတ်ရုန်းအထွက်မှာ
တံခါးကို ဘယ်သူ လော့ခ် လာချသွားသလဲ
သီချင်းတွေထဲပဲ ၀င်ပြီးသေကြည့်ကြတာပေါ့
ခလုတ်တိုက်မိတိုင်း နာရတာ ပျင်းစရာကောင်းတယ်မလား
ဗာရာဏသီများ ၊ ဗြဟ္မဒတ်များ
ဗီလိန် ဟီးရိုး ပုံသေကားချပ်များ
ကိုယ့်ရာဇသံနဲ့  ကိုယ်တော့
လောကဓံရှစ်ပါးလုံး လက်လွှတ်စီးလိုက်ကြ
မဗေဒါ(ဆိုသူများ) မြို့ ထဲဝင်လာရာ
ဘဲအုပ် (သုံးလေးကောင်)မှာ ကြက်ပျောက်ငှက်ပျောက်
ကိုယ့်ကိုယ်ကို မထူးခြားဘူး တွေးမိရင်
ခင်ဗျားလည်း ထူးခြားတဲ့သူ
ကိုယ့် ပုံသေနည်းနဲ့ ကိုယ်
တဖြည်းဖြည်းပျင်းလာ
ကိုယ့်ဘောင်ဟာ ကိုယ့်အတွက်
တဖြည်းဖြည်း ကျဉ်းသွား
နာရီလက်တံထဲ ခုန်ချလိုက်ကာမှ
အချိန်တွေ နှေးသွားလိုက်ပုံများ
နားကြပ်ဟာ နားမှာ
တဖြည်းဖြည်းကျပ်လာသလိုမျိုး
အသက်ရှူလမ်းကြောင်းပါ ကျပ်လာတယ်
ကိုယ့် ကြက်ခြေခတ်နဲ့ကိုယ်
ခပ်ပါးပါးလေးပဲ မှားချင်ယောင်ဆောင်မယ်
ကိုယ့်ကို ကောလဟာလလို သဘောထားပါ
လူစော်နံလွန်းတဲ့ ၀န်းကျင်တွေမှာ အသက်ရှူမဝ
ကိုယ့်အသွေးအရောင်နဲ့ မခင်းလည်း လင်းနေပြီးသားပဲ
တစ်ယောက်တည်း ပျင်းစရာကောင်းလောက်အောင်
မှောင်ချပစ်လိုက်တယ်
သွေ့ခြောက်ခြောက် စိတ်ဒရွတ်တိုက်မှုများ
ပွယောင်းယောင်း ချစ်ခြင်းမေတ္တာများ
ပိုမိုကျစ်လစ်လာတဲ့ ပျင်းရိပျင်းတွဲအနည်ထိုင်မှုများ
မည်ကာမတ္တ အနှစ်သာရ
ငါတို့  သိတဲ့ လူ့  အဖြစ်ဟာ အဟောင်းဆိုင်လား
ငါတို့  သိတဲ့ စကြဝဠာ ဟာ ဖိနပ်အဆွေးတစ်ရံလား
ငါတို့  သတ်မှတ်တဲ့ အသစ်တွေဆိုတာ
ပြန်လည်ခြယ်သထားတဲ့ အနာအဆာတွေလား
ငါတို့ဟာ ပုဒ်မအချခံလိုက်ရတဲ့ စကားလုံးတွေ
ငါတို့ဟာ စာလုံးပေါင်းမှားခဲ့တဲ့ စကားလုံးတွေ
ငါတို့ဟာ မျဉ်းအပိတ်ခံလိုက်ရတဲ့ စကားလုံးတွေ
ငါတို့ဟာ ငါတို့ကိုယ် ငါတို့
ပြန်ကျပျောက်ခဲ့ရတဲ့ ဆွံ့အမှုတွေ
ငါတို့ပစ်တဲ့ကွန်မှာ အိပ်မက်တွေမမိဘူး
သက်ပြင်း/ပျင်း တွေပဲ အထွေးလိုက်ဆယ်ဆယ်ယူနေရ
ခပ်ညံ့ညံ့ သရဲကားတွေလိုလား
ပျော်ပွဲစားထွက်ကြကတည်းက
ဒီဇာတ်လမ်းထဲ ဘယ်သူတွေ သေရစ်မယ်
ခန့် မှန်းနေခဲ့ရပုံများ
မဆုံးခင်ကတည်းက ရိပ်မိနေတဲ့ ဇာတ်မျိုးဆိုတော့
အရိပ်မပြလည်း အကောင်က ထင်ထင်ရှားရှား
ရှေးဟောင်းနှောင်းဖြစ် မြစ်ထဲ
ဝဲကတော့တွေ ပွင့်ဖူးနေကြ
ခုန်ဆင်းလိုက်ရတော့မလား
အပျင်းပြေစရာတစ်ခုခုဆီရောက်လိုရောက်ငြား
လက်တွေကို ဖြန့်ထားကြည့်လိုက်တယ်
လက်ချောင်းတွေကြား လျှောကျသွားတဲ့ ကောင်းကင်
ဒါကိုပဲ ဇက်ကျိုးမတတ် မော့မော့လွမ်းနေရ
တိမ်တိုက်တွေထဲ ပြေးဝင်သွားတဲ့ ပျင်းရိခြင်းမျိုးနဲ့ 
အာရုံတွေကို အိပ်ငွေ့ချထားတယ်
တစ်ချက်တစ်ချက် ထယောင်မိတာကလွဲလို့
ဒဏ်ရာတွေကို ပျင်းပျင်းကြီး ပြုံးကြည့်လာတတ်ခဲ့
စစ်တုရင်ခုံက ဘုရင်ရုပ်လို ခန့်ညားပုံမျိုးနဲ့
ကိုယ့် စိတ်ကူးတွေ အနားသတ်ထားတယ်
ဒါပေမယ့်
ငါတို့ဟာ နယ်ရုပ်တွေပါပဲ
မသေမချင်း ကံရွှေ့သမျှရွေ့ရင်း
အချင်းချင်းစားသောက်
လျှောက်နေရင်းနဲ့ လမ်းတွေ ကျ ကျပျောက်တော့
ပြေးနေရတဲ့ ကစားပွဲဟာ ပျင်းစရာကောင်းလာတယ်
ဦးတည်လွင့်စင်လာသမျှ
မရှောင်တမ်း ပြေးတိုက်လိုက်တော့မယ်
ဘယ်လိုရွာကျမှုမျိုးတဲ့လဲ
အပျင်းတွေ ပိုးပိုးပေါက်ပေါက် မှာ
စကားလုံးတွေ စိုသွားတယ်
စိတ်ကူးတွေ မွန်းသွားတယ်
ခင်ဗျားတို့ ဒီကဗျာကို ဖတ်ရခြင်းအကြောင်းကိုက
ပျင်းလို့ဖြစ်နေနိုင်တယ်
ဘာပဲဖြစ်ဖြစ်ပါ
စိတ်မပါလက်မပါ ပျော်ပြရတာထက်စာရင်
စိတ်ရောကိုယ်ပါ ပျင်းရိခြင်းဟာ အဓိပ္ပာယ်ရှိတယ်မလား
လာပါ
ခပ်ပျော့ပျော့ ရက်စွဲတွေထဲမှာ သမ်းဝေနေကြမဲ့အစား
ခပ်ပြင်းပြင်းလေးပဲ ပျင်းကြရအောင်
ဟုတ်ကဲ့ တကယ်တော့
(ခင်ဗျားတို့ ထင်ထားတာထက်ကို)
ပျင်းစရာဟာ ကောင်းပါတယ် ။ ။


- စည်သူအောင်  ။  ပြည့်စုံဝင်း  ။  ဇောက်ထိုး -

No comments:

Post a Comment