Thursday, March 2, 2017

လေပြေတွေတိုက်ခတ်တဲ့အခါ….
ချစ်ခြင်းမေတ္တာ ဆိုတဲ့စကားကို ကြားရတဲ့အခါတိုင်း ကိုယ်ကတော့ နှုတ်ခမ်းလေး တစ်ချက်လောက် တွန့် ကနဲဖြစ်သွားအောင် အသာကလေး ပြုံးမိတယ် ။ ပြီးရင် စိတ်ထဲမှာတော့ ခပ် ကျယ် ကျယ်ကလေး အော်ရယ်မိလိုက်တယ်။ ဒီလောက်ပါပဲ ။ လူတွေရဲ့ ယုံကြည်မှုဆိုတာမျိုးတွေ က သူဖြတ်သန်း ခဲ့ရသမျှ တွေပဲလေ ၊ အဲဒီထဲ ကနေ ထွက်သွားဖို့ တော့ ခက်တယ်။
လူတွေကတော့ ချစ်ခြင်းမေတ္တာရဲ့ အကြောင်းကို သိပ်ပြီးတော့ တခမ်းတနား ဖွဲ့ ဆို တတ်ကြတာ။ သိပ်ပြီးလည်း တန်ဖိုးထားကြ သလိုမျိုးပါပဲ။ ချစ်ခြင်းမေတ္တာ လို့  သူ တို့ ပြောပြောနေကြတာ ဘယ်လိုအရာပါလိမ့်လို့  တစ်ခါတလေတော့လည်း သိချင်မိ တယ်။ "အင်းလေ လောကမှာ ချစ်ခြင်းမေတ္တာဆိုတဲ့အရာနဲ့  နီးစပ်ယဉ်ပါးခွင့်ရခဲ့တဲ့ သူတွေလည်း ရှိချင်ရှိမှာပေါ့" လို့ တွေးမိပေမယ့် ရာခိုင်နှုန်း နည်းနည်းလေးပဲ ဖြစ်ချင်လည်း ဖြစ်နေမှာပါလို့  ချက်ချင်းပြန်ပြီး တွေးလိုက်မိတာပါပဲ။
မယုံလို့ မရတာပေါ့ဆိုရင် ယုံတဲ့သူတွေရော ရကြလို့  လားလို့  ပြန်မေးချင်မိတယ်။ ချစ်ခြင်းမေတ္တာ ထက်စာရင် ကိုယ်ကတော့ ညဏ်ပညာ ကို ပိုပြီးတော့ ယုံချင်တာ။ ချစ်ခြင်းမေတ္တာကို နားလည်ဖို့ ထက် လူတွေရဲ့  စိတ် အကြောင်းတွေ ကို ပိုပြီးတော့ နားလည်ချင်တယ်။ ချစ်တယ်ဆိုတဲ့ စိတ် ခံစားမှု က IQ, EQ , SQ တွေထဲမှာ ဘယ်အညွှန်းကိန်းနဲ့  ဆိုင်နေလိမ့်မလဲလို့  ပိုပြီးတော့ သိချင်နေမိတယ်။
တစ်ယောက်ကိုယ်တစ်ယောက် ချစ်ကြပါတယ်ပြောပြီး တစ်ယောက်ကိုယ် တစ်ယောက် နာကျင်မှုတွေနဲ့  ခြေမွနေကြတာတွေ့ ရင် နားမလည်နိုင်တဲ့ မျက်ဝန်း တွေနဲ့  ခုထိ ကြည့်နေမိတတ်တုန်းပဲ။ တစ်ကယ်တော့ ကိုယ်နားမလည်နိုင်တဲ့ လူ့ စိတ် သဘာဝတွေ ၊ အဖြစ်အပျက်တွေ သိပ်များနေကြတုန်းပဲ။
ကိုယ်လား…ကိုယ်လည်းလူပဲဆိုတော့ " ချစ်တယ် " ဆိုတဲ့ စကားတွေ အများကြီးကို ကြားလည်းကြားဖူးသလို၊ ပြောလည်းပြောခဲ့ဖူးတာပါပဲ။ ခက်တာက ယုံမှ မယုံတာ။ အစကတည်းက မယုံပဲပြောနေကြားနေမိတဲ့ စကားတွေဆိုတော့ အဆုံးသတ် နာကျင်မှုတွေဆီအထိ ဘယ်တော့မှမရောက်လိုက်ရဘူး။ ကိုယ့်ကိုယ်ကိုယ် ခပ်ဖွဖွ ကလေး ထားခဲ့မိတယ် ထင်တယ်။
ဒါပေမယ့်လည်း " ဘယ်သူ့ ကိုမှ ခင်များ တစ် ကယ် မချစ်ပါဘူး၊ တစ်ယောက် ယောက်ကို ချစ်နေတယ် ထင်ရဖို့ ပဲ အရေးကြီးတာပါ" လို့  ပြောသွားတဲ့ မင်းကိုတော့ ကိုယ်သိပ်ချစ်တယ်လို့  ထင်တယ်။ အချစ်ဆိုတဲ့ စကားကို မယုံပေမယ့် သံယောဇဉ် ဆိုတဲ့ ခံစားချက်ကိုကြတော့ ညာလို့ မရဘူးလေ။
လောကမှာ လူတစ်ယောက်က နောက် ထပ် လူတစ်ယောက်ကို သံယောဇဉ် တွယ်ငြိ ဖို့  အတွက် ဘယ်လိုအချက်တွေ လိုအပ်မှာလဲ။ ဘယ်လို အကြောင်းအရာတွေကို ကြားခံထားဖို့  လိုအပ်သလဲ။ အချိန်ကာလတွေလား၊ အမှတ်တရတွေလား၊ နေရာ ဒေသ တွေလား၊ ရာသီဥတုတွေလား။ မရေရာဘူး ထင်ပါရဲ့ လေ။ အံ့သြစရာတွေထဲမှာ လူ့ စိတ်လောက် အံ့သြစရာကောင်းတာ ရှိမှ မရှိတာ။ သိပ်ပြီးပြောရခက်တဲ့အရာတွေ ဖြစ်မှာပါ။
လူ့ အဖြစ်မှာ မျှော်လင့်ချက်တို့ ၊အချစ် တို့ ၊ ပျော်ရွှင်မှုတို့ လို စိတ် ခံစားချက်တွေ လည်း မဖြစ်မနေ လိုအပ်တယ်လို့  အဲဒီလိုမျိုး တွေပြောတာ ကြားမိရင် ကိုယ်ကတော့ နောက်ထပ် နှုတ်ခမ်းလေးတစ်ဖက် ထပ်ပြီး တွန့် သွား အောင် ပြုံးမိရင်း ၊ လူတွေက ကိုယ်တစ်ကယ်မယုံကြည်တာတွေကို လူကြားကောင်းအောင် သိပ်ပြောကြတာပဲ ဆိုပြီးတော့ စိတ်ထဲမှာ အကျယ်ကြီး အော်ပြီးရယ်မိတာပါပဲ။
လူတွေကို ရှုပ်ထွေးနေစေတာ အဲဒီလို စိတ်ကူးယဉ်စံနှုန်း တွေ ဖြစ်မယ်ထင်ပါရဲ့ ။ ဖမ်းဆုပ်ပြရတာခက်တဲ့ စိတ်ကူးယဉ် စိတ္တဇနမ်တွေထဲမှာ အတ္တတွေ ထပ်ထည့် လိုက် တာကို ပျော်ရွှင်မှုတို့ ၊ အချစ်တို့  ဆိုပြီးခေါ်ကြတာ ဖြစ်မယ်။ အစတုန်းကတော့ ကိုယ်ကသာ မသိတာနေမှာ၊ ချစ်ခြင်းမေတ္တာဆိုတာ သိပ်ပြီးခမ်းနား ကြီးကျယ်တဲ့ အရာ နေမှာလို့  ထင်နေမိသေးတာ။ နောက်တော့မှ လူတွေက ကိုယ့် ကိုယ်ကိုယ်ပဲ ချစ်ကြပြီး ၊ တစ်ယောက်ယောက်ကို ချစ်နေရတယ်ဆိုတဲ့ အဖြစ် ကလေးကိုပဲ ကိုယ့်အတ္တ မပွန်း ရှသေးသမျှတော့ ပျော်နေကြတယ်ဆိုတာကို နားလည်သွားခဲ့ရတာ။
လူတွေမှာ iq , eq ,sq တွေ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ကြဘူးလေ။ အဲဒါတွေကို ညှိနှိုင်းယူကြဖို့  ဆိုတာလည်း တစ်ကယ်တော့ မဖြစ်နိုင်လောက်ဘူး ထင်တယ်။ မတူတာတွေကို အစတုန်းကတော့ သဘောကျခဲ့ ကြမှာပဲ။ လူတွေက တစ်ယောက်ကိုယ်တစ်ယောက် သဘောကျဖို့ လွယ်တယ်။ ပြန်ပြီး သဘောမကျ တော့ဖို့ လည်း လွယ်တာပါပဲ ၊ အဲဒါကိုမေ့ထားကြလို့  သာကိုး။
လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တယ်ဆိုတာ တစ်ကယ်ဆိုရင် ငြိမ်းငြိမ်း ချမ်းချမ်း ကြည်ကြည်လင်လင် လေးပဲဖြစ်သင့်တယ်။ ဘာဆိုဘာမှထပ်မပါဘူးလေ။ ညနေခင်းမှာ ကမ်းစပ်ကလေးကနေ ရေပြင်ကို ထိုင်ကြည့်နေရသလို ဖြစ်မှာပဲ။ တစ်ခုခု ထပ်ပါရင် အချစ်မဟုတ်လောက်တော့ပါဘူး ။ ဒါပေမယ့်လည်း မရပါဘူး လူတွေက အချစ်ဆိုတဲ့ အမည်နာမကို အတ္တကာကွယ်မှုယန္တယားအတွက် သိပ်ပြီးတော့ အလွဲသုံးတတ်ကြတာ။
ကိုယ်စဉ်းစားကြည့်မိတယ်၊ ကိုယ်သာ လူတစ်ယောက်ကို ချစ်မိတယ်ဆိုရင် အဓိကက သူ့ mindset ကြောင့်ဖြစ်မှာပဲ။ အဲဒီလူမှာသာ ကိုယ်ရွံရှာစက်ဆုပ်စရာ စိတ်နှလုံးတွေ ရှိနေခဲ့မယ်ဆိုရင် ဘယ်လောက်ပဲ ချစ်ချစ် ကိုယ်ထွက်ပြေးမိမှာ သေချာတယ်။
လောကမှာ လူတစ်ယောက်က လူတစ်ယောက်ကိုချစ်တယ်ဆိုတာ စိတ်ကြောင့် သက် သက်ပဲ ။ စိတ်က စိတ်ကိုပဲချစ်လို့ရတာ။ ကျန်တာက တစ်ယောက်ကိုယ် တစ်ယောက်
သဘောကျကြတဲ့ နှစ်သက်မှု လိုအင်တွေ ။ ချစ်တယ်ဆိုတာကတော့ စိတ်ကိုပဲ ချစ်လို့ ရတာ။ ကိုယ်ကတော့ အဲဒီလိုပဲယုံတယ်။ မင်းဆီက ကိုယ်အနှစ်သက်ဆုံးအရာတွေကို ပြောပါဆိုရင် မင်းရဲ့ စိတ်နေစိတ်ထားတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေလို့ ပြောရမှာပဲ။
လူ့ အဖြစ်ရဲ့ ကြောက်စရာ ကောင်းပုံက သိပ်ပြီးနက်ရှိုင်းတဲ့ နာကျင်မှုတွေ အကုန် လုံး က ချစ်ခြင်းမေတ္တာ ယောင်ဆောင်ပြီး လာကြတာပဲ။ ဝင်လာတုန်းကတော့ ချစ်ခြင်း မေတ္တာ ဆိုပြီးတော့လာတာ၊ ပြီးမှသာ နာကျင်မှုတွေ ဖြစ်ကုန်ကြရော။ အဲဒီအခါကြ တော့လည်း ဘာမှမတတ်နိုင်ကြတော့ဘူးလေ။ ဘယ်လိုလုပ်မလဲ အဲဒီစကားလုံးက သိပ်ပြီးတော့ ဆွဲဆောင်မှု ရှိတာ။
လူကို နွေးထွေးသွားစေတယ်။ အလင်းရောင်တွေကို ပိုပြီး လင်းလက်လာစေတယ်။ အခိုက်အတန့် တွေဆိုရင်တောင် မက်မောထွေးပိုက် ထားချင်စရာ သောကတွေ
ဖြစ်ကုန်ကြတော့တာပဲ။
ဒါပေမယ့်လည်း လူ့ အဖြစ်ဆိုတာ နာကျင်စရာတွေပဲများတာမဟုတ်လား။ ကြာတော့ လည်း မသိစိတ်ထဲကနေပဲ နာကျင်မှုကို စွဲလန်းတောင့်တပြီး နေသားကျ နေကြတဲ့ ပုံပါပဲ။ လူတွေဟာ မနာကျင် လိုက်ရမှာကိုတောင် ကြောက်နေကြသလိုမျိုးနဲ့  နာကျင် မှုတွေဆီကိုပဲ ပိုပြီးနက်ရှိုင်းအောင်တိုးကြတယ်။ ရုန်းထွက်ချင်ကြဘူး။ အဲဒီလိုလူတွေ ကို မနာကျင်နဲ့ လို့  သွားတားလည်း ရမှာမဟုတ်ဘူး။
ကိုယ်ကတော့ ချစ်တယ်ဆိုတာ တစ်ယောက်စိတ်ကိုယ်တစ်ယောက် သဘောကျတာ လို့  ခုထိခေါင်းမာမာနဲ့  ယုံကြည်နေတုန်း။ အဲဒီစိတ်ကလေး ကုန်ခန်းသွားတဲ့နေ့က အဲဒီလူနှစ်ဦးအကြား အရာရာ ပြတ်တောက် သွားတဲ့နေ့ ပဲ ဖြစ်မယ်ထင်ပါရဲ့ လို့  တွေးမိနေတတ်တုန်းပဲ။
လူတစ်ယောက်ချင်းစီရဲ့ စိတ်အတွင်းသားထဲမှာကလည်း တောက်လျှောက် သယ် လာခဲ့တဲ့ ကိုယ်ပိုင် စံနှုန်းတွေ ရှိကြတယ်။ အဲဒီစံနှုန်းတွေက သိပ်ပြီး နက်ရှိုင်းတယ်၊ အကဲဆတ် တယ်။ ထိခိုက်လွယ်ပြီး အစွန်းအထင်းလည်း မခံနိုင်ကြဘူး။ လူတစ် ယောက်ရဲ့ အဆိပ်သင့်နိုင်ဆုံး အစိတ်အပိုင်းတွေပါပဲ ။ စိတ်မကောင်းစရာ ကောင်းတာ တစ်ခုက ချစ်တယ်ဆိုတဲ့ စိတ်ခံစားချက် အတော်များများက အဲဒီတံတိုင်းကို မကျော်နိုင်ခဲ့ကြတာပါပဲ။
နာကျင်မှုဆိုတာမျိုးကလည်း ဝင်လာပြီဆိုရင် ဘယ်တော့မှ ရပ်တန့်  မသွားကြ တော့ ဘူး၊ ရေကာတာကျိုးပေါက် သွားသလိုမျိုးပဲ အရှိန်အဟုန်နဲ့ ။ ဒါပေမယ့်လည်း နာကျင် နေမှန်း သိသိရက်နဲ့ လည်း ဆက်ပြီး ထွေးပိုက် ထားနေကြတာဟာ ချစ်ခြင်းမေတ္တာ ဆိုတာရဲ့  အံ့သြလောက်ဖွယ်ရာ အဆိပ်သင့်မှုဖြစ်ချင်လည်း ဖြစ်နေမှာ။
အဆိပ်သင့်တာတွေ များလာရင် ပျော်နိုင်ကြတော့မှာလည်း မဟုတ်ဘူး။ တစ်ကယ် က သတိမထားမိကြလို့ သာပါ။ ဆက်ဆံရေး တိုင်းမှာ နဂိုကတည်းကိုက ကန့် သတ် ထားပြီးသား နယ်နိမိတ်အဆုံးတွေ ရှိနေကြပြီးသားရယ်။ "လူတွေဟာ ကိုယ့်ကိုယ် ကိုယ်ကလွဲပြီး ဘယ်သူ့  ကိုမှ အကြွင်းမဲ့ ဆိုတာမျိုးမရှိကြပါဘူးကွယ်"
လူ့ သဘာဝဆိုတာကိုက သိပ်ပြီးလင်းပွင့်လို့ ၊ အဖြောင့်ဆန်လို့  မရနိုင်လောက် ဘူး။ ဖုံးကွယ်သိုဝှက်မှုတွေနဲ့ ပဲ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ကာထားကြရတဲ့ လူသား တွေမဟုတ်လား။ အပေါ်ယံ အလွှာအထပ်ထပ်နဲ့  အစစ်အမှန်ဆိုတာကို မြင်နိုင်ဖို့  သိပ်ပြီးခက်မှာပဲ။ လူဆိုတာကလည်း သူများစံနှုန်းတွေထဲသာ ကိုယ်က မဝင်ချင် တာ ၊ ကိုယ့်စံနှုန်းထဲတော့ အရာရာကို ကိုက်ညီစေချင်ကြတဲ့ သူတွေဆိုတော့လည်း ကိုယ်တို့  လူ့ ကမ္ဘာရဲ့  အချစ် ဆိုတာက ရယ်မယ်ဆို ရယ်စရာတွေပဲနေမှာပါ။
ချစ်တယ်ဆိုတဲ့အဖြစ်တွေမှာ နောက်ဆုံးတော့လည်း တစ်ယောက်စိတ်ကို တစ် ယောက် အပြန် အလှန် သတ်ပစ် လိုက်ကြတာပါပဲ။ ကိုယ်သာဆိုရင်တော့ တစ် ယောက်ကိုယ်တစ်ယောက် စိတ်တွေကုန်ခန်း ကုန်ကြပြီ ဆိုရင် ဖက်တွယ် ထားမိ မယ်မထင်ဘူး။ ရေချိုတွင်းကလေးတွေ ခန်းခြောက် သွားကြ သလိုပဲ နေမှာပေါ့ဆိုပြီး အရင်ဦးအောင်ပဲ စွန့်ခဲ့လိုက်မိမှာ။ ကိုယ်မတတ်နိုင်တဲ့အရာတွေထဲကို ကိုယ့်စိတ်ရော ၊ သူများစိတ်ကိုပါ မထည့်ချင်ဘူးဆိုရင် ကိုယ်တို့  ဘာကိုထည့်ကြ ရတော့မှာလဲ။
ဝမ်းနည်းပေမယ့် ဘယ်လိုမှမတတ်နိုင်တဲ့ လူ့ဘဝရဲ့အခိုက်အတန့်တွေရှိမယ်။ ဘယ်လို မှ ပြန်မရနိုင်တော့မယ့် ပြီးဆုံးခြင်းတွေလည်း ရှိမှာပဲ။ သံသရာဟာ ဒီနေရာမှာ ဆုံးပြီလို့ ထင်မိပေမယ့် သံသရာက ဒီနေရာကနေပဲပြန်စရတာမျိုးတွေလည်း ဖြစ်ချင်ဖြစ်နေမှာ။
မတော်တဆဆိုပါတော့။ ဒီကမ္ဘာမှာ မင်းနဲ့ လွဲချော်သွားရတဲ့အခါ အချစ်ဆိုတာ ရှိမှ မရှိတာလို့  ကိုယ်ကယုံမြဲအတိုင်း ဆက်ပြီး ယုံမှာပေါ့။ လေပြေတွေ တိုက်ခတ်လာတဲ့ အခါတိုင်း မင်းကိုလွမ်းဆွတ်မြဲ လွမ်းဆွတ်နေဦးမှာပဲပေါ့။
ဘဝဆိုတာကိုက အဲဒီလောက်ပဲ ထင်ပါရဲ့ ကွယ်။ ။

- မေဇော် -

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.


No comments:

Post a Comment