From the Land of Green Ghosts a Burmese odyssey – Pascal Khoo Thwe
ဆရာ Pascal Khoo Thwe ရဲ့ နံမည်ကျော် From the Land of Green Ghosts က ၂၀၀၂ ခုနှစ်မှာ တောင်အာရှ မှာ အကောင်းဆုံးစာပေဆု
(KIRIYAMA PACIFIC RIM) ရထားတဲ့ စာအုပ်တစ်အုပ်ပါ ။ ဆရာ Pascal Khoo Thwe ရဲ့ ကိုယ်တိုင်ရေး အထ္ထုပ္ပတိ
(သို့မဟုတ်) ကိုယ်တိုင်ရေးမှတ်တမ်းအမျိုးအစား စာအုပ်ကောင်းတစ်အုပ်ပါ ။ ဒတ်ခ်ျ၊ ပြင်သစ်၊
အင်္ဂလိပ်၊ အီတလီ၊
ထိုင်းဘာသာတို့နဲ့ နိုင်ငံအသီးသီးမှာ ဘာသာပြန်ထုတ် ဝေခဲ့ကြပြီး အကြိမ်ပေါင်း
မြောက်မြားစွာ ပြန်လည်ထုတ်ဝေရတဲ့အထိ ကမ္ဘာကျော်ခဲ့တဲ့ ခုထိလည်း လူကြိုက်များနေဆဲ ဖြစ်တဲ့
စာအုပ်တစ်အုပ်ပေါ့ ။Photo Ref : Google
၂၀၁၄ ခုနှစ်မှာ From
the Land of Green Ghosts ဆိုတဲ့စာအုပ်ကို ဆရာ သင့်လူက အိုဘယ့် အစိမ်းတို့ မြေ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဘာသာပြန်ဆိုခဲ့ပြီး ငါတို့စာပေက
ပထမအကြိမ်အနေနဲ့ ဖြန့်ဝေခဲ့ပါတယ် ။ တန်ဖိုးက ၃၅၀၀ ကျပ်ပါ ။
စာအုပ်ရဲ့နောက်ကျောဖုံးမှာ လူရွှင်တော် ဦးဇာဂနာ ရဲ့ မှတ်ချက်လေးကိုလည်းတွေ့နိုင်ပါတယ် ။
ကျွန်တော့အနေနဲ့ ကမ္ဘာ့အဆင့်မှီ ရုပ်ရှင်ရိုက်ဖြစ်မယ်ဆိုရင် ကယန်းတိုင်းရင်းသား ပါစကယ်ခူးသွယ်ရဲ့စာအုပ်ကို ရိုက်ချင်တယ် ။ တိုင်းရင်းသားတစ်ယောက် ရဲ့ အင်္ဂလိပ်လိုရေးတဲ့ လက်ရာ ၊ ပဒေါင်အဖွား ရဲ့ ပုံပြင် နဲ့ ကြီးလာခဲ့တဲ့ တော်လှန်ရေးကျောင်းသားကြီး ။ ဒီစာအုပ်ဖတ်ပြီး အလေးပြုလိုက်ရပါတယ် ။ ရဲဘြော်ကီး ။
ဒီစာအုပ်မှာ
ပထမပိုင်း ၊ ဒုတိယ ပိုင်း ၊ တတိယပိုင်းဆိုပြီး အပိုင်း ၃ ပိုင်းခွဲထားတာ တွေ့နိုင်ပါတယ်။
ပထမပိုင်း ကို တော့ ဆရာက မျိုးနွယ်စုကဗျာ လို့ ခေါင်းစဉ်ပေးခဲ့ပြီး ကယားပြည်နယ် ဖယ်ခုံဒေသ ရဲ့ အလှအပတွေ နဲ့ ပဒေါင် (ကယန်း) လူမျိုးတစ်ယောက်ရဲ့
ငယ်ဘဝ ဖြတ်သန်းပုံတွေ ၊ တိုင်းရင်းသားတွေရဲ့ အတွေးအခေါ် မတူကွဲပြားပုံတွေ ၊ ထူးခြားတဲ့
ကိုးကွယ် ယုံကြည်မှုတွေ နဲ့ ဓလေ့ထုံးစံတွေကို ကို မျက်စိထဲမြင်လာတဲ့ အထိ လှလှပပ ရေးဖွဲ့ထားပါတယ်
။
သူတို့
ပဒေါင် (ကယန်း) လူမျိုးတွေက ကလေးငယ်တွေကို မိခင်နို့ရည်အစား ခေါင်ရည်တိုက်ကျွေးပြီးတော့
နို့ဖြတ်လေ့ရှိကြသတဲ့ ။ သူ့အဘွားပြောပြတဲ့ ဒဏ္ဍာရီပုံပြင်တွေအရ ပဒေါင်လူမျိုးတွေဟာ အခြားလူမျိုးနဲ့
မတူပဲ ဇော်ဂျီ နဲ့ နဂါးမ က နေ ဆင်းသက်လာတဲ့ လူမျိုးတွေ ဖြစ်တယ် ဆိုပဲ ။ ကရင်ပြည်နယ် မှာ ဖားစည်ရှိသလို ကယားပြည်နယ် မှာ
အထူးသဖြင့် ပဒေါင်လူမျိုးတွေ ကလည်း ဖားစည် ကို ဘာလို့ တန်ဖိုးကြီးတဲ့ အထိမ်းအမှတ် ပစ္စည်းလို့
ဂုဏ်ယူကြရသလဲဆိုတာတွေ ရေးဖွဲ့ထားတယ် ။ ခင်မင်ရင်းနှီးမှု အထိမ်းအမှတ် နဲ့ ငွေဓားပို့ပေးတယ်
ဆိုတာတွေ ၊ ကြက်ခြေထောက်ရိုးကနေ မင်္ဂလာနမိတ် သတ်မှတ်ပေးတဲ့ အကြောင်းတွေ ၊ ပြီးတော့ သူတို့လူမျိုးတွေက
နာနာဘာဝ နဲ့ ၀ိညာဉ်တွေကို အခြေတည်ထားတဲ့ ယဉ်ကျေးမှုဆိုတာမျိုး တွေလည်း ဒီစာအုပ်ထဲမှာ
ဖတ်ရ မှတ်ရတယ် ။
သူ့အမေက
ပဒေါင်စကားလုံးဝမပြောတဲ့ ဂေဘားမျိုးနွယ်စု ထဲကပေါ့ ။ သူ့အမေကို လက်ထပ်ပြီး ဖယ်ခုံကို
ခေါ်လာတော့ သြဇာအာဏာကြီးလွန်းတဲ့ သူတို့ အဘိုးက သူ့အဖေကို ‘ကွယ်…..အိမ်အတွက် လယ်အတွက် အသုံးကျတဲ့ဟာမမျိုးပဲ
ယူစေချင်တာကို မင်းကငရုတ်သီးတောင် ညက်အောင် မထောင်းတက်တဲ့ ပညာတက်မကို အိမ်ပင့်လာတယ်
၊ အဲဒီပညာတွေက မင်းပုခံထဲ ထမင်း ထည့်ပေးမယ်လို့များ ထင်နေရော့သလား ငါ့သားရယ်’ လို့ပြောခဲ့တယ် ။ အစိုးရ ရဲ့ ပညာရေးဟာ
သူတို့ လူမျိုးတွေရဲ့ ဓလေ့ ၊ ထုံးတမ်းစဉ်လာတွေကို ဖယ်ခွာစေပြီး ကျွန်စိတ်ကို သွင်းစေတယ်လို့
သူ့အဘိုးက သံသယ ရှိခဲ့တယ်ဆိုတာ ဖော်ပြထားခဲ့တယ် ။
ဒါကို ဖတ်ရတော့
ကျွန်တော့ တနှစ်က လွိုင်ကော် ရောက်တုန်းက အကြောင်းလေး သတိရမိတယ် ။ လွိုင်ကော်မှာ ပန်ပက်ဆိုတဲ့
ရွာ ရှိတယ် ။ ပြောရရင် ကယန်းရွာပေါ့ ။ အမှန်တော့ ဟိုဖက်က NGO အဖွဲ့အစည်းတစ်ခု ရယ်
Local company တခု က နေ Tourist Site တခုအနေနဲ့ CBT လုပ်နေတဲ့ ၇ွာကလေးပေါ့ ။ ခြုံ ပြောရရင်
သူတို့ကယန်းလူမျိုးခေါင်းဆောင် ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် နဲ့ စကားပြောဖြစ်တော့ အဖွဲ့အစည်း
နဲ့ သူတို့ လူမျိုးတွေကြားမှာ Internal conflict ရှိတာမျိုး သတိထားမိတယ် ။ ဟိုဘက်ကလည်း
သူ့အကြောင်းနဲ့ သူ တပိုင်းစီပေါ့ ၊ ကျွန်တော်ကိုယ်တိုင်က တိုင်းရင်းသား ပေသိ ရန်ကုန်မှာ
မွေးသူမို့ လူနည်းစု တိုင်းရင်းသားတွေရဲ့ စိတ်ကို
တိတိပပ မခံစားတတ်ခဲ့ဘူးလား ပဲ ၊ အဲ့တုန်းကတော့
တိုင်းရင်းသားတွေက သူတို့လူမျိုးအပေါ်မယ် မျိုးချစ်စိတ် အတော်ပိုတယ်လို့ ဖြည့်တွေးခဲ့တယ်
ဒီလောက်ပဲ ။ ဒီစာအုပ် ဖတ်မှ ပိုသိလာရတာက သူတို့လူမျိုးတွေက သူတို့ပိုင်နက်မှာပဲ သူတို့ပုံစံ
၊ သူတို့ယဉ်ကျေးမှုနဲ့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတယ်ဆိုတာမျိုး ပိုခံစားမိလာတယ်
။
`…ပဒေါင့်ဘဝ
ပဒေါင့်ကမ္ဘာလေးထဲကို ဘယ်သူစိမ်း မှ ထိုးဖောက် ၀င်ရောက်စိမ့်သောငှုာ မစွမ်းသာပေဘူးလို့
အထင်ရောက်ခဲ့ကြတာပေါ့” စာ - ၆၅
အယူတိမ်းတဲ့
အစိမ်းမြေ သို့တဲ့ ခေါင်းစဉ်ခွဲလေး က သူ တောင်ကြီး မှာ ၄ နှစ်ကြာ ကျမ်းစာ သင်ပြီးတဲ့
နောက် မန္တလာမြေကို သွားရမယ်ဆိုတာ သိတဲ့ အချိန်ကို ရေးထားတာက ……
‘….အတိတ်က အပြစ်ကင်းစင်တဲ့ တောင်ပေါ်သား
မျိုးနွယ်စုဝင် ကလေးဘ၀ကို ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး ။ တက္ကသိုလ် နဲ့ မန္တလေးဆိုတဲ့
တခြား ကမ္ဘာတစ်ခုကို ရောက်ရဦးတော့မယ် ။ မျိုးနွယ်စုအတွင်း နေထိုင်ခြင်းဆိုတဲ့ ကလေးဘ၀တုန်းက
မျှော်မှန်းခဲ့တဲ့ လောကနိဗ္ဗာန် ဘုံဘ၀ကနေ ခွာရတော့မယ်
။ တွေးကြည့်တာနဲ့တင် နှလုံးသား ဟာ ဆတ်ဆတ်ခါ လာတယ် ။ ပဒေါင်လို မျိုျးနွယ်စုတွေ အဖို့
မြန်မာပြည်မဟာ တခြားကမ္ဘာပါပဲ ။ မိစ္ဆာတွေ ၊ နာနာဘာဝတွေ ၊ အစိမ်းသရဲတွေနဲ့ပြည့်နှက်နေတဲ့
ကြောက်မက်ဖွယ်ရာ ကမ္ဘာပေါ့…..’ စာ
- ၁၅၃
ကိုယ်ဟာ အဲ့စာကြောင်းလေး
နဲ့ တင် စိတ်လည်းမကောင်း ၊ အားလည်းနာ ဖြစ်ရပါတယ် ။
ဒုတိယပိုင်း
ကိုတော့ ၊ ၁၉၈၄ ဒီဇင်ဘာ လ သူ မန္တလေးကို ရောက်တဲ့အချိန် နဲ့ အစပြုထားတယ် ။ စာအုပ်တစ်အုပ်လုံးမှာ
ဇာတ်ရှိန်အမြင့်ဆုံးနဲ့ စာအုပ်ကို လက်က မချ ခြင်အောင် ဆွဲဆောင် သွား နိုင်ဆုံး အပိုင်းပဲ
။ ဒီအပိုင်းမှာတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ နဲ့ အဲ့ဒီခေတ်ရဲ့ ပညာရေး အခြေအနေ
နဲ့ အရေးခင်းတုန်းက ကျောင်းသားတွေရဲ့ ဘ၀တွေကို
ပေါ်လွင်အောင် ရေးထားပါတယ် ။
‘…….ကမ္ဘာဟာ ကျောင်းမှာ လုံးပြီး အိမ်မှာပြားတယ်
ဆိုတာ မြန်မာပြည်မှာ ဘယ်လိုနေထိုင် ကျင့်သုံးရမယ်ဆိုတာ မင်းအဘိုးက မင်းကိုပြောပြလိုက်တာပဲ
။ မင်းပညာသင်ချင်တယ်မဟုတ်လား ။ ဒါဆို သင်ခန်းစာတွေကို အလွတ်ကျက် ၊ နှုတ်တိုက် ၊ အာဂုံဆောင်
၊ စာမေးပွဲဖြေ ၊ အောင် ၊ ဒါပဲကွ ဘယ်တော့မှ အထွန့်မတတ်နဲ့ စောဒက မတတ်နဲ့ ၊ တကယ့် အစစ်အမှန်လောကဟာ
အလုံးစုံပျက်ဆီးနေတယ်ဆိုတာ လူတိုင်းသိတယ် ။ ဒါပေမဲ့ သူတို့မှာ သေနတ်ရှိတယ် လူကလေးရ
၊ ဒါကြောင့် ငြိမ်ငြိမ်နေ ၊ ပြန်မပြောနဲ့ ၊ ခေါင်းမပြူနဲ့ ၊ လက်မထုတ် နဲ့ ၊ မျက်မွေးထော်လို့
မော်တောင်မကြည့်လေနဲ့ ငါ့လူရေ …’ စာ - ၁၇၅
နောက် ဘာသာလည်း
မတူ ၊ လူမျိုးလည်း မတူ ၊ ခံယူချက် ယုံကြည်ချက် တွေ ကလည်း မတူ ၊ ခေါင်ရည်လည်း မဖောက်တတ်
၊ အိမ်တွင်းမှုလည်း စိတ်မ၀င်စား တဲ့ မိုး ဆိုတဲ့
အမျိုးသမီးလေးနဲ့ ချစ်ကြိုက်ခဲ့တယ် ။ ပြီးတော့ နိုင်ငံရေးအရှုပ် အထွေးတွေကြား မှာ မိုး
နဲ့ အတူ ပါဝင်ခဲ့ပြီး၊ သူ့ချစ်သူ မိုး တောထဲမှာ သေဆုံးသွားတဲ့ နောက်ပိုင်းမှာ ဖယ်ခုံကိုပြန်
၊ ဒေသခံ အစိုးရ နဲ့ အဆင်မပြေဖြစ်တော့ ပညာတစ်ပိုင်းတစနဲ့ပဲ တောခိုတိုက်ပွဲ ၀င်ခဲ့ပါတယ်။
တတိယပိုင်း
ဖြစ်တဲ့ ကယ်တင်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက် မှာ သူတောထဲရောက်တုန်း သတင်းထောက်တစ်ယောက်နဲ့တွေ့
၊ အဲ့ဒီ သတင်းထောက်ကနေတဆင့် မန္တလေးမှာတုန်းက ဆုံခဲ့ဖူးတဲ့ Cambridge တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သူ
Dr. John Casey ဆီ ဖြစ်ကြောင်းကုန်စင် စာရေးပြီးပြော
၊ ဒေါက်တာ ကေစီ က လာတွေ့မယ်ဆိုပြီး ချိန်းတော့ ထိုင်း မယ်ယောင်ဆောင် မှာ ၊ သူတို့ တွေ့
မှ တွေ့ပါ့မလားလို့ ကိုယ့်မှာ ရင်တထိတ်ထိတ် နဲ့ အဲ့အပိုင်းတွေ ကို ဖတ်ခဲ့ရတာ မှတ်မိသေးတယ်
။ တိုတိုပြောရရင် သူနဲ့ ဒေါက်တာ ကေစီ လွဲချင်တိုင်းလွဲပြီး မှ မျှော်လင့်ချက်မဲ့နေပြီဖြစ်တဲ့
အဲ့ညနေမှာ ကံတရားကြောင့် ဆုံခွင့်ရ ၊ ဒီလိုနဲ့
ဘန်ကောက်ကနေ တဆင့် အင်္ဂလန် ကိုရောက်ခဲ့ပါတယ်။
နောက် အခံစားရဆုံးအပိုင်းက
တိုက်ပွဲတွေမှာ ဒါဏ်ရာရရင် ထိုင်းက အခမဲ့ မယ်ယောင်ဆောင် ဆေးရုံမှာ တော်လှန်ရေး စစ်သားက
အစ၊ တပ်မတော် စစ်သားရော၊ ဘိန်းဘုရင် တွေ အဆုံး တူတူသွားတတ်ကြ၊ ဆေးရုံမှာ စကားတွေပြော၊
သူငယ်ချင်းတွေ ဘာတွေ ဖြစ်လို့ပေါ့ ၊ တခါတလေ တစ်ခန်းတည်းတောင် နေကြရသေးတယ်တဲ့ ။ဟော ဆေးရုံကဆင်းတော့ ယောက်ဖရေ ပြန်ပြီ နှုတ်ဆက် ၊ ကိုယ့်တပ်
ကိုယ် ပြန်ရောက်ရင် သေသေကြေကြေ ဆော်ကြပစ်ကြဆိုတဲ့ စာပိုဒ်ကို ဖတ်ရတော့ ရင်ထဲမှာ တစ်မျိုးကြီးရယ်
။ စိတ်လည်းမကောင်း ၊ ကိုယ်လည်း ဘာမှ မတတ်နိုင် ။
မြန်မာပြည်ဆိုတာ
ဘယ်နားကမှန်းမသိတဲ့ ၊ မြန်မာပြည်ထဲက တိုင်းရင်းသား မျိုးနွယ်စုဝင်လို့ သိရပြန်တော့လည်း
လူသားများစားသလား ဆိုတဲ့ အကြည့်တွေ နဲ့ ကြည့်ကြတဲ့ Cambridge က ကျောင်းသားတွေကြားမှာ
ယုံကြည်ချက်တွေ ပျောက်ဆုံးနေတဲ့ ကျောင်းသား တစ်ယောက်ကို မြင်ယောင် ကိုယ်ချင်းစားမိပါတယ်
။ စာမေးပွဲဖြေခါနီး မှ မြန်မာပြည်က သူ့သူငယ်ချင်းတွေ ရဲဘော်ရဲဘက်တွေ ကျဆုံးတဲ့ သတင်းတွေ
ရတော့ ကြေကွဲဝမ်းနည်းမှုတွေ နဲ့ စာမေးပွဲဆက်မဖြေချင်တော့ဘူးလို့ ဂျွန့်ကို ပြောတဲ့ အခါ
ဂျွန် က ဒီလိုနာကျင်ခံစားရလေ ၊ အောင်မြင်မှုကို အရယူဖို့ လိုလေပါပဲ တဲ့ ။ သူ့ အပေါ်မှာ
ဒေါက်တာ ဂျွန်ကေစီ ထားတဲ့ စေတနာကို သူ့စာတွေက တဆင့်ခံစားရပြန်တော့ ကျေးဇူးတင်စိတ်နဲ့
မျက်ရည်ဝဲမိတယ် ။
ကိုယ်ပိုင်
အက်ဆေးတစ်ပုဒ်ရဖို့အရေး ပဒေါင် လို ပထမ ၊ ဗမာ လို ဒုတိယ ၊ အင်္ဂလိပ်လို တတိယ တွေးရ ၊ရေးရ
ခဲ့အပြီး Gonville and Caius College (Cambridge ရဲ့ college အသေး) ကနေ အင်္ဂလိပ်စာမေဂျာနဲ့
၁၉၉၅ မှာ ဘွဲ့ရခဲ့ပါတယ်။ မြန်မာပြည် ဟိုးအစွန်နား
ဖယ်ခုံဆိုတဲ မြို့နယ်လေးထဲက အဘွားပြောတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေ နဲ့ ကြီးပြင်ခဲ့ရတဲ့
လူနည်းစု လူမျိုးကလေး ကလေးတစ်ယောက် ဖြစ်တဲ့ အပြင် Cambridge က ဘွဲ့ ကို ယူခဲ့တဲ့ ပထမဆုံး
ပဒေါင်လူမျိုးတစ်ယောက်ဖြစ်တဲ့ သူ့ အတွက် ဂုဏ်လည်း ယူ ၊ အားလည်း ကျမိ စိတ်တွေက ရောရောထွေးထွေးပါပဲ
။
ဟိုအကြောင်းလေးဖတ်တော့လည်း
ရင်ကိုထိ ၊ ဒီအပိုဒ်ကလေးကလည်း စိတ်ဝင်စရာကောင်းနေပြန်လို့ ပြန်ပြောပြချင်နဲ့ ဖြစ်နေလို့ ၊ ကျွန်တော်ကြိုးစားပြီး
ခြုံရေးနေတဲ့ကြားက စာက အတော်ရှည်သွားပါတယ် ။
ကိုယ် အများကြီး
မပြောလည်း ဒီစာအုပ်ဟာ စာအုပ်ကောင်းတစ်အုပ်ဆိုတာ သိပြီးသားဖြစ်ကြမှာပါ ။ ၀ယ်ပြီး သိမ်းထားသင့်တဲ့
စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်လို့ ညွှန်းဆိုလိုက်ရပါတယ်။
P.S ဒီစာအုပ်ထဲမှာ ပဒေါင်လူမျိုး လို့ သုံးနှုန်းထားတာကိုတွေ့ရပါတယ် ။ ကျွန်တော် ကယန်းရွာဘက်ရောက်တုန်းက သူတို့လူမျိုးတွေကို ပဒေါင်လို့ သုံးနှုန်းတာ မကြိုက်ဘူးဆိုတာ မှတ်သားဖူးပါတယ် ။ မူရင်းစာရေးသူရဲ့ အရေးအသားကို မပြင်လို၍ ကျွန်တော်လည်း ပဒေါင်လို့ သုံးနှုန်းပါတယ် ။ အမှား တစ်စုံတရာ ရှိခဲ့ရင် ကျွန်တော့် အမှားသာ ဖြစ်ပါတယ် ။
♥ M ♥
©
hsudiary.blogspot.com. All Rights Reserved.