Wednesday, July 19, 2017

ဆိုးပေ - ဇ၀န




ဒီတခါတော့ ကိုယ်အရမ်းသဘောကျတဲ့ စာအုပ်တစ်အုပ်အကြောင်းပြောပြမယ် ။ ဆရာကြီး ဇ၀န ရဲ့ ဆိုးပေ (စ-ဆုံး ပေါင်းချုပ် ) ပါ ။ အမှာစာ ထဲမှာတော့ ကလေးစာပေ အမျိုးအစားလို့ ပြောပါတယ် ။
စာအုပ် ရဲ့ စစချင်းမှာ စာပေပေါင်းကူးရဲ အမှာဆိုပြီး ဆိုးပေး ဆိုတဲ့ ဇာတ်ကောင်ကလေး မွေးဖွားလာတဲ့ ပုံကို ဖော်ပြထားပါတယ် ။ ဒီစာအုပ်က စာအုပ်ကောင်းတစ်အုပ်ဆိုတော့ ကျွန်တော့ ထင်မြင်ချက်ရေးလိုက်ရင် အရသာပျက်သွားမှာစိုးရိမ်လို့ စာပေပေါင်းကူးရဲ့ အမှာစာကိုပဲ  အကျဉ်းချုံးလေး ပြန်ရေးပေးမယ်နော် ။ 

ဆရာကြီး ဇ၀နက ကလေးတို့ သဘာဝ နဲ့ သူ့ စွန့်စားခန်းတွေပါတဲ့ ကလေးစာပေမျိုး ကို ရေးသားချင်ခဲ့လို့ ဆော့တတ် ၊ နောက်တတ် ၊ ပြောင်တတ် ရုံမက ပဲ လူကြီးတွေကို ကောင်းကောင်းအတုခိုးတတ် သလို သူများကိုလည်း ကူညီပေးတတ်တဲ့ ၊ ဆိုးပေ ဆိုတဲ့ ဇာတ်ကောင်လေးကို စစ်ကြိုခေတ်မှာ မွေးထုတ်ခဲ့ပါတယ် တဲ့ ။ 

ဆိုးပေရဲ့ ဆော့ နောက် ပြောင်လှောင်မှုတွေက လူကြီးတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို သရော်သလိုဖြစ်သွားသလို ၊ လူကြီးတွေရဲ့ အားနည်းချက် ၊ ဟန်ဆောင် ချို့ယွင်းမှုတွေကို ထောက်ပြသလိုဖြစ်တာမို့ ဒီ ဇာတ်လမ်းကို ကလေးတွေ သာမက လူကြီးတွေက ပါ ဖတ်လာကြတယ် လို့ ဆိုပါတယ် ။ ကလေးဆိုတာ လူကြီးရဲ့ ဖခင်ဖြစ်တယ်ဆိုတဲ့ သိုးဆောင်းစကားပုံတစ်ခု နဲ့ လည်း ကိုးကား ထားတာတွေ့ရပါတယ် ။ ဆိုးပေ ရဲ့ ပထမဆုံးဝထ္ထုကို သူရိယ မဂ္ဂဇင်းမှာ စဖော်ပြခဲ့ပါတယ် ။ စစ်ပြီးခေတ်မှာတော့ ဇ၀န ဂျာနယ် ၊ လွတ်လတ်ရေး ရပြီးတဲ့ အချိန်မှာတော့ သွေးသောက်မဂ္ဂဇင်း တို့မှာဖော်ပြခဲ့ပါတယ် ။ 

ဒီစာအုပ်ကို ၂၀၁၄ ခုနှစ်မှာ ကံကော်ဝတ်ရည်စာပေက နေ ပထမဆုံးအကြိမ် အနေ နဲ့ ထုတ်ဝေထားတာပါ ။ ဆိုးပေအကြောင်း ၀ထ္ထုတို စုစုပေါင်း (၂၉) ပုဒ်ပါပါတယ် ။ ဆရာကြီးဇ၀န ရဲ့ ကလေးစာပေတွေထဲမှာ ဆိုးပေက အထင်ရှားဆုံး နဲ့ အကျော်ကြားဆုံးပါတဲ့ ။ ကျွန်တော်တောင် ကံကော်ဝတ်ရည် စာအုပ်အိမ်မှာ အမြည်းထိုင်ဖတ်ကြည့်ရင်း နဲ့ အရမ်းကြိုက်သွား သလို ၊ စာအုပ်ပြီးသွားတာတောင်မှ ဆက်ပြီးဖတ်ချင်တဲ့ အထိပါ ။ မရှက်တမ်း ၀န်ခံရရင် ဆရာကြီး ဇ၀န ရဲ့ ဆိုးပေနဲ့မှ ထိတွေ့ဖူးတာ ပါ ။ ခုတော့ တမ်းတမ်းစွဲပါပဲ ။ ကျွန်တော့လို ဆရာကြီး ဇ၀န စာအုပ်တွေ နဲ့ မရင်းနှီးသေးတဲ့ စာအုပ်ချစ်သူတွေ အတွက် ဆိုးပေ ကို ရည်ညွှန်းပေးလိုက်ရပါတယ်ဗျာ ။ 

Online မှာ ရှာကြည့်တော့ ဆိုးပေ (၁) (၂) (၃) ဆိုပြီး အတွဲလိုက် E books Link လေးတွေ့လို့ ထည့်ပေးထားပါတယ် ။ ကျွန်တော်ကိုယ်တိုင်ကတော့ e book နဲ့ ဖတ်ရတာ ကို သဘောမကျပေမဲ့ အဝေးရောက်နေတဲ့ စာပေချစ်သူတွေ အဆင်ပြေစေဖို့ရည်ရွယ်ပါတယ် ။ 



မူ၇င်း Link ပိုင်ရှင်ကို ကျေးဇူးတင်ပါတယ် ။ 
  
♥ M ♥
© hsudiary.blogspot.com. All Rights Reserved.
                           

No comments:

Post a Comment