Friday, July 14, 2017

15 Must Taste Foods of Rakhine


ကျွန်တော်စားခဲ့ပြီး ကျွန်တော် ကြိုက်ခဲ့တဲ့ ရခိုင် ရိုးရာ အစားအသောက်တွေအကြောင်း ပြန်လွမ်းပါရစေ  ။ ရခိုင် သွားမယ်ဟေ့ လိုပြောလိုက်ရင် အားလုံးက ရခိုင်မုန့်တီ အ၀တွယ်ဖို့ရယ် Sea Food အပီဆွဲဖို့ရယ်ပဲ တွေးမိကြတာ မလား …။ ကျွန်တော်လည်း စစ်တွေ - မြောက်ဦး သွားတုန်းက Sea Food အ၀ဆွဲမယ်ဆိုပြီး မောင်းတင်ပြီးသွားခဲ့တာပဲ ။ ကံက ကိုယ့်ဘက်မပါတော့ ကိုယ်မရောက်ခင် ရှေ့ရက်တွေမှာ မုန်တိုင်းဝင်ခဲ့လို့ ငါးဖမ်းလှေတွေက မထွက် ၊ မှန်းချက် နဲ့ နှမ်းထွက်မကိုက်ခဲ့ဘူး ။ ဒါပေမဲ့ စစ်တွေ မှာရှိတဲ့ သူငယ်ချင်း အိမ်က ဧည့်ဝတ်ကျေချက်က 9 လောက်ရှိတယ် ။ ဒေသစာ စစ်စစ် ကို ရှယ်ချက်ပေးတာ ။

စစ်တွေရောက်တာနဲ့ ပထမဆုံး စားရတဲ့ ထမင်းဝိုင်း - ဒန့်သလွန်သီးရခိုင်ချက် ၊ ပြည်ကြီးငါး နဲ့ အာလူး  ရခိုင်ချက် ၊ ၀က်အူချောင်းကြော် ၊ ငါးဟင်း ၊ ကင်းမွန်းချဉ်ရွက်ဟင်းရည် နဲ့ မပါမဖြစ် ရခိုင် ငပိထောင်း ပြီးတော့ တို့စရာအဖြစ် ဗူးညွန့်၊ အားလုံးက ရှုးရှဲ ၊ ရှးရှဲတွေကြီးပဲ :D 


ရခိုင် က လူတွေက ကင်းမွန်ချဉ်ရွက် ဟင်းရည်ချက်ရင် အဖက်မစားဘူး ၊ အဖက်ကို အိုးထဲမယ် ဒီအတိုင်းထားခဲ့ပြီး အရည်ကြီးပဲ ချပေးတာ ။ ပြီးတော့ ရခိုင်က ၀က်အူချောင်းကြော်က ရှယ်စားကောင်းတယ်  အဆီနည်းတယ် အသားချောင်း လိုပဲ ။ စစ်တွေရောက်လို့ ၀ယ်ချင်ရင် မြို့ပတ်လမ်းမှာ မကြည် ၀က်အူချောင်းဆိုတာ ရှိပါတယ် ။ ပါပရာ (ငါးမုန့်) ကြော် ၀ယ်ချင်ရင် အဲ့ဘက်မှာပဲ ရွှေဒင်္ဂါး တို့လို ဆိုင်ရင်းတွေရှိပါတယ် ။ တုပ်တုပ် သမားကို ပြောလိုက်ရင် သူတို့လိုက်ပို့ပေးတယ် ။ 

ကဘားကြော်

အကယ်၍ ခင်ဗျားက အစပ်လည်း စားနိုင်တယ် ၊ ကြိုက်လည်းကြိုက်တယ် ဆို စစ်တွေရောက်ရင် ကဘားကြော်စားပါ ။ ကဘားကြော် မှာ ထမင်း နဲ့ ခေါက်ဆွဲ ဆိုပြီး ရှိတော့ ကြိုက်ရာ ရွေးပြီး စားလို့ရပါတယ် ။ သူက ပန်းသေးခေါက်ဆွဲကြော် မဆလာ များများ နဲ့ ခပ်စပ်စပ်လေးပေါ့ ။


Photo : Credit
စစ်တွေမှာ ကဘားဆိုင်တွေက ညနေ ၃ နာရီကျော် လောက်မှာ ဖွင့်တတ်ကြတယ် ။ ကျွန်တော်တို့ နေ့လည် ၂နာရီလောက် တမြို့လုံးပတ်ရှာတာတောင် တဆိုင် မှ မတွေ့လို့ မစားခဲ့ရ ။  မြည်းစမ်းကြည့်မယ်ဆို ယဉ်ကျေးမှုပြတိုက်ဘေးက အရီးဝိုင်း ကဘားကြော်ဆိုင် ကောင်းပါသတဲ့ ။ ရန်ကုန်မယ် အရီးဝိုင်းရဲ့ ဆိုင်ခွဲ က  သတိပဌန်လမ်း နဲ့ အသောကလမ်းထောင့် မှာ ရှိပါတယ် ။ 



အချိုလေးတည်းချင်တယ်ဆို စစ်တွေ က အောင် ခေါက်ဆွဲဆိုင် ကိုသွားပါ ။ ဒိန်ချဉ် ၊ ရေခဲမုန့်တို့ ဘာတို့ ကောင်း ကောင်း ရတယ် ။ ဒိန်ချဉ်ဆို မလိုင်ဖတ်တွေ အများကြီးပါတယ် ။  ခေါက်ဆွဲကြော်လည်း စားကောင်းမဲ့ပုံပဲ ။ ကျွန်တော်တို့ ထိုင်နေတဲ့ လာစားကြ ၊ ၀ယ်ကြသူတွေ အများကြီးရယ် ။ 
ညနေခင်းတွေဆို စစ်တွေ ကမ်းနားလမ်းကို လမ်းလျှောက် ၊ View Point မှာ လေညှင်းခံ ၊ ပြီးရင် အဆာပြေလေး အုန်းရည် နဲ့ အကင်စုံ စား ။ ပြန်စဉ်းစားကြည့်ရုံနဲ့တင် လွမ်းသွားပြီ ။ 



စစ်တွေကနေ ကျောက်တော် ကို အသွားလမ်းမှာ ကားတွေက ရပ်ပြီး နားတဲ့ တစ်နေရာရှိတယ် ။ အဲ့ဒီမှာ ဒီလို ကောက်ညှင်းကင်လေးရောင်းပါတယ် ။ ပူပူ ၊ မွှေးမွှေးလေး စားရတာ စွန်းမိုက် ။
မြောက်ဦးမှာ ဒေသစာ စစ်စစ်ကို စားချင်တယ် ဆို Mrauk U Prince Hotel ကိုသွားပါ ။ Trip Advisor မှာတော့ Moe Cherry က အကောင်းဆုံးလို့ရေးထားတာပဲ ။ Moe Cheery မှာ ရခိုင်စာ ရပေမဲ့ ရခိုင်စာ အစစ်ကိုရောင်းတာမဟုတ် ၊ ဗမာ အထူးသဖြင့် နိုင်ငံခြားသားတွေ စားလို့ရအောင် ချက်ထားတော့ ကျွန်တော့ taste မဟုတ်လှဘူး ။ 
မရွတ်သုတ် 
ရခိုင်လို မရွတ်ဆိုတာ ခရု ကိုခေါ်တာပါ ။ မရွတ် ကို ပြုတ် ၊ ပြီးရင် ငပိ ၊ ငရုတ်သီး နဲ့ကြက်သွန်နီ ၊ ဖြူတို့ကို ရောထောင်း ပြီးရင် ပြုတ်ထားတဲ့ မရွတ် နဲ့ ရောနယ်  ၊ သံပုရာသီး မွှေးမွှေး လေးညှစ် အပေါ်က နံနံပင်လေးအုပ်…..။ မရွက်က  ကြက်အသည်းမြစ်လို ထုပ်ထုပ်လေး ဆိုတော့ ၀ါးလို့သိပ်ကောင်း ၊ ချဉ်ချဉ်စပ်စပ်လေးဆိုတော့ ထမင်းပိုမြိန်တာပေါ့  …. ရေးရင်းနဲ့ သွားရည်တောင် ကျလာပြီ ။ 
ပြည်ကြီးငါးသုတ် ၊ ငါးနီတူုသုတ်
မရွတ်သုတ် တို့ ပြည်ကြီးငါးသုတ် ၊ ငါးနီတူ သုတ် တို့ သုတ်ပုံသုတ်နည်း သိပ်မကွာလှဘူး ဆိုတော့ ထပ်မရေးပေးတော့ဘူးနော် ။ 

 Photo : Credit 

ငှက်ကြီးတောင်ဟင်း (မှိုဟင်း)  
ဗမာလိုတော့ မှိုဟင်းခေါ်မလား ။ ရန်ကုန်မှာတော့ ရှားတယ် ။ သူ့အရသာ ခါးသက်သက်လေးရှိပေမဲ့ ငပိ ၊ ငရုတ်သီးထောင်းပြီး ထည့်ချက်လိုက်တော့ ဆွေမျိုးမေ့မတတ်ပဲ ။ မြောက်ဦးအိမ်မှာ နေ့တိုင်းနီးပါး စားခဲ့တဲ့ အပြင် ရန်ကုန်ကို ပါဆယ်တောင် ဆွဲလာသေး ။ 
 
မြောက်ဦးက သုံးရောင်ချယ် ရေခဲချောင်း တစ်ချောင်း ၃၀၀ 
ပိန္ဒဲသီး ရခိုင် ဟင်း  နဲ့ ငှက်ပျောအူဟင်း ရခိုင်ချက်
  


အဲ့ဟင်းတွေက Moe Cherry မှာရတယ် ။ Prince ကတော့ ကြိုမှာထားရင် ရမယ်ထင်တယ် ။












မြောက်ဦးက ကောက်ညှင်းပေါင်းနဲ့ ဆပ်သဖူးမုန့် 
အေးချမ်းတဲ့ မနက်ခင်းတွေမှာ နှမ်းအမည်းလေးတွေ ဖြူးထားတဲ့ ကောင်ညှင်းပေါင်း လေး စားလိုက် ၊ လက်ဖက်ရည်လေး တစ်ငုံငုံလိုက်နဲ့ ဘ၀ ဟာ သာယာဖူးပါတယ်ဗျာ …။ 
 
ဆပ်သဖူးမုန့်ကတော့ ညဘက်မှာရောင်းတဲ့ မုန့်လေးဗျ ၊ ဘယ်လိုလုပ်သလဲဆိုတာ video လေးမှာကြည့်နော် ။ 
မြင်းစိုင်းပြင်ရပ် (မြောက်ဦးဈေးကြီးနား) မှာ ညဖက်ဆို ရောင်းပါတယ် ။ 

ရခိုင်မုန့်တီ

စစ်တွေမှာ တုန်းက မုန့်တီ စားချင်တယ်ပြောတာနဲ့ သူငယ်ချင်းအိက်မ်က ညကြီးမင်းကြီး ထချက်ကျွေးတယ် ။ မြောက်ဦးမှာတော့ ဈေးနားက ဆိုင်မှာ စားခဲ့တာ ။ ကျွန်တော်တို့ ရန်ကုန်က မုန့်တီနဲ့တော့ အရသာကွဲတယ် ။ ဘာလိုလဲတော့ မပြောတတ်ဘူး ။ မိုးတွေရွာနေလို့ ဓာတ်ပုံတောင်မရိုက်ဖြစ်ခဲ့ပါဘူး ။ 


Photo : Credit 
ရခိုင်ခေါက်ဆွဲသုတ် 

ရခိုင် ခေါက်ဆွဲသုတ် က ရန်ကုန်လို စက်ခေါက်ဆွဲနဲ့ သုတ်တာမဟုတ်ဘူး ၊ ရွှေအိုး ကြက်ဥခေါက်ဆွဲလို ခေါက်ဆွဲလို ဂျုံခေါက်ဆွဲ အသားမျိုး နဲ့ သုတ်တာ ။  ပဲမုန့်ခပ်များများထည့်ပြီး မန်းကျဉ်အနှစ်လေး နဲ့ ထည့် သုတ်တာဖြစ်လို့ စားရတာ နူးနူး ညံ့ညံ့ အိအိထွေးထွေးလေး နဲ့ အင်မတန် မှ အရသာရှိတယ် ။  topping အနေနဲ့ ဘဲဥရယ် ကြက်သွန်နီ ပါးပါး လှီး ပြီးထည့် ၊ ငရုတ်သီး လေး နည်းနည်း လည်းပါလို့ မအီဘူးတော့ ပေါ့ ။

 

ပဒကာသီးသုတ် သို့မဟုတ် ရခိုင် သဘောင်္သီးသုတ်

ပုံမှန်တော့ သဘောင်္သီးအစိမ်းနဲ့ သုတ်ကြလေ့ရှိပေမဲ့ အစပ်မစားနိုင်တဲ့ ကိုယ်တို့အတွက် အမှည့်လေးနဲ့သုတ်ထားပေးတာ ။ အစပ်ပြေအောင် မုန့်ဖတ်လေးလည်း ပါသေးတယ် ။ ဒါပေမဲ့ စပ်ဆဲပါပဲ ။


ကဘားကြော် က လွဲလို့ ကျန်တာက ကျွန်တော်ကိုယ်တိုင် စားခဲ့ ကြိုက်ခဲ့တာလေးတွေ ပြန်မျှဝေတာပါ ။ စစ်တွေ မြောက်ဦး များသွားဖြစ်ခဲ့ရင် အစားအသောက် အဆင်ပြေနိုင်ကြပါစေ နော် ။ 

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment