ထက်မြက်တဲ့ဓားသွေးပေါ်မှ ချိုမြမြပျားရည်စက်- ညီပုလေး
စာအုပ်အဖုံးလေးကို
ပွတ်သပ်ကြည့်မိတိုင်း ဘာလို့မှန်းမသိ ၀မ်းနည်းတယ် ။ ဒီနှစ်တွေထဲ ဖတ်သမျှ စာအုပ်တွေထဲမှာ
အကြိုက်ဆုံးထဲက အကြိုက်ဆုံးစာအုပ် ။ ဒေါက်တာအောင်ကြီးရဲ့ အမှာစာအတိုင်းပြောရမယ်ဆိုရင်
ဆရာဝန်သူရဲကောင်းတစ်ယောက်အကြောင်းရေးထားတဲ့ စာအုပ်ပေါ့ ။ နာဂဦးသိန်းလှိုင်တဲ့ ။
ဒီစာအုပ်မှာ
ဆရာနာဂဦးသိန်းလှိုင်ရဲ့ ငယ်ငယ် KG ကျောင်းသားဘ၀ကနေ ဟိုး ချင်းပြည်နယ် က နာဂလူမျိုးတွေရှိတဲ့နေရာထိ
ဆေးသွားကုပေးတဲ့ ဆရာ့အကြောင်းတွေပါတယ် ။ ပြောရရင်တော့ ဆရာက သထုံက မြို့မျက်နှာဖုံး
ရဲ့ သား ၊ တရုတ် သူဌေးသားလို့ပြောရမှာပေါ့ ။ ဆရာ့အဖေက ဆရာတို့ ညီအကိုတွေရဲ့ ပညာရေးဘက်ကို
ဦးစားပေးခဲ့တယ် ။ ဆရာတို့ကို ဘယ်လောက်ချမ်းသာတဲ့ မိဘမျိုးရိုးက ဆင်းသက်လာသလဲဆို ဆေးသိပ္ပံတတ်တော့ ကိုယ်ပိုင်ကားနဲ့ တတ်နိုင်တဲ့
ပထမဆုံးကျောင်းသားဖြစ်ခဲ့တာသာ ကြည့် ။
ဆရာ့မိဘတွေက
ချမ်းသာသလို သား ၊ သမီး ကို ဆိုဆုံးမ တဲ့နေရာမှာလည်း ထိထိမိမိရှိလှတယ် ။
“လူ့ဘ၀ဆိုတာ
ဆင်းရဲရာကချမ်းသာသွားနိုင်တယ် ၊ ချမ်းသာက ဆင်းရဲသွားနိုင်တယ် ။ ဘာမှအစိုးမရဘူး ။ နံမည်တစ်လုံးကို
မရှိရာက ရှိအောင်လုပ်၇တယ် ။ နံမည်တစ်လုံးရှိလာရင်တော့ အဲ့ဒီနံမည်ကို မညှိုးနွမ်းစေရဘူး'' တဲ့ ။ စာ - ၄၀
နာဂဦးသိန်းလှိုင်
ဆိုတဲ့ နံမည်တွင်လာတဲ့ အစတွေကို ပြန်ဆွဲထုတ်ရင် ၊ ဆရာ ဆေးကျောင်းသား ဘ၀ မှာ ကျောင်းသား
သမဂ္ဂ ဥက္ကဌ လုပ်တဲ့အချိန်က စပြောရမယ် ထင်တယ် ။ ဆေးတက္ကသိုလ်ကနေ ဘွဲ့ရတော့ ဆရာနဲ့အတူ ဆရာဝန်
၁၈၅ ယောက်ရှိတယ် ။ အစိုးရ က လစာအဖြစ် ၂၀၅ ကျပ် ပေးတယ် ။ ဒါပေမဲ့ လူအကုန် မရကြဘူး ။
အဲ့ကနေ သပိတ်ပွဲ ဖြစ်ကြရော ။
မတရားတာကို မကြိုက်တဲ့ ၊ မကြောက်တတ်တဲ့ ဆရာက သူလစာရပေမဲ့
သူ့သူငယ်ချင်းတွေ မရတာကြောင့် ၀န်ကြီးချုပ်ဦးနုနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့တယ် ။ ဆရာဝန်
၊ သူနာပြု ၊ အလုပ်သမားတွေပါ ပါဝင်လာတဲ့အထိ သပိတ်ကကြီးသထက်ကြီးလာတာမို့ ဆရာ့ကို အစိုးရအဖွဲ့က
ခေါ်ယူတွေ့ဆုံ ၊ အတင်းအဓမ္မ စာရွက်မှာ လတ်မှတ်ထိုးစေပြီး ကွန်မြူနစ်အသွင်ဖန်တီးလို့ ၊
သပိတ်ကြီး ပြီးဆုံးခဲ့တယ် ။ ဆရာဟာ လတ်မှတ်ထိုးလိုက်ရင် သူ့ဘ၀ပျက်မယ် သိသိကြီးနဲ့ထိုးပေးခဲ့တာပဲ
။ “ကျွန်တော့ ဘ၀ ပျက်ချင်လည်း ပျက်ပါစေတော့ ၊ နောင်လာ နောင်သားအတွက် ကျွန်တော့ ဘ၀ စတေး
လိုက်ပါမယ်’’ တဲ့ ။
ဒီလိုနဲ့ ကံစီမံရာကြောင့် သင်္ဘောဆရာဝန်ဖြစ်သွား ၊ လူနာတွေနဲ့ နေတာများတော့ လက်နဲ့မစမ်းသပ်ပဲတောင် ရောဂါကို သိနိုင်တဲ့ အရည်အချင်းတွေရှိလာတယ် ။ ပင်လယ်ပျော် ဆရာဝန်အဖြစ်နဲ့ မြိတ်မှာ စိတ်ရောလူပါနှစ်ပြီး တာဝန်ထမ်းဆောင်ခဲ့တယ် ။ မြိတ်မှာပဲ အိမ်ထောင်ကျခဲ့တယ် ။ မြိတ်ကနေ မန္တလေးကို ရောက်ပြီး လူနာတစ်ယောက် မှားယွင်းကုသတယ်ဆိုပြီ အပြစ်မရှိ ၊ အပြစ်ရှာခံခဲ့ရတယ် ။ လုပ်သက် ၂ နှစ်ပယ်ဖျက်ပြီး ၊ နှစ်တိုး ၁ နှစ် ရပ်စဲ လို့ ခန္တီး အပို့ခံ ခဲ့ရတယ် ။
"ဘယ်သူ့ကိုမှ အရေးယူလို့မရလို့ မင်းကိုအရေးယူတာကွ " စာ- ၁၉၉
“တာဝန်မယူရဲတဲ့သူတွေ တာဝန်ယူထားကြရင် ဒီဆေးရုံကြီး ဘယ်လိုလုပ်ကောင်းပါတော့မလဲ ၊ ကျွန်တော်တို့နိုင်ငံမှာ အဲ့ဒီလို တာဝန်မယူရဲတဲ့ သူတွေ ၊ နားမလည် ပါးမလည်သမားတွေ ဦးဆောင်လို့ ဖွတ်သည်ထက် ညစ် ၊ ဆင်းရဲမွဲတေစုတ်ပြတ်သွားတာလေ'' စာ - ၂၀၀
ခန္တီးကိုရောက်ဖို့ အဲ့ဒီခေတ်က မြစ်ကြီးနားကို အရင်သွားရတယ် ။ အခုခေတ်တောင် ခန္တီးသွားဖို့ လေယာဉ်က နေ့တိုင်းမရှိတာ ၊ ကျွန်တော်တို့ သွားမယ်ဆို မန္တလေးကနေ စီးရမယ် ။ အဲ့ခေတ် အဲ့အခါက ( ၁၉၆၅ ) က ပိုဆိုးပေါ့ ။ ဆရာခန္တီးရောက်စမှာ မဟာသိပ္ပံအတွက် အရည်အချင်း စစ်စာမေးပွဲလာဖြေဆိုတာတောင် မသွားခဲ့တဲ့ အထိ ဒီမြို့လေးအပေါ် သံယောဇဉ်ကြီးခဲ့ပါတယ် ။
ခန္တီးမယ် ဘာရှိသလဲမေးရင် ဘာမှမရှိဘူး ၊ ဆရာရောက်စမှာ ဆေးရုံတောင် လူနာ ၆ ယောက်ပဲရှိတာတဲ့ ။ လည်ပင်ကြီး လူနာတွေကိုဆို ခွဲပေးချင်လွန်းလို့ ၊ တစ်နေ့ကို ၃ ကျပ်ပေးပါမယ် ပြောပြီးတောင် ခွဲခဲ့ရသတဲ့ ။
ဒေါက်တာ ပီဆာကားက “ဒါ မောင်သိန်းလှိုင်ကို ဂုဏ်ပြုတဲ့ ထမင်းစားပွဲ စား ငါ့လူ စားတဲ့” စာ - ၂၂၁
တစ်ယောက်ကို ငါးကြော်တစ်တုံး ၊ ချဉ်ပေါင်းဟင်းပျစ်ပျစ် ၊ သခွားသီး နဲ့စားရတယ် ။ ငါးကြော်ရှိသေးလားလှမ်းတောင်းတော့ ၊ ဆရာကတော်က ခပ်ဘွင်းဘွင်းပဲ အဲ့ဒီငါးကြော်တောင် မနေ့လက်ကျန်တဲ့ ၊ ကလေး နှစ်ယောက်အတွက်လည်း ချန်ဦးတဲ့ ။ အစားအသောက်ရှားပါးပုံများပြောပါတယ် ။ ကဲ အဲ့တော့ ဆေးရော အလုံအလောက်ရှိရဲ့လားဆိုတော့ ကျန်းမာရေးဌာနက ပိုတဲ့ ဈေးက ရောက်တစ်လှည့် ၊ ပျောက်တစ်လှည့် ၊ ဒါဖြင့် ၀န်ထမ်းရောဆိုတော့ (၆) ယောက် ပျော့ပျော့ ရယ် ။
ဒီလိုနဲ့
သူ့ဆေးရုံဆီ လူနာအလာကို ထိုင်စောင့်မနေပဲ ၊ လူနာရှိရာ နာဂတောင်တန်းတွေအထိ တတ်သွားခဲ့တဲ့
နာဂဦးသိန်းလှိုင် ။ ဆရာကြီးက နာဂတွေဝတ်သလိုဝတ် ၊ နာဂတွေ စားသလိုစား ၊ နာဂလူမျိုးတွေအတွက်
နတ်ဘုရားတစ်ပါးပေါ့ ။ ရွတ်တွတ်တွတ်ဆရာ က အာဏာကိုယစ်မူးသူတွေနဲ့ မတည့်လှပေမဲ့လည်း တိုင်းပြည်အတွက်ဆို
သူလုပ်နိုင်သမျှ အားသွန်ခွန်ဆိုက် လုပ်ပေးခဲ့တယ် ။ နယ်စပ်ဟိုးအစွန်အဖျားတွေထိသွားပြီး
နာဂလူမျိုးတွေကို ဆေးကုပေးရုံမက ၊ နယ်စပ်ရေးရာကိစ္စတွေကို အစီရင်ခံတာ အစ လုပ်ပေးခဲ့တယ်
။ ပညာရေးဘက်ကိုကြည့်မယ်ဆိုလည်း လဟယ်မြို့နဲ့ ၊ တိုက်ယန်ရွာမှာ မူလတန်းကျောင်းနှစ်ကျောင်း
အကောင်ထည်ဖော်ပေးနိုင်ခဲ့တဲ့ ဆရာကြီးပါ ။
လဟယ်မြို့က
အရမ်းလှတာတဲ့ ၊ လှပပြီးတိတ်ဆိတ်တဲ့မြို့လေး တဲ့ ။ တောပန်းတောင်ပန်းရောင်စုံလေးတွေလည်းရှိသတဲ့
။ မသေခင်တော့ တစ်ခေါက်ရောက်ဖူးချင်သား ။
နာဂလူမျိုးတွေမှာ
ချစ်စရာဓလေ့တွေရှိသလို ၊ အံ့သြစရာ ယဉ်ကျေးမှုလည်းရှိတယ် ၊ နားလည်ဖို့ ခက်တဲ့ ထုံးတမ်းအစဉ်အလာတွေလည်း
ရှိတယ်တဲ့ ။ ဥပမာ - လူတစ်ယောက်သေရင် အိမ်အောက်မှာ ကျွင်းနက်နက်တူး ၊ လှေကားထောင်ထားပြီးဆင်းလို့ရအောင်
လုပ်ထားတယ် ။ ပြီးတော့မှ အလောင်းကို ခေါင်းဖော်ပြီး မြှပ်ထားတယ် ။ ဘာလို့လဲဆို သေလူကို
ထမင်းကျွေးဖို့တဲ့ ။ အံ့သြစရာ …အခုထိကော ဒီအယူအဆတွေ၇ှိသေးလား မသိဘူး။
“ဒေါက်တာသိန်းလှိုင်
၊ ပဲခူးတိုင်း ဖြူးဆေးရုံသို့ပြောင်းရွှေ့ပါ’’ တဲ့ ။ စာ - ၄၉၄
ဒီစာပိုဒ်ရောက်တော့
ဖတ်နေတဲ့ ကိုယ်တောင် ဟာခနဲဖြစ်သွားတယ် ။ ဆရာကြီးကတော့ သူတာဝန်ထမ်းဆောင်တာ ၆ နှစ်ကျော်
ဖြစ်ပေမဲ့ ဒီဒေသအပေါ်မှာ ထားတဲ့ သံယောဇဉ်ကြိုးက ၆နှစ်ကျော်ထက် မကပါဘူး တဲ့ ။
စာမျက်နှာစုစုပေါင်း
၄၉၆ မျက်နှာရှိပါတယ် ။ တစ်နေရာလေးမှ ငြီးငွေ့တယ်လို့ မခံစားရအောင် ဆရာ ညီပုလေးက ရေးဖွဲ့ထားပါတယ်
။ ဆရာညီပုလေးအမှာစာအရ ဆရာကြီးပြောသမျှ အကြောင်းအရာတွေကို အသံသွင်းထားပြီး ပြန်ရေးသားခဲ့တာပါတဲ့
။ ကျွန်တော်ကတော့ ဖတ်နေတဲ့တောက်လျှောက်မှာ ဆရာညီပုလေးရေးတယ်ဆိုတာ တစ်ချက်တစ်ချက် မေ့
၊ မေ့သွားလောက်အောင် ၊ ကျွန်တော်ဘေးနားမှာ ဆရာကြီး လာထိုင်ပြီး သူ့ဘ၀ဇာတ်ကြောင်းလာပြောပြနေတယ်
ခံစားရတဲ့ အထိ ဒီစာအုပ်ကို သဘောကျတာပါ ။
ဝယ်ပြီးဖတ်ကြည့်ဖို့ပဲ
တိုက်တွန်းပါရစေ ။
Edited: ၂၀၁၆
ခုနှစ်အတွက် အမျိုးသားစာပေ၀ထ္ထုရှည်စုကို ထက်မြက်တဲ့ဓားသွေးပေါ်မှ ချိုမြမြပျားရည်စက်
စာအုပ်နဲ့ ဆရာညီပုလေးက ရရှိသွားပါတယ် ။
♥ M ♥
© hsudiary.blogspot.com. All
Rights Reserved.
Nice review, I am going to buy that book.
ReplyDeleteThank you for your feedback And I am sure you would love the book too.
Delete