Sunday, August 12, 2018

ချစ်တဲ့သူသခင်မြင်လာအုန်း မဂ္ဂဇင်းဝတ္ထုရှည်များ - နုနုရည်အင်းဝ




ဆရာမ နုနုရည်အင်းဝရဲ့ စာတွေနဲ့ ကျွန်တော်က ဒီနှစ်ထဲမှာမှ ရင်းနှီးကျွမ်းဝင်လာတာပါ ။ အမှန်တိုင်းဝန်ခံရရင် “ပြုံး၍လည်းကန်တော့ခံတော်မူပါ ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ” ပြီးရင် ဒီ “ချစ်တဲ့သူသခင်မြင်လာအုန်း” ပဲ ဖတ်ဖူးသေး….ဒါပေမယ့် ဒီမဂ္ဂဇင်းဝတ္ထုရှည်တွေက ပိုထိတယ် ပြောရမယ်။ လူသိများတဲ့ စာအုပ်တစ်အုပ်ထက် ပိုသဘောကျတယ်ပြောရတာ နည်းနည်းတော့ ရှင်းပြရခက်သလို  လတ်တလော စိတ်အနေအထားအရ ရှင်းလည်းမရှင်းပြချင်နေဘူး…..။

ဒီစာအုပ်တစ်အုပ်လုံးမှာ ဝတ္ထုရှည် စုစုပေါင်း (၁၈) ပုဒ်ပါဝင်ပြီး ၊ “ရှင်ကွဲ” က ကျွန်တော့်ကို ထိရှနာကျင်စေနိုင်ခဲ့ဆုံးပဲ….။ ခုလတ်တလောမှာ ကျွန်တော်ပင်ပန်းတယ်ဆိုတာ ‘မြလွင်’ ကို ခြေဖျားတောင်မှီပါ့မလား ဒီတော့“မောင်ဖုန်းမြင်စေချင်သည်” ကိုလည်း ချန်ထားခဲ့လို့မရ ….၊ ပြီးတော့ “ဉာဏ်ကြီးမောင်တို့ သားအဖ”ကလည်း ထိထိမိမိရှိလှတယ် ။ “အဟောင်းဈေး”က ကျွန်တော်တို့ မမြင်နိုင်၊မခံစားကြည့်နိုင်တဲ့ ဘဝတွေအကြောင်း ထင်ဟပ်စေခဲ့သလို ၊ ကျွန်တော် မမွေးခင် (၁၉၈၅)ပေဖူးလွှာ မဂ္ဂဇင်းထဲက “ဦးဖိုးကွန့် ၊ မလှညွှန့် ၊ စိုးမိုးကျော်နဲ့ ကျွန်တော်” မှတဆင့် မလူးသာမလွန့်သာလှတဲ့ ဘဝအပိုင်းအစတွေကို အခု (၂၀၁၈)မှာကျွန်တော် မျှဝေခံစားနိုင်ဆဲပါပဲ….။

ဒီစာအုပ်ကို ဝယ်ဖြစ်သွားစေတဲ့ အဓိက အကြောင်းအရင်းက “ရှင်ကွဲ”ဆိုတဲ့ ဝတ္ထုရှည်ကြောင့်လို့ပြောရမှာပါ ။ ‘အဖေ’ နဲ့ ‘အမေ’ ကြားထဲက ချစ်ခြင်းမေတ္တာကို ဘာနဲ့ တိုင်းတာလို့ရသလဲ…။ အဖေ့ကို ကြင်ကြင်နာနာနဲ့ နွားနို့တိုက်နေကြ ‘အမေ’ ၊ အဖေ့ဒူးကို အမြဲနှိပ်ပေးနေတဲ့ ‘အမေ’ ၊ အမေ့ကို မတွေ့တာနဲ့ “ညည်းတို့အမေရော” လို့ မေးတတ်တဲ့ ‘အဖေ’ ၊ ‘အမေ’ က “ထမင်းစားလေ” လို့ပြောကာမှ စားလေ့ရှိတဲ့ ‘အဖေ’ ။
တစ်ဖြည်းဖြည်းနဲ့ အသက်တွေကြီးလာပြီး ‘အမေ’ တစ်ယောက် ‘အဖေ့’ ကို လုံးလုံး မမှတ်မိတော့တဲ့အခါ……အသက်ကိုးဆယ်ကျော် အိပ်ယာထဲမှာ လဲနေပြီဖြစ်တဲ့ အဖေ့ကို အိမ်ကနေ အမြဲထွက်သွားဖို့ ပါးစပ်နဲ့ နှင်ထုတ်ရင်း ၊ ယုယုယယနဲ့ အဖေ့ဒူးတွေနှိပ်ပေးနေဆဲ ဖြစ်တဲ့ ‘အမေ’ နဲ့
“ညည်းအမေ မြင်ရင် အဖေ့ကို နှင်လိမ့်မယ်" ဆိုပြီး အစာလည်းမစား ခြင်ထောင်ထဲက မထွက်တော့တဲ့ ‘အဖေ’……။ သူ့ကို မမှတ်မိတော့တဲ့ အမေ့ကို အမြဲ နာကျင်ငေးမောနေတဲ့ ‘အဖေ’……။
အဖေမဆုံးခင် တစ်ညသားမှာ သူ့ကို နှင်ထုတ်တဲ့ ချစ်မယားကို ကြေကြေကွဲကွဲ မျက်နှာမလွှဲပဲ တစ်ဝကြီး ငေးကြည့်နေခဲ့တယ် ဆိုတဲ့ အရေးအသားတွေ…..၊ အဖေဆုံးတဲ့နေ့မှာ အဖေ့ကို လိုက်ရှာနေတဲ့ အမေအိုတစ်ယောက်ရဲ့ ပုံရိပ်တွေ ၊ “အသက်ရှင်ရက်နဲ့တော့ ငါတို့ကို ခွဲမထားပါနဲ့” ဆိုတဲ့ ဆို့ဆို့နင့်နင့် စကားလုံးတွေ…….။ ပြီးတော့ ကျွန်တော်မလိုချင်တဲ့ ဇာတ်သိမ်းတွေ…..ဆရာမ နုနုရည်အင်းဝဟာ လှလှပပ ထိထိရှရှပုံဖော်သွားခဲ့ပါတယ် ။

မဝယ်ခင် အမြည်းဖတ်တုန်းကလည်း city mart မှာ မျက်ရည်ဝဲ ၊ အိမ်မှာ တကယ်ဖတ်တော့ ဝမ်းနည်းတဲ့ စိတ်ကအပြည့်ပဲ…။ တစ်ခုခု ချရေးချင်လို့ ပြန်ရေးတော့လည်း တကယ် တရှုံ့ရှုံ့နဲ့ရေးရတာ…အမှန်တော့ စာအုပ် Review တွေက မရေးရတာကြာတော့ ရေးရတာ လက်မသွက်တော့ဘူး ။ အဲ့ဒီတော့ ဒါကို စာအုပ်အညွှန်းတစ်ခုထက် ကျွန်တော်ကြိုက်တဲ့ စာအုပ်တစ်အုပ်အကြောင်း ပြောပြတဲ့ပုံ ၊ ပြောပြတဲ့ဟန်ပဲ မြင်စေချင်တယ်။  ကျွန်တော့်အတွက်ကတော့ ကျွန်တော်ထည့်မရေးဖြစ်ခဲ့တဲ့ “ရှင်ကွဲ” ကို ကြွေရတဲ့ အကြောင်းအရင်းတွေ နောက်နှစ်တွေ နောက်နှစ်တွေမှာ မန်မိုရီအနေနဲ့ ပြန်သတိရ ၊ ပြန်ကြည့်ချင်ပါတယ်။
ဒီလောက်ပါပဲ ။

စာရေးသူ - နုနုရည်အင်းဝ
စာအုပ်အမည် - ချစ်တဲ့သူသခင်မြင်လာအုန်း မဂ္ဂဇင်းဝတ္ထုရှည်များ
ထုတ်ဝေသည့်တိုက် - စိတ်ကူးချိုချို
ထုတ်ဝေသည့်ခုနှစ် - (၂၀၁၈) ခုနှစ် ၊ ပထမအကြိမ်
တန်ဖိုး - ၄,၅၀၀ ကျပ်

♥ M ♥
© hsulittlediary.blogspot.com. All Rights Reserved.


Sunday, February 18, 2018

ကလေးစစ်သား - မိုးသက်ဟန်



ဒီစာအုပ်ကို (၂၀၁၅) ခုနှစ်မှာ အိမ်မက်ကသစ် စာပေ ကနေ ပထမအကြိမ်အနေနဲ့စတင်ထုတ်ဝေခဲ့ပြီးတော့ ၊ ဆရာမိုးသက်ဟန် က အရွယ်မတိုင်သေးပဲ စာသင်ခန်းဝေး ၊ မိဝေး ၊ ဖဝေး နဲ့ သေနတ်ကိုင်နေရတဲ့ကလေးစစ်သားတွေ ၊ ဆင်းရဲနုံချာလွန်းလို့ စာသင်ခန်းကို ကျောခိုင်းပြီး လက်ဖက်ရည်ဆိုင်တွေ ၊ စားသောက်ဆိုင်တွေ နဲ့ ဘီယာဆိုင်တွေမှာ စားပွဲထိုးလုပ်နေရတဲ့ ကလေးငယ်တွေနဲ့ အိမ်ဖော်လုပ်နေရရှာတဲ့ ကလေးငယ်တွေကို ရည်စူးပြီး ဒီစာအုပ်ကို ဘာသာပြန်ဆိုခဲ့ခြင်းဖြစ်ပါတယ် တဲ့ .....။ 
မူရင်းစာရေးသူနာမည်က Mitali Derkin ဖြစ်ပြီးတော့ ၊ မူရင်းစာအုပ်နာမည်က “Bamboo People” ပါ ။ ဒီဝထ္ထုထဲမှာ ကရင်နီ သားအဖနှစ်ယောက် အပြန်အလှန်စကားပြောခန်းပါတယ် ။ အဖေက သားကို သေနတ်ရဲ့ အသုံးဝင်ပုံနဲ့ ဝါးရဲ့အသုံးဝင်ပုံကိုမေးတယ် ။ သားက သေနတ်ဟာ သတ်ဖြတ်တဲ့နေရာမှာပဲ အသုံးဝင်ပြီးတော့ ၊ ဝါးကတော့ ပေါက်စအခြေအနေမှာ မျှစ်အနေနဲ့ စားလို့ရတယ် ၊ ဝါးရင်းတုတ်အနေနဲ့လည်း ရန်သူကိုတိုက်ခိုက်ကာကွယ်လို့ရတယ် ၊ ဝါးကို သုံးပြီး အိမ်ဆောက်လို့ရတယ် ။ မဆုံးနိုင်အောင် အသုံးဝင်တယ်လို့ဖြေခဲ့တယ် ။ ဒီတော့ အဖေက သားကို သေနတ်လို မကျင့်ပဲ ၊ ဝါးလိုကျင့်ပါဆိုပြီး ဆုံးမစကားပြောလိုက်တယ် ။ ဒီရည်ရွယ်ချက်နဲ့ Mitali က Bamboo People လို့ အမည်ပေးလိုက်ဟန်ရှိတယ်လို့ ဆရာမိုးသက်ဟန်က ဆိုထားပါတယ် ။ ဒီစာအုပ်ဟာ နိုင်ငံတကာမှာ စာပေဆုများစွာရရှိထားတဲ့ စာအုပ်တစ်အုပ်ပါ ။ 

ဒီစာအုပ်တစ်အုပ်လုံးရဲ့ အဓိက ဇာတ်ကောင် ကလေးလေးက ချစ်ကိုတဲ့ ၊ သူ့အသက်က (၁၅) နှစ်ပဲရှိသေးတယ် ။  အဖေက သူ့လို ဆရာဝန်တစ်ယောက် ဖြစ်စေချင်ပေမဲ့ ၊ သူက ကျောင်းဆရာဖြစ်ချင်တဲ့ ကလေးလေး ၊ သူ့အမေ နဲ့ ရှေးရိုးဆန်တဲ့ ပတ်ဝန်းကျင်ကတော့ ပညာတော်တဲ့သူဆိုတာ ကြိုးစားလို့ဖြစ်လာတာမဟုတ် ၊ ဘုရားကပေးတဲ့ ပါရမီကြောင့် ဖြစ်တာလို့ ယုံကြည်လက်ခံထားကြတဲ့ ၊ “စာတွေဖတ်ရုံရုံနဲ့ ဆရာဝန် ဖြစ်လာတာမဟုတ်ဘူး” ဆိုတဲ့ ၊ ရှေးရိုးစွဲဗမာ့အသိုင်းအဝန်း ။ သူ့အဖေ ထောင်ကျသွားတဲ့ အချိန်မှာ ၊ သူတို့သားအမိဟာ ပုန်းခိုနေထိုင်ကြရင်းနဲ့ တစထက်တစထက် စားဝတ်နေရေးကြပ်တည်းလာခဲ့တယ် ။ ဒီလိုနဲ့ သတင်းစာမှာ အစိုးရက ကျောင်းဆရာအလုပ်ကိုခေါ်ထားတာတွေ့တော့ သွားလျှောက်ခဲ့ ၊ ဒါပေမဲ့ မထင်မှတ်ပဲ သူဟာ ကလေးစစ်သားအဖြစ်နဲ့ အဓမ္မခေါ်ဆောင်သွားခြင်းခံခဲ့ရတယ် ။

သူတို့ကလေးစစ်သားတွေကို “သားတို့” “ကလေးတို့” ဆိုတဲ့ စကားအစချီပြီး စကားကို ပျားရည်ဆမ်းပြီး နူးနူးညံ့ညံ့ပြောတတ်တဲ့ ဗိုလ်ကြီးက သူ နဲ့ သူ့သူငယ်ချင်း သံချောင်းကို မသေရုံတမယ် နှိပ်စက်ခဲ့တယ် ။ “မင်းတို့ဟာ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ရမယ်” ဆိုတဲ့ ဗိုလ်ကြီးက သူ့ကို ကရင်နီတွေကို သွားတိုက်ခိုင်းတဲ့အချိန်မှာ မျက်မှန်မပါရင် မြင်ရဖို့ အခက်အခဲရှိတဲ့ ကလေးကို သေနတ်မပါ ၊ ဘာမပါနဲ့ မိုင်းရှင်းတပ်သားအနေနဲ့ စတေးခဲ့တယ် ။

တပ်ထဲမှာ ချစ်ကို နဲ့ ခင်ခဲ့တဲ့ သူငယ်ချင်းလေးရဲ့ နာမည်က “သံချောင်း” တဲ့ ။ သံချောင်းက တကယ့် သူငယ်ချင်းကောင်း ပီသတဲ့ သူ ။ 'ချစ်ကို' ကို ရက်စက်တဲ့လောကမှာ အသက်ရှင်နေထိုင်ဖို့ ဖြတ်ထိုးဥာဏ်ရှိစေဖို့ ၊ ဘဝပညာတွေသင်ပေးခဲ့တယ် ။ ချစ်ကို က ကျေးဇူးတင်တဲ့အနေနဲ့ သံချောင်းကို စာရေးတတ် ၊ ဖတ်တတ်အောင် ပြန်သင်ပေးခဲ့တယ် ။ 

နောက်ကလေးဇာတ်ကောင်တစ်ယောက် က “သူရ” တဲ့ ၊ သူက ကယား (သို့မဟုတ်) ကရင်နီ ကလေးလေး ။ သူ့အိမ် နဲ့ သူတို့ရွာကို ဗမာစစ်သားတွေက မီးရှို့ဖျက်စီးသွားတာကြောင့် ၊ မြန်မာ - ထိုင်း နယ်စပ်မှာ ခိုလှုံနေရပြီး ၊ ဗမာစစ်သားတွေကို အရမ်းမုန်းနေတဲ့ သူ ။ သူတင်မက သူတို့မျိုးနွယ်စုတစ်ခုလုံးက ဗမာစစ်သားဆိုရင် အရိုးထဲအသားထဲက မုန်းနေကြတဲ့ သူတွေ ။ မထင်မှတ်ပဲ ကရင်နီလေး “သူရ” က ၊ ဗမာစစ်သားတွေပဲ ထောင်ထားတဲ့ မိုင်းကို ပြန်နင်းမိသွားပြီး ဒဏ်ရာရသွားတဲ့ ၊ ဗမာစစ်သားလေး “ချစ်ကို” ကို ကယ်တင်ပြီး သူတို့ ခိုလှုံရာနေရာကို ခေါ်လာခဲ့တယ် ။ အဲ့ဒီအတွက် သူရဟာ သူချစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးခံရပြီး ၊ သူတို့ လူမျိုးတွေရဲ့ အထင်လွဲမှုတွေကို ခံရရှာတယ် ။

ပြည်တွင်းစစ်ကြီးရဲ့ နောက်ရလဒ်ဆိုးတစ်ခုဟာ ဗမာလူမျိုးနဲ့ တိုင်းရင်းသားလူမျိုးတွေဟာ ရန်သူတွေဖြစ်တယ် ဆိုတဲ့ အသိကို သွတ်သွင်းခံရတာပဲ ၊ နှစ်ဦးနှစ်ဖက်လုံး Brainwash လုပ်ခံရတာပဲ ။ကျွန်တော်ဟာ တိုင်းရင်းသားပေသိ ရန်ကုန်မှာ မွေးသူမို့ ၊ တိုင်းရင်းသားတွေခံစားရတဲ့ ခွဲခြားဖိနှိပ်ခံရတယ်ဆိုတဲ့ ခံစားချက်တွေ သိပ်နားမလည်ခဲ့ဘူး ။ ခုထိလည်း နားလည်ဖို့ခက်နေဆဲဆိုတာ ရှက်ရှက်နဲ့ ဝန်ခံရပါဦးမယ် ။ ဒါပေမဲ့ တိုင်းရင်းသားတွေဟာ တိုင်းရေးပြည်ရေးမငြိမ်မသက်ဖြစ်စေချင်ရုံသပ်သပ် နဲ့ တိုက်ပွဲတွေကို ဆင်နွှဲနေတာမဟုတ်ဘူးဆိုတာတော့ သေချာနေဆဲပါပဲ ။ 

ဆရာမိုးသက်ဟန် ဘာသာပြန်တဲ့ "ကလေးစစ်သား” မှာ 
ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ ဘာတွေခံစားနေရသလဲ ၊ ဗမာလူမျိုးတွေကို သူတို့မြင်တဲ့ အမြင်တွေ ၊ ဗမာ့တပ်မတော်အပေါ်ထားတဲ့ သူတို့ရဲ့သဘောထားတွေ စာနာ ၊ နားလည် ခံစားရနိုင်တယ် ။ လူသားခြင်းစာနာသနားခြင်းဟာ ငြိမ်းချမ်းရေးကို ဖြစ်စေတယ်ဆိုတာ သိမြင်လာစေတယ် ။ ပြီးတော့  တစ်ချိန်တုန်းက အရေအတွက်မြောက်များစွာရှိခဲ့တဲ့ ကလေးစစ်သားတွေရဲ့ ခါးသီးတဲ့ စိတ်ခံစားမှုတွေ ၊ အရွယ်နဲ့မမျှလောက်အောင် အသက်ကိုရင်းပြီး စစ်တိုက်ရတဲ့ အတွေ့အကြုံတွေကို မြင်ယောင်စေတာမို့  ဖတ်ကြည့်ကြပါဦးလို့ တိုက်တွန်းရင်း စာညွှန်းလေးရေးပေးလိုက်ရပါတယ် ။ 








ကျွန်တော်က ပထမဆုံး ဝန်ဇင်းကနေ (၆၀၀)နဲ့ဝယ်ဖတ်ပါတယ် ။ ပြီးတော့ သဘောကျလို့ စာအုပ်ဝယ်သိမ်းချင်တာနဲ့ လှည်းတန်း စာပေလောက ကနေ (၃၅၀၀) နဲ့ ဝယ်လာပါတယ် ။ 









♥ M ♥
© hsulittlediary.blogspot.com. All Rights Reserved.


Tuesday, January 16, 2018

ချစ်သော ချင်းတို့ဌာနေ - ကန်ပက်လက်-ခေါနူးစုမ်-အေးစခန်း-မင်းတပ် ခရီးစဉ်



ချစ်သော ချင်းတို့ဌာနေ - ကန်ပက်လက်-ခေါနူးစုမ်-အေးစခန်း-မင်းတပ် ခရီးစဉ် 


စသွားတဲ့နေ့တုန်းကတော့ ဒီ ခရီးစဉ်ကို ဒီလောက်ပျော်ဖို့ကောင်းလိမ့်မယ် ၊ အမှတ်တရဖြစ်စရာတွေများလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး ။ အေးစခန်းကနေ မင်းတပ်ဘက်ကို trekking လျှောက်အပြီးမှာ ဒီ article ကို မရည်ရွယ်ပဲရေးဖြစ် ၊ နောင်နှစ်တွေကြာလာတဲ့အခါ ၊ ကျွန်တော် မစွမ်းဆောင်နိုင်တာတွေများလာတဲ့အခါ ၊ အတူခရီးသွားခဲ့တဲ့ သူငယ်ချင်း ၊ မိတ်ဆွေတွေကို သတိရတဲ့အခါ ၊ ကျွန်တော်ကိုယ်တိုင် ပြန်ဖတ်ဖို့ ၊ ပြန်မှတ်မိဖို့ ဒီ ခရီးသွားဆောင်းပါးလေး ရေးပါတယ် ။

ပထမနေ့ (3.1.2017)
-        
     ကျွန်တော်တို့ ရန်ကုန်ကနေ ရန်ကုန် - ပုဂံ Famous Express ည ၈း၃၀ ကားနဲ့ ရန်ကုန်ကနေ ထွက်လာကြတယ် ။ Famous က အတော်အဆင်ပြေတယ် ။ ရိုးရိုးကားဖြစ်ပေမဲ့ အဆာပြေမုန့်ကျွေးတယ် ။ Service က မဆိုးပါဘူး ၊ ကောင်းတယ် လို့ ပြောလို့ရတယ် ။

ဒုတိယနေ့ (4.1.2017)

ပုဂံကို မနက် ၆နာရီမှာရောက်တယ် ။ The backyard Travel က စီစဉ်ပေးထားတဲ့ကား (Hi Ace) ကားနဲ့ ပုဂံကနေ ပခုက္ကူ - ဆော - ကန်ပက်လက် လမ်းအတိုင်း ပုံတောင်ကို ကွေ့ကာပတ်ကာ နဲ့ ကန်ပက်လက်ထိသွားခဲ့ကြတယ် ။ ဒီခရီးစဉ်မှာ ကျွန်တော်တို့ ကံကောင်းတာက ကျွန်တော်တို့ သွားမဲ့ရက်မှာ မိုးလုံးဝ မရွာတော့တာပဲ ။ 

တစ်ခုပဲ ရှေ့ရက်တွေက မိုးတွေရွာထားတော့ ၊ ရွှံ့မြေလမ်းမှာ အတော်သတိထားမောင်းရတယ် ။ လမ်းက အကောင်းကြီးမဟုတ်သလို ၊ အရမ်းအဆိုးကြီးလည်း မဟုတ်နေဘူး ။ ကျွန်တော်တို့က လူက ၁၃ ယောက်ဖြစ်တာရယ် ၊ ကားက ပစ္စည်းတင်တဲ့ ၀က်ခြံမပါတာကြောင့် ၊ လူတွေက နည်းနည်း ကြပ်ကြပ်တည်းတည်း
 တော့ထိုင်လိုက်ရတယ် ။ ကားက အောက်ပိုင်းနိမ့်တာရယ်ကြောင့် ၊ ရွှံ့ထဲမှာ တစ်ချက် နစ်သွားခဲ့သေးတယ် ။ ကိုယ်တွေလည်း အကုန်လန့်သွား ၊ ကံကကောင်းချင်တော့ အဲ့နားမယ် တခြားကားသမားတွေရှိနေတော့ ကျွန်တော်တို့ကားကို ကြိုးနဲ့ဝိုင်းဆွဲပေးကြရှာတယ် ။ နောက် ချင်းပြည်သွားရင် သတိထားစရာကတော့ အောက်ပိုင်းနိမ့်တဲ့ ကားမျိုးရှောင်ဖို့ပဲ ၊ ကျန်တာက အဆင်ပြေပါတယ် ။


 ချောက်တွေဖြတ်ရင် ဘုရားတွေတလိုက် ၊ ကားပေါ်မှာ ဟီးဟီးဟားဟားနဲ့ စလိုက် ၊ နောက်လိုက် ကြနဲ့ ကျွန်တော်တို့တွေ ကန်ပက်လက်ကို နေ့လည် ၃ နာရီကျော်ကျော်လောက်မှ ရောက်ဖြစ်တယ် ။ဒီပုံလေးက ကန်ပက်လက်မရောက်ခင် View Point မှာရိုက်ထားတာ ။


ကန်ပက်လက်မြို့လေးက ပေ ၁၃၇၀ မြင့်တယ်လို မှတ်ဖူးတယ် ၊ သိပ်လှတယ် ၊ မြေနီလမ်းလေးနဲ့ တိမ်တွေ ပေါ်က ရှေးဟောင်းမြို့လေးပေါ့ ။ ရိုးရာမပျက် ခြေတံရှည်အိမ်လေးတွေကို တောင်းခါးပန်းတွေမှာ ဆောက်ထားကြတာ ချစ်ဖို့အရမ်းကောင်းတယ် ။ အိမ်တိုင်း အိမ်တိုင်း မှာ ပြောင်းဖူးလေးတွေ စုချည်ချိတ်ဆွဲထားတယ် ။ ကလေးလေး တွေလည်းအများကြီး ၊ တစ်ယောက်မှလည်း ထူထူထဲထဲ ၀တ်ထားတာမတွေ့ခဲ့ရ ၊ ချင်းလို ‘နင်ဂါနော်’ ‘နေကောင်းလား’ လို့ နှုတ်ဆက်ရင် ပြန်နှုတ်ဆက်တတ်တဲ့ ရိုးသားတဲ့ ချင်းလူမျိုးကလေးတွေ ။

ရာသီဥတုကတော့ နေ၀င်စောရတဲ့အထဲ ၊ တိမ်ခိုးတိမ်ငွေ့တွေကြောင့် ညနေ (၄) နာရီ ခွဲဟာ အတော်မှောင်တယ်ဆိုရမယ် ။
ပြီးတော့ တောင်ဇလပ်ပင်တွေ နဲ့ ချယ်ရီပင်တွေကို အိမ်တွေကြားထဲမှာလည်းတွေ့နိုင်တယ် ။ ချစ်ဖို့ကောင်းပြီး လူယဉ်တဲ့ ချင်းခွေးလေးတွေရောပေါ့ ။


ရောက်တာနဲ့ ကန်ပက်လက်မြို့ပေါ်က
 နှာခေါင်းပလွေလိုခေါ်ကြတဲ့ 
ချင်းအမျိုးသမီးကြီးဆီရောက်ဖြစ်တယ် ။ ချင်းရိုးရာအတိုင်း ပါးရဲထိုးထားပြီး ၊ နှာခေါင်းနဲ့ပလွေမှုတ်ပြလို့ ကမ္ဘာကျော်သွားတဲ့ အမျိုးသမီးကြီးပေါ့ ။ ကန်ပက်လက်မှာ လည်စရာသိပ်မရှိလှဘူး ၊ ဒီချင်းအမျိုးသမီးကြီးဆီပဲ လာစရာရှိတယ်ပြောရမယ် ။ ကျွန်တော့တို့ရှေ့မှာ တစ်ဖွဲ့၊ နောက်မှာ တစ်ဖွဲ့ လာသမျှ ဧည့်သည်တွေကို မညိုမငြင် ဆိုပြ ၊ တီးပြ ၊ ဓာတ်ပုံအရိုက်ခံရနဲ့ တစ်နေ့ တစ်နေ့ သူမောနေတော့မှာပဲ ။ 
သူ့အိမ်လေးဘေးမှာတော့ ချင်း museum အသေးစားလေး ရှိတယ်ပြောရမယ် ။ ချင်းအမျိုးသားကြီးတစ်ဦးက လိုက်ရှင်းပြပေးတယ် ။ အဲ့ဒီမယ် ချင်းအမျိုးသမီးတွေ ပါးရဲထိုးတဲ့အခါသုံးတဲ့ ဆူးချွန်လိုဟာမျိုးတွေ တွေ့နိုင်တယ် ။

ကန်ပက်လက်မှာ ကျွန်တော်တို့နေခဲ့တဲ့ ဟိုတယ်က Pine Wood Villa ၊ ဟိုတယ်တည်ထားတဲ့နေရာလေးက တောင်စောင်းလေးပေါ်မှာ ၊ ရှုခင်းက အတော်လှတယ် ။ မိုးလင်းတော့ ထွက်လာတဲ့ နေနဲ့အတူ တိမ်ပင်လယ်ကြီးပါမြင်ရတယ် ။


တစ်ခုပဲ ချင်းပြည်နယ်မှာက MPT ပဲလိုင်းမိတယ် ၊ အင်တာနက်တော့ သုံးလို့ သိပ်မကောင်းဘူး ။ ကျန်တဲ့ Operator တွေ လုံးလုံး လိုင်းမရ ၊ မီးကလည်း (Pine Wood မှာတော့ ) ညနေ (၆) ကနေ ည (၁၀/၁၁) ရယ် ၊ မနက်ပိုင်းကို (၁ /၂ ) နာရီလောက်ပဲ မီးပေးတယ် ။ ရေပူရေအေးက ရတချက် ၊ မရတချက်ပဲ ။ မီးမရတဲ့ဒေသမို့ ရေပူရေအေးကို ထင်းနဲ့ ရေနွေးကြိုပြီး ပိုက်လိုင်းကတဆင့် ပေးရတာလို့ ဖတ်ဖူးတယ် ။ 
ဒီပုံလေးက Pine Wood Villa ထဲက တောင်ဇလပ်ပင်ကနေကြွေကျနေတဲ့
တောင်ဇလပ်ပွင့်ဖတ်လေး တစ်ဖတ်ကို ယူရိုက်ထားတာ ။ 

မီးကမရတော့ heater လည်းမရှိဘူး ။ ဒါတောင် အနွေးထည်က ၂ထပ် ၊ ဘောင်းဘီ နှစ်ထပ် ၊ ခေါင်းစွပ် နဲ့ ခြေအိတ် ၊ လတ်အိတ် ၀တ်ထားရက်နဲ့တောင် လက်ဖျား ၊ ခြေဖျားတွေ ၊ ထုံကျင်နေအောင် အေးတယ် ။ ကျွန်တော်တို့ရောက်တော့ အအေးဒီဂရီက  8 ̊ C ။ နေ့ရော ၊ ညရော ရှယ်အေးတယ် ။ ညစာကိုတော့ တိုးလ်က စီစဉ်ပေးထားတဲ့အတိုင်း ဟိုတယ်မှာ စားကြတယ် ၊ သူတို့နဲ့ ပြောတုန်းကတော့ set menu နဲ့ ကျွေးမှာတဲ့ ၊ နောက်တော့ လူများလို့ထင်ပ ၊ ဘူဖေးကျွေးတယ် ။ ကိုယ်တွေအကြိုက်ကိုဖြစ်လို့။

တတိယနေ့ (5.1.2017)

ဒီနေ့က ခေါနူးစုမ်ကို တတ်မဲ့နေ့ပေါ့ ၊ ဟိုတယ်ကနေ မနက်စာစား ၊ မနက် ၈း၃၀ လောက် check out လုပ်ပီး ၊ တောင်ခြေဆယ်မိုင်စခန်းထိကားနဲ့တတ်ကြတယ် ။ လမ်းတောက်လျှောက် တောင်တွေကြားမှာ တိမ်ပင်လယ်ကအပြည့်နေရာယူထားတယ် ။ ဆယ်မိုင်စခန်းကနေ မနက် ၉း၃၀ လောက်ကထွက်ပီး ၊ Hiking ဖြေးဖြေးလေးလုပ်သွားတာ ၊ ပင်လယ်မြေမျက်နှာပြင်ရဲ့အထက် ပေ ၁၀၀၁၆ မြင့်တဲ့ ခေါနူးစုမ် တောင်ကို နေ့လည် (၁)နာရီလောက်မှာ ရောက်တယ် ။
 အသွားလမ်းကတော့ အတတ်ကြီးပဲ တစ်လိုင်း ၊ ဂိုက်က ဖြတ်လမ်းကခေါ်သွားလိုက် ၊ ဆိုင်ကယ်လမ်းက လာလိုက်ပဲ ။ 
တချို့မတတ်နိုင်တဲ့သူတွေက ဆိုင်ကယ်နဲ့တတ်ကြတယ် ။ ဆိုင်ကယ်နဲ့ဆို မိနစ် ၂၀ ကျော်ပဲကြာတယ်တဲ့ ။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် လူငယ်တွေကို hike ပဲ လုပ်စေချင်တယ် ။ ရာသီဥတုက တအားအေးတော့ မောလည်းခဏပဲ ၊ တောင်တတ်လာတဲ့ လမ်းတောက်လျှောက်မှာ တောင်ဇလပ်ပန်းတွေရယ် ၊ အဝေးက ချင်းတောင်တန်းတွေကို ငေးကြည့်လိုက်ရုံနဲ့ အမောပြေလွယ်တယ် ။ တိတ်ဆိတ်တဲ့ တောထဲမှာ ထင်းရှုးပင်အနံ့လေး ရှုရှိုက်ရင်း လမ်းလျှောက်ရတာလည်း ပျော်စရာပဲ ။ နေ့လည် ၁၂ နာရီတိတိမှာ တောင်ပေါ်မှာ ရေတွေခဲနေတုန်း ။

 နောက်တခုက ကား နဲ့ ဆိုင်ကယ် စက်သံကြောင့် ၊ ရှားပါးငှက်တွေက ထွက်ပြေးကုန်တယ်တဲ့ ။ ငှက်တွေက မရှိတော့ တော့ wildlife ကြည့်ဖို့လာတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ အရမ်းပါးကုန်ပီ ။ ကျွန်တော် ခေါနူးစုမ်တတ်တဲ့
 တောက်လျှောက်တော့ local တွေကြီးပဲတွေ့ခဲ့တာပဲ ။ 

ပြီးတော့ နေရာတိုင်းမှာ အမှိုက်တွေ ။ စိတ်မကောင်းစရာ ၊ ကျွန်တော်တို့ ဗမာတွေ တွေ့ကရာ အမှိုက်ချတာ အကျင့်ပါလှ ပီ ။ ကျွန်တော်တို့တော့ တတ်တဲ့လမ်းတစ်လျှောက် ပေါင်မုန့်ဘာညာ အဆာပြေစားရင် အိတ်ခွံကို ကိုယ့်ကျောပိုးအိတ်ထဲထည့်ရင်ထည့် ၊ အိပ်မပါရင် ဂိုက်က အမှိုက်အိတ်ကို သူသယ်ပေးတယ် ။ နောက်တစ်ခုက ရေများများမသောက်တာပိုကောင်းတယ် ၊ တောင်ပေါ်မှာ သန့်စင်ခန်း သိပ်အဆင်မပြေဘူး ။

နေ့လည်စာကို ဂိုက်က ထမင်းကြော်ကို တောင်ပေါ်မှာ ဖော့ဘူးနဲ့စီစဉ်ပေးတယ် ။ ပြီးတော့ ခဏနား ။ ပြန်ဆင်းတော့ ၁၂ မိုင်ထိဆင်းကြတယ် ၊  တောထဲဖြတ်လမ်းကဆင်းတာပေါ့  ။ 

လူသွားလမ်းဆိုပေမဲ့ အချို့နေရာတွေမှာ လမ်းကပီပီပြင်ပြင် မရှိလှဘူး ။ အပင်တွေက ကျွန်တော့အရပ်နီးနီးရှိတယ် ။ တချို့နေရာတွေမှာ တောင်ဆင်းလမ်း တအားမတ်တယ် ။ ဂိုက်က အရမ်းသဘောကောင်း ၊ အဆင်းကြောက်တဲ့သူတွေကို တစ်ယောက်ပီး တစ်ယောက်တွဲဆင်းပေးရှာတယ် ။ နေ့လည် (၂) နာရီလောက်က ဆင်းလာတာ ညနေ (၅) လောက်မှ တောင်အောက်ရောက်တယ်။
အဆင်းလမ်း တောက်လျှောက်က ကြောက်ဖို့လည်းကောင်းသလို ၊ ပျော်ဖို့လည်းကောင်းတယ် ။ ဂိုက်အကို ကို မြေပြန့်မရောက်သေးဘူးလားမေးရင် ၊ အမြဲ နောက် (၁၀)မိနစ်ဆိုရောက်ပီဆိုတာကြီးပဲ ။ သူ့ (၁၀) မိနစ်က (၁)နာရီနီးပါးကြာတယ်ဆိုတာ ကိုယ်တွေလည်း အဲ့တော့မှ သိတော့တယ် ။ နောက်တခုက local သွားနေကြလမ်းမဟုတ်တော့ ပလတ်စတ် အမှိုက်လုံးဝမရှိဘူးရယ် ။

အမှန်တော့ ကိုယ်က သီပေါ မှာ hard trekking လျှောက်ဖူးထားတော့ ဒီလောက်ဆို သိပ်မဆိုးပါဘူးပဲတွေးနေတာ ၊ ဒီစာလေးပြန်ရေးပီး သိမ်းဖို့ အစီအစဉ်လည်းမရှိ ။ အဲ့ဒီအတွေးက နောက်နေ့ အေးစခန်းကနေ trekking ပြန်လျှောက်မှ မှားမှန်းသိတော့တာပါပဲ ။ ဒီပုံက နောက်နေ့ Trekking လမ်းကြောင်းက ဘယ်လောက်အခြေဆိုးသလဲ မသိသေးတော့ စိတ်ဓာတ်တွေ အတတ်ကြွလွန်ပြီး ပျော်နေတဲ့ ပုံလေးပါ ။