Tuesday, January 16, 2018

ချစ်သော ချင်းတို့ဌာနေ - ကန်ပက်လက်-ခေါနူးစုမ်-အေးစခန်း-မင်းတပ် ခရီးစဉ်



ချစ်သော ချင်းတို့ဌာနေ - ကန်ပက်လက်-ခေါနူးစုမ်-အေးစခန်း-မင်းတပ် ခရီးစဉ် 


စသွားတဲ့နေ့တုန်းကတော့ ဒီ ခရီးစဉ်ကို ဒီလောက်ပျော်ဖို့ကောင်းလိမ့်မယ် ၊ အမှတ်တရဖြစ်စရာတွေများလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး ။ အေးစခန်းကနေ မင်းတပ်ဘက်ကို trekking လျှောက်အပြီးမှာ ဒီ article ကို မရည်ရွယ်ပဲရေးဖြစ် ၊ နောင်နှစ်တွေကြာလာတဲ့အခါ ၊ ကျွန်တော် မစွမ်းဆောင်နိုင်တာတွေများလာတဲ့အခါ ၊ အတူခရီးသွားခဲ့တဲ့ သူငယ်ချင်း ၊ မိတ်ဆွေတွေကို သတိရတဲ့အခါ ၊ ကျွန်တော်ကိုယ်တိုင် ပြန်ဖတ်ဖို့ ၊ ပြန်မှတ်မိဖို့ ဒီ ခရီးသွားဆောင်းပါးလေး ရေးပါတယ် ။

ပထမနေ့ (3.1.2017)
-        
     ကျွန်တော်တို့ ရန်ကုန်ကနေ ရန်ကုန် - ပုဂံ Famous Express ည ၈း၃၀ ကားနဲ့ ရန်ကုန်ကနေ ထွက်လာကြတယ် ။ Famous က အတော်အဆင်ပြေတယ် ။ ရိုးရိုးကားဖြစ်ပေမဲ့ အဆာပြေမုန့်ကျွေးတယ် ။ Service က မဆိုးပါဘူး ၊ ကောင်းတယ် လို့ ပြောလို့ရတယ် ။

ဒုတိယနေ့ (4.1.2017)

ပုဂံကို မနက် ၆နာရီမှာရောက်တယ် ။ The backyard Travel က စီစဉ်ပေးထားတဲ့ကား (Hi Ace) ကားနဲ့ ပုဂံကနေ ပခုက္ကူ - ဆော - ကန်ပက်လက် လမ်းအတိုင်း ပုံတောင်ကို ကွေ့ကာပတ်ကာ နဲ့ ကန်ပက်လက်ထိသွားခဲ့ကြတယ် ။ ဒီခရီးစဉ်မှာ ကျွန်တော်တို့ ကံကောင်းတာက ကျွန်တော်တို့ သွားမဲ့ရက်မှာ မိုးလုံးဝ မရွာတော့တာပဲ ။ 

တစ်ခုပဲ ရှေ့ရက်တွေက မိုးတွေရွာထားတော့ ၊ ရွှံ့မြေလမ်းမှာ အတော်သတိထားမောင်းရတယ် ။ လမ်းက အကောင်းကြီးမဟုတ်သလို ၊ အရမ်းအဆိုးကြီးလည်း မဟုတ်နေဘူး ။ ကျွန်တော်တို့က လူက ၁၃ ယောက်ဖြစ်တာရယ် ၊ ကားက ပစ္စည်းတင်တဲ့ ၀က်ခြံမပါတာကြောင့် ၊ လူတွေက နည်းနည်း ကြပ်ကြပ်တည်းတည်း
 တော့ထိုင်လိုက်ရတယ် ။ ကားက အောက်ပိုင်းနိမ့်တာရယ်ကြောင့် ၊ ရွှံ့ထဲမှာ တစ်ချက် နစ်သွားခဲ့သေးတယ် ။ ကိုယ်တွေလည်း အကုန်လန့်သွား ၊ ကံကကောင်းချင်တော့ အဲ့နားမယ် တခြားကားသမားတွေရှိနေတော့ ကျွန်တော်တို့ကားကို ကြိုးနဲ့ဝိုင်းဆွဲပေးကြရှာတယ် ။ နောက် ချင်းပြည်သွားရင် သတိထားစရာကတော့ အောက်ပိုင်းနိမ့်တဲ့ ကားမျိုးရှောင်ဖို့ပဲ ၊ ကျန်တာက အဆင်ပြေပါတယ် ။


 ချောက်တွေဖြတ်ရင် ဘုရားတွေတလိုက် ၊ ကားပေါ်မှာ ဟီးဟီးဟားဟားနဲ့ စလိုက် ၊ နောက်လိုက် ကြနဲ့ ကျွန်တော်တို့တွေ ကန်ပက်လက်ကို နေ့လည် ၃ နာရီကျော်ကျော်လောက်မှ ရောက်ဖြစ်တယ် ။ဒီပုံလေးက ကန်ပက်လက်မရောက်ခင် View Point မှာရိုက်ထားတာ ။


ကန်ပက်လက်မြို့လေးက ပေ ၁၃၇၀ မြင့်တယ်လို မှတ်ဖူးတယ် ၊ သိပ်လှတယ် ၊ မြေနီလမ်းလေးနဲ့ တိမ်တွေ ပေါ်က ရှေးဟောင်းမြို့လေးပေါ့ ။ ရိုးရာမပျက် ခြေတံရှည်အိမ်လေးတွေကို တောင်းခါးပန်းတွေမှာ ဆောက်ထားကြတာ ချစ်ဖို့အရမ်းကောင်းတယ် ။ အိမ်တိုင်း အိမ်တိုင်း မှာ ပြောင်းဖူးလေးတွေ စုချည်ချိတ်ဆွဲထားတယ် ။ ကလေးလေး တွေလည်းအများကြီး ၊ တစ်ယောက်မှလည်း ထူထူထဲထဲ ၀တ်ထားတာမတွေ့ခဲ့ရ ၊ ချင်းလို ‘နင်ဂါနော်’ ‘နေကောင်းလား’ လို့ နှုတ်ဆက်ရင် ပြန်နှုတ်ဆက်တတ်တဲ့ ရိုးသားတဲ့ ချင်းလူမျိုးကလေးတွေ ။

ရာသီဥတုကတော့ နေ၀င်စောရတဲ့အထဲ ၊ တိမ်ခိုးတိမ်ငွေ့တွေကြောင့် ညနေ (၄) နာရီ ခွဲဟာ အတော်မှောင်တယ်ဆိုရမယ် ။
ပြီးတော့ တောင်ဇလပ်ပင်တွေ နဲ့ ချယ်ရီပင်တွေကို အိမ်တွေကြားထဲမှာလည်းတွေ့နိုင်တယ် ။ ချစ်ဖို့ကောင်းပြီး လူယဉ်တဲ့ ချင်းခွေးလေးတွေရောပေါ့ ။


ရောက်တာနဲ့ ကန်ပက်လက်မြို့ပေါ်က
 နှာခေါင်းပလွေလိုခေါ်ကြတဲ့ 
ချင်းအမျိုးသမီးကြီးဆီရောက်ဖြစ်တယ် ။ ချင်းရိုးရာအတိုင်း ပါးရဲထိုးထားပြီး ၊ နှာခေါင်းနဲ့ပလွေမှုတ်ပြလို့ ကမ္ဘာကျော်သွားတဲ့ အမျိုးသမီးကြီးပေါ့ ။ ကန်ပက်လက်မှာ လည်စရာသိပ်မရှိလှဘူး ၊ ဒီချင်းအမျိုးသမီးကြီးဆီပဲ လာစရာရှိတယ်ပြောရမယ် ။ ကျွန်တော့တို့ရှေ့မှာ တစ်ဖွဲ့၊ နောက်မှာ တစ်ဖွဲ့ လာသမျှ ဧည့်သည်တွေကို မညိုမငြင် ဆိုပြ ၊ တီးပြ ၊ ဓာတ်ပုံအရိုက်ခံရနဲ့ တစ်နေ့ တစ်နေ့ သူမောနေတော့မှာပဲ ။ 
သူ့အိမ်လေးဘေးမှာတော့ ချင်း museum အသေးစားလေး ရှိတယ်ပြောရမယ် ။ ချင်းအမျိုးသားကြီးတစ်ဦးက လိုက်ရှင်းပြပေးတယ် ။ အဲ့ဒီမယ် ချင်းအမျိုးသမီးတွေ ပါးရဲထိုးတဲ့အခါသုံးတဲ့ ဆူးချွန်လိုဟာမျိုးတွေ တွေ့နိုင်တယ် ။

ကန်ပက်လက်မှာ ကျွန်တော်တို့နေခဲ့တဲ့ ဟိုတယ်က Pine Wood Villa ၊ ဟိုတယ်တည်ထားတဲ့နေရာလေးက တောင်စောင်းလေးပေါ်မှာ ၊ ရှုခင်းက အတော်လှတယ် ။ မိုးလင်းတော့ ထွက်လာတဲ့ နေနဲ့အတူ တိမ်ပင်လယ်ကြီးပါမြင်ရတယ် ။


တစ်ခုပဲ ချင်းပြည်နယ်မှာက MPT ပဲလိုင်းမိတယ် ၊ အင်တာနက်တော့ သုံးလို့ သိပ်မကောင်းဘူး ။ ကျန်တဲ့ Operator တွေ လုံးလုံး လိုင်းမရ ၊ မီးကလည်း (Pine Wood မှာတော့ ) ညနေ (၆) ကနေ ည (၁၀/၁၁) ရယ် ၊ မနက်ပိုင်းကို (၁ /၂ ) နာရီလောက်ပဲ မီးပေးတယ် ။ ရေပူရေအေးက ရတချက် ၊ မရတချက်ပဲ ။ မီးမရတဲ့ဒေသမို့ ရေပူရေအေးကို ထင်းနဲ့ ရေနွေးကြိုပြီး ပိုက်လိုင်းကတဆင့် ပေးရတာလို့ ဖတ်ဖူးတယ် ။ 
ဒီပုံလေးက Pine Wood Villa ထဲက တောင်ဇလပ်ပင်ကနေကြွေကျနေတဲ့
တောင်ဇလပ်ပွင့်ဖတ်လေး တစ်ဖတ်ကို ယူရိုက်ထားတာ ။ 

မီးကမရတော့ heater လည်းမရှိဘူး ။ ဒါတောင် အနွေးထည်က ၂ထပ် ၊ ဘောင်းဘီ နှစ်ထပ် ၊ ခေါင်းစွပ် နဲ့ ခြေအိတ် ၊ လတ်အိတ် ၀တ်ထားရက်နဲ့တောင် လက်ဖျား ၊ ခြေဖျားတွေ ၊ ထုံကျင်နေအောင် အေးတယ် ။ ကျွန်တော်တို့ရောက်တော့ အအေးဒီဂရီက  8 ̊ C ။ နေ့ရော ၊ ညရော ရှယ်အေးတယ် ။ ညစာကိုတော့ တိုးလ်က စီစဉ်ပေးထားတဲ့အတိုင်း ဟိုတယ်မှာ စားကြတယ် ၊ သူတို့နဲ့ ပြောတုန်းကတော့ set menu နဲ့ ကျွေးမှာတဲ့ ၊ နောက်တော့ လူများလို့ထင်ပ ၊ ဘူဖေးကျွေးတယ် ။ ကိုယ်တွေအကြိုက်ကိုဖြစ်လို့။

တတိယနေ့ (5.1.2017)

ဒီနေ့က ခေါနူးစုမ်ကို တတ်မဲ့နေ့ပေါ့ ၊ ဟိုတယ်ကနေ မနက်စာစား ၊ မနက် ၈း၃၀ လောက် check out လုပ်ပီး ၊ တောင်ခြေဆယ်မိုင်စခန်းထိကားနဲ့တတ်ကြတယ် ။ လမ်းတောက်လျှောက် တောင်တွေကြားမှာ တိမ်ပင်လယ်ကအပြည့်နေရာယူထားတယ် ။ ဆယ်မိုင်စခန်းကနေ မနက် ၉း၃၀ လောက်ကထွက်ပီး ၊ Hiking ဖြေးဖြေးလေးလုပ်သွားတာ ၊ ပင်လယ်မြေမျက်နှာပြင်ရဲ့အထက် ပေ ၁၀၀၁၆ မြင့်တဲ့ ခေါနူးစုမ် တောင်ကို နေ့လည် (၁)နာရီလောက်မှာ ရောက်တယ် ။
 အသွားလမ်းကတော့ အတတ်ကြီးပဲ တစ်လိုင်း ၊ ဂိုက်က ဖြတ်လမ်းကခေါ်သွားလိုက် ၊ ဆိုင်ကယ်လမ်းက လာလိုက်ပဲ ။ 
တချို့မတတ်နိုင်တဲ့သူတွေက ဆိုင်ကယ်နဲ့တတ်ကြတယ် ။ ဆိုင်ကယ်နဲ့ဆို မိနစ် ၂၀ ကျော်ပဲကြာတယ်တဲ့ ။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် လူငယ်တွေကို hike ပဲ လုပ်စေချင်တယ် ။ ရာသီဥတုက တအားအေးတော့ မောလည်းခဏပဲ ၊ တောင်တတ်လာတဲ့ လမ်းတောက်လျှောက်မှာ တောင်ဇလပ်ပန်းတွေရယ် ၊ အဝေးက ချင်းတောင်တန်းတွေကို ငေးကြည့်လိုက်ရုံနဲ့ အမောပြေလွယ်တယ် ။ တိတ်ဆိတ်တဲ့ တောထဲမှာ ထင်းရှုးပင်အနံ့လေး ရှုရှိုက်ရင်း လမ်းလျှောက်ရတာလည်း ပျော်စရာပဲ ။ နေ့လည် ၁၂ နာရီတိတိမှာ တောင်ပေါ်မှာ ရေတွေခဲနေတုန်း ။

 နောက်တခုက ကား နဲ့ ဆိုင်ကယ် စက်သံကြောင့် ၊ ရှားပါးငှက်တွေက ထွက်ပြေးကုန်တယ်တဲ့ ။ ငှက်တွေက မရှိတော့ တော့ wildlife ကြည့်ဖို့လာတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ အရမ်းပါးကုန်ပီ ။ ကျွန်တော် ခေါနူးစုမ်တတ်တဲ့
 တောက်လျှောက်တော့ local တွေကြီးပဲတွေ့ခဲ့တာပဲ ။ 

ပြီးတော့ နေရာတိုင်းမှာ အမှိုက်တွေ ။ စိတ်မကောင်းစရာ ၊ ကျွန်တော်တို့ ဗမာတွေ တွေ့ကရာ အမှိုက်ချတာ အကျင့်ပါလှ ပီ ။ ကျွန်တော်တို့တော့ တတ်တဲ့လမ်းတစ်လျှောက် ပေါင်မုန့်ဘာညာ အဆာပြေစားရင် အိတ်ခွံကို ကိုယ့်ကျောပိုးအိတ်ထဲထည့်ရင်ထည့် ၊ အိပ်မပါရင် ဂိုက်က အမှိုက်အိတ်ကို သူသယ်ပေးတယ် ။ နောက်တစ်ခုက ရေများများမသောက်တာပိုကောင်းတယ် ၊ တောင်ပေါ်မှာ သန့်စင်ခန်း သိပ်အဆင်မပြေဘူး ။

နေ့လည်စာကို ဂိုက်က ထမင်းကြော်ကို တောင်ပေါ်မှာ ဖော့ဘူးနဲ့စီစဉ်ပေးတယ် ။ ပြီးတော့ ခဏနား ။ ပြန်ဆင်းတော့ ၁၂ မိုင်ထိဆင်းကြတယ် ၊  တောထဲဖြတ်လမ်းကဆင်းတာပေါ့  ။ 

လူသွားလမ်းဆိုပေမဲ့ အချို့နေရာတွေမှာ လမ်းကပီပီပြင်ပြင် မရှိလှဘူး ။ အပင်တွေက ကျွန်တော့အရပ်နီးနီးရှိတယ် ။ တချို့နေရာတွေမှာ တောင်ဆင်းလမ်း တအားမတ်တယ် ။ ဂိုက်က အရမ်းသဘောကောင်း ၊ အဆင်းကြောက်တဲ့သူတွေကို တစ်ယောက်ပီး တစ်ယောက်တွဲဆင်းပေးရှာတယ် ။ နေ့လည် (၂) နာရီလောက်က ဆင်းလာတာ ညနေ (၅) လောက်မှ တောင်အောက်ရောက်တယ်။
အဆင်းလမ်း တောက်လျှောက်က ကြောက်ဖို့လည်းကောင်းသလို ၊ ပျော်ဖို့လည်းကောင်းတယ် ။ ဂိုက်အကို ကို မြေပြန့်မရောက်သေးဘူးလားမေးရင် ၊ အမြဲ နောက် (၁၀)မိနစ်ဆိုရောက်ပီဆိုတာကြီးပဲ ။ သူ့ (၁၀) မိနစ်က (၁)နာရီနီးပါးကြာတယ်ဆိုတာ ကိုယ်တွေလည်း အဲ့တော့မှ သိတော့တယ် ။ နောက်တခုက local သွားနေကြလမ်းမဟုတ်တော့ ပလတ်စတ် အမှိုက်လုံးဝမရှိဘူးရယ် ။

အမှန်တော့ ကိုယ်က သီပေါ မှာ hard trekking လျှောက်ဖူးထားတော့ ဒီလောက်ဆို သိပ်မဆိုးပါဘူးပဲတွေးနေတာ ၊ ဒီစာလေးပြန်ရေးပီး သိမ်းဖို့ အစီအစဉ်လည်းမရှိ ။ အဲ့ဒီအတွေးက နောက်နေ့ အေးစခန်းကနေ trekking ပြန်လျှောက်မှ မှားမှန်းသိတော့တာပါပဲ ။ ဒီပုံက နောက်နေ့ Trekking လမ်းကြောင်းက ဘယ်လောက်အခြေဆိုးသလဲ မသိသေးတော့ စိတ်ဓာတ်တွေ အတတ်ကြွလွန်ပြီး ပျော်နေတဲ့ ပုံလေးပါ ။






အေးစခန်း သို့မဟုတ် Aye Camp 

အေးစခန်းအကြောင်းနည်းနည်း လျှာရှည်ခြင်တယ် ။ အေးစခန်းရွာနားမှာရှိတော့ အေးစခန်း သို့မဟုတ် Aye Camp လို့ခေါ်တယ်ပေါ့ ။ အဓိကကတော့ ကျွန်တော်တို့လို trekking လျှောက်တဲ့သူတွေ တညနားလို့ရအောင် သပ်သပ်ဆောက်ထားပေးတဲ့နေရာပဲ ။ အခန်းအရေအတွက်ကတော့ လက်ရှိဆယ်ခန်းပဲရှိသေးတယ် ။ ကျွန်တော်တို့ အုပ်စုတွေဆို ဘိုကင်ကြိုလုပ်ထားတာတောင် ၄ယောက်တခန်းဆီနေလိုက်ရတယ် ။ အကိုတွေနေတဲ့ အခန်းဆို တံခါးမရှိ ၊ ဓားမရှိ ။ တဖက်ခန်းက ဟောက်ရင် တခြားအခန်းတွေက အကုန်ကြားရတယ် ။ ပြီးတော့ နံမည်နဲ့လိုက်အောင် ကိုးဆ ဆယ်ဆ အေးတယ် ။ အင်တာနက်မရတော့ ဘယ်လောက်ဒီဂရီထိအေးမှန်းတောင် မသိရဘူး ။ အဲ့နေ့က ရေမချိုးဘူး ။ ၄ယောက်တခန်းနေတာတောင်မှ မနွေးဘူး ၊ အရမ်းအေးလွန်းတော့ တစ်ညလုံးအိပ်မပျော်ခဲ့ဘူး ။
ပြီးတော့ မီးမရှိဘူး ၊ ဆိုလာနဲ့သုံးရတယ် ၊ ကိုယ်တွေရောက်တဲ့ည မှာ ဖလမ်းက ဆင်းလာတဲ့ ဧည့်သည်တွေများနေလို့ မီးစက်နှိုးပေးတယ် ။ မီးပုံပွဲလုပ်ပေးတယ် ၊ ခေါင်ရည်တိုက်တယ် ၊ ချင်းရိုးရာ အကနဲ့ဖျော်ဖြေတယ် ။ အေးစခန်းရဲ့ ညမှာ ကြယ်တွေက လှမှလှ ၊ များမှများပဲ ၊ အေးတာကလည်း အတော်အေး ၊ မီးပုံနားကပ်နေတာတောင် ခိုက်ခိုက်တုန်းဆဲ …. ။   ကိုယ်တွေလည်း တောင်ပေါ်ခေါင်ရည် ခပ်ခါးခါးကို တစ်ကျိုက်လောက်သောက်ရင်း အချမ်းပြေအောင် ကြိုးစားရတော့တာပေါ့ ။

ခေါင်ရည်အကြောင်း မှတ်မိသလောက် နည်းနည်းပြောပြချင်သေးတယ် ။ ငယ်ငယ်တုန်းက သင်ရတဲ့ ‘စပါး ၊ ပဲ ၊ ပြောင်း ၊ လူး ၊ ဆတ်’ဆိုတာ ကြားဖူးကြမှာပေါ့ ။ ခေါင်ရည်ကို ဆတ် (နှံ) ကနေလုပ်တယ် ။ ဆတ်မှာတောင် ဆတ်နီ နဲ့ ဆတ်ဝါ ဆိုပီး ရှိသတဲ့ ။ ဆတ်ဝါက စပါးပင် နဲ့ တူပြီး ဆတ်နီက မြက်ရိုင်းပင် နဲ့ ပိုတူသတဲ့ ။ ဆတ်ဝါကို ဒေသခံတွေက ဆန်နဲ့ရောပြီး ထမင်းအဖြစ်စားကြပြီးတော့ ဆတ်နီကိုတော့ ခေါင်ရည်လုပ်ဖို့ ထားကြတယ်တဲ့ ။ ခေါင်ရည်က သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရည် သဘောမျိုးပဲတဲ့ ။ (ကိုးကား - ဆရာညီပုလေး - စိမ်းလန်းတဲ့တောင်တန်း ၊ မြင့်မားတဲ့တောင်တန်း )


စတုထ္ထနေ့ (5.1.2017)

နိုးလာတော့ ကျွန်တော်တို့ပတ်ပတ်လည်မှာ တိမ်တွေ အဆုပ်လိုက်အပွင့်လိုက် ၊ တအားလှတယ် ။ အေးစခန်းကလှမ်းကြည့်ရင် တိမ်တွေကြားထဲက မင်းတပ်မြို့ကို တွေ့နိုင်တယ် ။
အေးစခန်းမှာ ညဆို ကြယ်ပင်လယ် ၊ မနက်ဆို တိမ်ပင်လယ် ၊ တကယ့် သဘာဝအတိုင်း လှတဲ့နေရာပေါ့ ။

ထုံးစံအတိုင်းရေမချိုးဘူး ၊ ဂိုက်အကို 
စီစဉ်ပေးတဲ့ ရေနွေးနဲ့မျက်နှာသစ် ၊ 
သွားတိုက် ။ ညက စာဘူးသီး 
စားချင်တယ်ပြောလိုက်တာနဲ့ 
မနက်မှာ စားရအောင် တန်းစီစဉ်ပေးတယ် ။ စာဘူးဒီးဆိုတာ ချင်းရိုးရာစာပေါ့ ၊ ပြောင်းဖူးစေ့တွေကို အခွံ့ချွတ်လိုက်တော့ နူးနူးအိအိပွပွလေးဖြစ်သွားတယ် ၊ အဲ့ဒါကိုမှ နွားနောက်သား နဲ့ ရောပြုတ်တယ်လို့ဖတ်ဖူးတယ် ။

 ဒီမယ်တော့ သူ့ဧည်သည်တောင်းဆိုသမျှ ဖြည့်ဆည်းပေးချင်တဲ့ ဂိုက်အကိုက ရရာနဲ့အမြန်စီစဉ်ပေးပုံရပါတယ် ။ နွားနောက်သားတော့မပါဘူး ။ ပြီးတော့ နည်းနည်းပေါ့တယ် ။ သူနဲ့တွဲစားရတဲ့ ငရုတ်သီးသုတ်က စပ်တယ် ။ အဲ့တော့လိုက်ဖက်သွားတယ်ပြောရမှာပေါ့နော် ။

မနက်(၈း၃၀)မှာ အေးစခန်းကနေ လမ်းစလျောက်ရမဲ့ ရွာထိကားနဲ့သွားတယ် ။ ဒီနေ့ကတော့ အဆင်းအရမ်းများတယ် ။ အရင်နေ့ကထက်ပိုမက်စောက်တဲ့ ဆင်ခြေလျှောတွေ ကို နဖူးတွေ့ ၊ ဒူးတွေ့ကြုံရတော့တာပါပဲ ။ ကျွန်တော်တို့ စထွက်တဲ့ရွာနံမည်တော့ သိပ်မမှတ်မိတော့ဘူး ။ (ဒါတောင် ဂိုက်ကို နောက်တခေါက်သွားပြန်မေးထားရတာ ) ဖြတ်လျှောက်ပခဲ့တဲ့ ရွာကလည်း (၃၊၄)ခု ။ မိန်းဟော ၊ ကြားဒိုး ၊ မီးခြစ် ၊ လုပ်ပဲ ။ လုပ်ပဲမှာ နေ့လည်စာ ထမင်းစားကြတာဖြစ်မယ် ။ (ဂိုက်က လမ်းတစ်လျှောက် တချို့ရိုးရာဓလေ့တွေ ရှင်းပြရှာတယ် ၊ ကျွန်တော်က သိပ်မမှတ်မိတော့ ၊ အဆင်းလမ်းမှာအရမ်းလန့်သွားလို့ ထင်ပ )
ဂျပန်အကူအညီနဲ့ ဒီရွာလေးသုံး ၊ လေး ရွာအတွက် ရေတံခွန်ကနေ ရေအားလျှပ်စစ် သုံးပြီး မီးပေးထားတယ်လို့ပြောတယ် ။

လမ်းတစ်လျှောက်ဖြတ်လျှောက်ရတဲ့ ရွာတွေထဲမှာ ၊ မြို့ပေါ်မှာတွေ့ဖို့ခဲတဲ့ ပါးရဲထိုးထားတဲ့ အမျိုးသမီးတွေ တစ်ရွာလုံးနီးပါး တွေ့နိုင်တုန်း ပဲ ။ တစ်ရွာလုံးက ယုံကြည်ကိုးစားရတဲ့ နတ်ဆရာကြီး ၊ သူ့သက်တမ်းတစ်လျှောက်နီးပါး စုဆောင်းခဲ့တဲ့ တိရိစ္ဆာန်တွေကို ဂုဏ်ယူဝံ့ကြွားစွာ သိမ်းထား ၊ ဖော်ပြထား တဲ့ မုဆိုးကြီး ၊ ရွာတိုင်း ၊ အိမ်တိုင်းမှာ ပြောင်းဖူးအခွံ့ချွတ်နေကြတဲ့ ချင်းအမျိုးသမီးတွေ ၊


ပြီးတော့ အရမ်းချစ်ဖို့ကောင်းတဲ့ ချင်းခွေးလေးတွေ ၊ ပါလာတဲ့ မုန့်ကို ဝေမျှကျွေးရင် ဗမာလို ကျေးဇူးတင်တယ် လို့ ကြိုးစားပြောပေးကြတဲ့ ချင်းတိုင်းရင်းသားကလေးလေးတွေ …….။

 
 ရှေးက ချင်းလူမျိုးတွေရဲ့
ကြွယ်ဝချမ်းသာမှုကို အိမ်တစ်အိမ် မှာ နွားနောက် ဘယ်နှစ်ကောင်ရှိလဲ ဆိုတာနဲ့ တိုင်းတယ် ၊ အလှုအတန်းလုပ်ရင် နွားနောက် ဘယ်နှစ်ကောင်ကို scarified လုပ်နိုင်တယ်ဆိုတာနဲ့ တိုင်းတယ် ။ 


အဲ့ဒီမယ် ကျောက်တုံးတွေ နဲ့ နတ်တိုင်တွေလည်း ရှိတယ် ။ ထိုင်ခုံ သဏ္ဍာန် ပြုလုပ်ထားတဲ့ ကျောက်တုံးအရေအတွက် က scarified လုပ်ခဲ့တဲ့ ၊ နွားနောက်အရေအတွက်နဲ့ ထပ်တူညီတယ် ၊ အဲ့ဒီ ကျောက်တုံးတွေ
အောက်မှာ နွားနောက်ပိုင်ရှင့်ရဲ့ အရိုးပြာကိုလည်းမြှပ်လေ့ရှိကြတယ် တဲ့ ။

Trekking စလျှောက်တဲ့ရွာကနေ နောက်ဆုံး destination ရောက်ဖို့ တောင်တွေကို ကွေ့ကာ ပတ်ကာ နဲ့ ဆင်းခဲ့ရတာတွေလည်း အများကြီးရှိတယ် ။ ရေတံခွန်တွေလည်းဖြတ်၊ ချောင်းတွေ ၊ တောတွေ ရွာတွေလည်းဖြတ်လို့ပေါ့ ။ လမ်းကတော့ အတော်လှတယ် မောင် ၊ သို့ပေသိ မငေးရဲဘူး ခြေချော် ၊ ပြုတ်ကြမှာ စိုးလို့ ။
ချင်းမှာ Trekking လျှောက်ရတာ တစ်ခုကြောက်ဖို့ကောင်းတာ ၊ တောင်တွေက မြေသားသက်နုတောင်အမျိုးအစားတွေ ။ လူသွားလမ်းက တောင်ခါးပန်းကို ဝေ့ဝေ့၀ိုက်ဝိုက် ကပ်ဖောက်ထားပေးပြီး ၊ လူတစ်ယောက် လျှောက်စာပဲရှိတယ် ။

 ဘေးမှာက ချောက် ၊ တခါတလေ ရေတံခွန် ။ အောက်ကို ငုံကြည့်ရင် အသဲယားဖို့သိပ်ကောင်းတယ် ။ အဆင်းတွေ ဇောက်နက်တော့ တအားသတိထားရတယ် ၊ တောင်နံရံက အပင်တွေက တခါဆွဲလိုက်ရင် ကျွတ်ကျွတ်ပါလာတော့ပိုဆိုးတယ် ။ အဆင်းတွေသိပ်များတော့ တစ်ယောက်လက် တစ်ယောက်ကိုင်ဆင်းရတယ် ၊ (ကျွန်တော်တောင် ၂ခါလောက် ဒူးတွေတုန်ပီး ဖင်ထိုင်လဲတယ် ) တခါတလေ ဂိုက်က တစ်ယောက်ချင်းဆီ ကူတွဲရတယ် ။ တစ်ဖွဲ့တည်းသား ကိုဂျိန်းစ်တို့ကိုလည်း ကျေးဇူးတင်ရတယ် ။ သူတို့နှစ်ယောက်မှ ထိန်းမဆင်းရင် ကိုယ့်အဖြစ်ကိုယ်မတွေးရဲ ။  

အဆင်းမရှိတဲ့လမ်းကြားတော့ ပျော်ရမယ် မထင်နဲ့ ၊ ဆူးသီးတွေသိပ်များတယ် ။ အ၀တ်အစားတွေမှာ ဆူးတွေချည်းပဲ ၊ ချောင်းဘေးမှာ တစ်ချောင်းခြင်း စိမ်ပြေနပြေထိုင်နှုတ်ရတဲ့ပုံကို မမေ့နိုင်သေးဘူး ။




ဘယ်တော့ မမေ့နိုင်တဲ့ အခိုက်အတန့်တစ်ခုက နောက်ဆုံး ဒီတောင်ကျော်ပြီးးရင်
 မြေပြန့်ရောက်ပြီဆိုပြီး ၀မ်းသာအားရ ကြိုးစား ကုတ်ကပ် ဆင်းလာကြတယ် ။ ထုံးစံအတိုင်း လမ်းက တစ်ယောက် လျှောက်လမ်း ၊ အရှေ့ကလူတွေဆီက ညာဘက်ကပ်ပြီး ခဏရပ်ပါဆိုတဲ့ သတင်းရောက်လာတယ် ။ ရုတ်တရုတ် ဒီလောက်ကျဉ်းတဲ့လမ်း ဆိုင်ကယ်များ တတ်လာသလားပေါ့ ။ ဘေးကပ်ရပ်နေတုန်း ၊ ရှေ့ကလူတွေက စကားထပ်လက်ဆင့်ကမ်းလာပေးတယ် ။ လမ်းပျောက်နေလို့ တဲ့ ။ ဂိုက်ကလည်း ဇောချွေးတွေပြန်နေပြီ ၊ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိဘူးလို့ ပြောပြီး လမ်းသွားရှာနေတယ် တဲ့ ။  (ကဲ အဲ့အကို ဘယ်လောက် ရိုး သလဲကြည့် ။ ) နောက်မှာ ဂိုက်တောင် ဘာလုပ်ရမှန်းမသိဘူးဆိုတဲ့ သတင်းကြားပြီး အကုန်သူလန့်သွားကြတာ ၊ မျက်နှာလေးတွေဟာ ဇီးစေ့လောက်ပဲ ကျန်တော့တယ် ။ တချို့ဆို ငိုသေးတဲ့ဗျ :P

ကျွန်တော်က ဟိုးနောက် ဆုံးလောက်ကဆိုတော့ ရိုးရိုးလမ်းပျောက် တယ်ထင်နေတာ ၊ 
အခြေအနေမှန်ကို မသိသေးဘူး ။ 
အဲ့နားမှာကပ်ပြီးရပ်နေကြတာ နာရီဝက်လောက်တော့ ကြာမယ်ထင်တယ် ။ နောက် အကူဂိုက်ကို သွားခေါ် ပြီး ဂိုက်နှစ်ယောက်က ကျွန်တော်တို့ ၁၃ ယောက်ကို တစ်ယောက်ချင်းဆီတွဲချပါလေရော ။ နောက်ဆုံး ကိုယ့်ရှေ့က အမ ကို တွဲခေါ်သွားပေးမှ ကိုယ့်ရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရတော့တယ် ။

 တောင်နံရံတစ်ခုလုံးကို ဘူဒိုဇာနဲ့ ထိုးချတာလို့ လုံးလုံး လမ်းပျောက်သွားရုံမကဘူး ၊ ရွှံ့တွေနဲ့ ချောနေတဲ့ ဆင်ခြေလျှောကြီး ၊ မတော် ချော်ကြတာနဲ့
 အောက်မှာက ရေတံခွန် ၊ ဘုရား ဘုရား အဲ့တော့မှ သရဏဂုံတွေ ကောက်တင် ၊ သံဗုဒ္ဒေထိုင်ရွတ် နဲ့ ။ ငါ လျှာရှည်ပြီး လာမိပြန်ပြီလားပေါ့ ။


ကိုယ်က ၁၀ ယောက်မြောက် အဲ့ဒီထိပ်ကနေ ဆင်းတဲ့သူ ၊ ဂိုက်အကိုလည်း အတော်မောနေရှာပြီ ၊ အပြုံးကမပျက်ဘူး ၊ အမ အေးဆေးပဲ ဘာမှမဖြစ်ဘူးဆိုလားပဲ ။ ဂိုက် ၂ယောက် နဲ့ ထိန်းပြီးဆင်းရတယ် ။ မြေကြီးတွေကပျော့တော့ နင်းမရဘူး ၊ ရွံ့ထဲ ဖိနပ်က နစ်နစ်သွားတယ် ။ ဂိုက်က သူ့ဖိနပ်ကို ရှေ့ထိုးပေးပြီး သူ့ကို နင်းဆင်းတဲ့ ။ အစက မနင်းရဲဘူး ၊ သူ့ဖိနပ်ထိပ်နဲ့ ကိုယ့်ဖိနပ်ထိပ်နဲ့တိုက်ပြီး ၊ အတားအဆီးလိုလုပ်ပြီးဆင်းကြည့်တယ် ၊ သိပ်အဆင်မပြေဘူး ၊ နောက်ဆုံး နင်းဆင်းရတယ် ။ ကိုယ်တွေ ၁၃ ယောက်လုံး သူ့ဖိနပ်ပေါ် နင်းပြီး ဆင်းလာရတာ ။
(ဒါတောင် အမတို့ ကျွန်တော် ချီ ဆင်းပေးရမလားဆိုပဲ ) ကျေးဇူးတွေလည်း အထပ်ထပ်တင်ရပါတယ် ။ အောက်ကို ကြိုရောက်နှင့်တဲ့ အမတွေက လည်းအောက်ကနေ ၀ိုင်းအားပေး ၊ ကိုယ်တွေအဖွဲ့ကTeam work တော့အတော်ကောင်း ၊ Trekking စတည်းက ဆုံးတဲ့အချိန်ထိ တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမ နဲ့ အားပေး တိုက်တွန်း ကူညီကြတဲ့ အတော်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ ။ အောက်ရောက်တော့ ၀ိုင်းဖတ်ထား ၊တကယ်ကို မေ့မရတဲ့ အခိုက်အတန့်လေးတွေပါ ။

ဆရာညီပုလေးပြောသလိုပေါ့ ကျွန်တော်တို့က အေးစခန်းကနေ မင်းတပ်ကို trekking လျှောက်ရင်း ဘ၀ ခရီးကို တစ်ပြိုင်နက်သွားနေသလိုပဲ ၊ ဘ၀ဆိုတာလည်း ငိုတစ်ခါ ၊ ရယ် တစ်လှည့် ပဲမဟုတ်လား ။ အနိမ့်အမြင့် ၊ အတတ်အကျလည်း အတူတူပဲလေ ။
ဒီခရီးစဉ်တစ်ခုလုံး အရမ်းသဘောကောင်းပြီး အဆင်ပြေတဲ့ Guide ကိုချိတ်ပေးတဲ့ The backyard Travel ကို ကျေးဇူးတင်ရ ။

အထူးသဖြင့် Guide အကို ကို ပို ကျေးဇူးတင်ရတယ် ၊ ဘာစစ စိတ်မဆိုး ၊ ဘာလုပ်ချင်လုပ်ချင် ရှာပေး ၊ လုပ်ပေး ၊ ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်းအပြုံးမပျက် တဲ့ ဂိုက်အကို ၊ ကိုယ်တွေအဖွဲ့ အထန်းရေလို့ ချစ်စနိုးခေါ်တဲ့ အကိုကြီး ကိုအောင်ထန်း ၊ နောက်မှာ တစ်ယောက်ယောက်ကျန်ခဲ့လို့ လမ်းပျောက်နေပြီဆိုလည်း အပြေးအလွှား ၊ ပစ္စည်းကျန်ခဲ့လို့ သွားပြန်ယူပေးလို့ရမလားဆိုလည်း ခေါင်းငြိမ့်ပြီးသား ။ 
 
ချင်းတောင်ပိုင်းကို ကိုယ့်အစီအစဉ်နဲ့သွားချင်လို့ ဂိုက်လိုချင်ရင် ကိုအောင်ထန်း -09 257010134 ၊ ဒါမှမဟုတ် လိုလေသေးမရှိ အစအဆုံးစီစဉ်ပေးတာမျိုးကိုလိုချင်ရင် The backyard Travel – 09 451365695 ကို ဆက်သွယ်လို့ရပါတယ် ။ 
မြေပြန့်ပေါ်ရောက်တော့ အတော်နောက်ကျနေပြီ ၊ ညနေ ၄နာရီ လောက်ရှိပြီ ထင်ပ ။ မင်းတပ် Museum အပြေးအလွှားသွားကြ ၊ ၀င်ကြေးက တစ်ယောက် ၁၀၀၀ ပေးရတယ် ။ ပြတိုက်မှုးရှင်းပြတာလေးနားထောင် ၊ ရိုးရာအသုံးအဆောင် နဲ့ ဓာတ်တွေဖမ်းကြပေါ့ ။ 


မင်းတပ်မှာ တိုးလ်ဘက်က စီစဉ်ပေးထားတဲ့ (Guest House ) က Oasis ။ ကိုယ်တွေရောက်တော့ ညနေ ၅လောက်ထင်တယ် ။ မီးမလာသေးဘူး ။ ရေ ၊ မိုး ၊ ချိုး ခေါင်းလျှော် (Dryer တော့မရှိဘူး ) ။ သူများတွေ မင်းတပ်မှာ MPT လိုင်းမိတယ် ၊ ကျွန်တော်တော့ ဘာမှ သုံးမရ ။ အိမ်ကိုတော့ ဖုန်းဆက်လို့ရတော့ တော်သေးတယ်ပြောရမှာပဲ ။

ပြီးတော့ မင်းတပ်မြို့ထဲက ချင်းမေတ္တာဆိုတဲ့ ဆိုင်မှာ ညစာသွားစားကြတယ် ။ ချင်းရိုးရာအတိုင်းချက်တဲ့ ၀က်သားပြာဟင်း ၊ အမဲနောက်သား ၊ ကြက်သားပြာသုတ် ၊ တုမ်ယမ်း soup နဲ့ ရှယ်စားကောင်းတဲ့ဆိုင် ပဲ ။


ပဉ္စမနေ့ (6.1.2017)

ဒီနေ့ က မင်းတပ်ကနေ ပုဂံကို ပြန်ရမဲ့ နောက်ဆုံးနေ့ ၊ မနက်စာကို ချင်းမေတ္တာဆိုင်မှာပဲ သွားစားကြတယ် ။ ပြီးတော့ မင်းတပ်ဈေးသွား ၊ အိမ်ပြန်လက်ဆောင်ဝယ် ၊ ထောပတ်သီးတွေ အင်မတန် ဈေးချိုတယ် ။ ၄ / ၅ လုံးမှ ၂၀၀၀ တည်း ။

တောင်ပုလုစေတီကို သွားဖူး ၊ သွားဖူးတယ်သာပြောရတာ
 တောင်ပုလုစေတီကလည်း
 တောင်ပေါ်မှာလေ ၊ ၂ရက်လောက်ဆက်တိုက်
 တောင်တတ်ထား ၊ ဆင်းထားတော့ လူတွေလည်း အတော်ကွနေပြီ ၊ 





အပေါ်ရောက်တော့ လေကလည်း အတော်တိုက် ၊ စိမ့်နေအောင် အေး ၊မင်းတပ်မြို့ကို အပေါ်စီးက မြင်ရတဲ့ တောင်ပေါ် ရှုမျှော်ခင်းကတော့ လှတယ် ။ နှုတ်ဆက်ပါတယ် မင်းတပ်မြို့ရေ ၊ အခါအခွင့်သင့်ရင် ကိုယ်ပြန်လာခဲ့ပါ့မယ် ။ 





 ခေါနူးစုမ် ရဲ့ တောင်ဇလပ်ဖူး မယ် မခူးပဲ ပြန်ခဲ့ပါတယ် ။ 
အမှိုက်မချပဲ ၊ ကိုယ့်အမှိုက်ကိုယ် သိမ်းပြီး ပြန်ခဲ့ပါတယ် ။ ခရီးသွားရတာကြိုက်ရင် ၊ မြန်မာပြည်ကိုချစ်ရင် အမှိုက်တွေ မချကြပါနဲ့ ၊ သဘာဝပတ်ဝန်းကျင်ကို မဖျက်စီးပါနဲ့ ၊ Be a responsible traveler ပါ ဖြစ်အောင် ကြိုးစားကြပါလို့ <3 


♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

1 comment:

  1. မြတ်ဆုရေ fb မှာ ငါအပ်ထားတယ်။ ငါ ကေခိုင် (cherry swe) နာမည်နဲ့

    ReplyDelete