Saturday, April 11, 2020

ခေတ်ရယ် အချစ်ရယ် - စံပယ်ဖြူနု

'ဒီလိုပါပဲ ... ဘဝဆိုတာ၊ သံသရာ ရထားတစ်စင်းပေါ်မှာ' 




ဒီစာအုပ်ကို ဖတ်ရတာ ၊ စာအုပ်တစ်အုပ်ကို ဖတ်နေရတယ်ဆိုတာထက် ဇာတ်အိမ်ခပ်ကြီးကြီးနဲ့ ရုပ်ရှင်ကားကောင်းကောင်း တစ်ခုကို ကြည့်နေရသလိုပဲ ။

တဝမ်းတခါးအတွက်ပဲပြောပြော ဘဝတိုးတတ်ရေးအတွက်လို့ပဲ ဆိုဆို ၊ ကိုယ့်အိမ်ကိုယ်ယာကို ခွဲပြီး ရန်ကုန်မယ် ခက်ခက်ခဲခဲ အဆောင်နေပြီး မိသားစုအတွက်၊ ကိုယ့်အတွက် ကြိုးစားရုန်းကန်နေကြတဲ့ မိန်းကလေးတွေရဲ့ ဘဝဇာတ်ခုံအကြောင်းရေးထားတဲ့စာအုပ် ...။ ဇာတ်အိမ်တည်ထားတဲ့နေရာက လှည်းတန်း ၊ စံရိပ်ငြိမ်တဝိုက်ဆိုတော့ မျက်လုံးထဲလည်း ပုံဖော်ရသိပ်လွယ်တာပဲ ။

ရန်ကုန်လို့ ပြောလိုက်ရင် လှည်းတန်းကိုလည်း မသိတဲ့သူ ခပ်ရှားရှားထင်တယ် ။ ဒီစာအုပ်က လှည်းတန်း ၊ သိရိမြိုင်အဆောင်က ခိုင် ၊ မယ်မြ ၊ သစ္စာ ဆိုတဲ့ အဆောင်နေ မိန်းကလေးတွေ အပါအဝင် သူတို့နဲ့ ဆက်နွယ်တဲ့ မိသားစု ၊ ချစ်သူ ၊ သူငယ်ချင်း အစ လုပ်ဖော်ကိုင်ဖက်အဆုံး ၊ သူတို့တတွေရဲ့ ဘဝအမောတွေ ၊ ပျော်ရွှင်ကြည်နူးစရာတွေကို ရုပ်ရှင်ကားကြီးတစ်ကားလို ခံစားသက်ဝင် စေမယ့် စာအုပ် ။

နေရာဒေသအစုံကနေလာပြီး ဒီနေရာ ၊ ဒီအဆောင်မှာ ဆုံကြ တွေ့ကြရ ၊ လူအမျိုးမျိုး ၊ စိတ်ကာလာအစုံစုံဆိုပေမယ့်၊ မောင်နှမရင်းချာတွေလို ကိုယ့်အပေါ်ကောင်းနိုင်မယ့် သူငယ်ချင်း မိတ်ဆွေတွေလည်း တပုံတပင်ရနိုင်တဲ့ အဆောင်နေသူတို့ ဘဝအလှ ။

တခါမှ အဆောင်မနေဖူးပေမယ့် ၊ အဆောင်နေတဲ့ သူငယ်ချင်းတွေဆီလိုက်သွားရင်း ကျောတခင်းစာရဖို့ ၊ သူတို့ ဘယ်လောက်ပင်ပန်းရသလဲ ခံစားနိုင်တယ် ။ ဆိုတော့ ဒီဝတ္ထုဖတ်ရတာ သက်ပြင်းကြီးပဲ လှိမ့်ချမိတာပဲ ။ နေ့တိုင်းကားပိတ် ၊ မိုးရွာရင် ရေကြီး ၊ ကုန်ဈေးနှုန်းကိုရော အဆောင်ရှင် ကိုပါ ကြောက်ရတဲ့  ခုချိန်ထိ မပြောင်းလဲသေးတဲ့ ရန်ကုန်ရဲ့  Reality တွေပေါ့...။ စာအုပ်ထုတ်ဝေတဲ့ ခုနှစ်က ၂၀၁၅ဆိုတော့ ၊ အဲ့ဒီ ခေတ်ရဲ့ အရိပ်ကို ထင်ဟပ်စေတဲ့ မြေနီကုန်းကုန်းကျော်တံတားကြီးဆောက်တုန်းက အခြေအနေကိုလည်းထည့်ရေးထားတယ် ။  ကိုယ်တောင် အဲ့တုန်းက ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို သတိရသွားတယ် :3 ထားပါတော့ ။

မဖြူနုကို နောက်တခေါက်အပြင်မှာတွေ့ရင် ဒီစာအုပ်ကိုလည်း သိပ်ကြိုက်တာပဲ လို့ ပြောရမှာပဲ ။

ဒါ အိမ်မှာနေတဲ့ ရက်တွေ (အလုပ်မများတဲ့ရက်တွေ) မှာ တတိယမြောက်ဖတ်တဲ့စာအုပ် ။ ဒုတိယမြောက်ကို ဖတ်ပြီး ၊ ပျင်းလို့ စာပြန်မရေးဖြစ်သေးဘူး ။ ပြီးမှ ရေးပြီး အမှတ်တရ လာသိမ်းတော့မယ် ။

✍ စံပယ်ဖြူနု
📒 ခေတ်ရယ် အချစ်ရယ်
💸 ၃,၅၀၀ ကျပ်

♥ M ♥
© hsulittlediary.blogspot.com. All Rights Reserved.

No comments:

Post a Comment