Monday, October 31, 2016

မင်းခိုက်စိုးစံ

ရှင်ကွဲ ကွဲခဲ့ပုံကတော့
သူလို ငါလို  ပါပဲ
ကြယ်တွေကလဲ  တိတ်တိတ်ကလေးပဲ  လင်းတယ်
သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ မဟုတ်လား
အချို သိပ်ကြိုက်တဲ့ သူဟာ
တစ်နေ့နေ့မှာ သွားပိုးစားခံရမှာ သေချာတယ်
အဲ့ဒီအခါ  မငိုပါနဲ့
မျက်ရည်ဆိုတာဟာလည်း ပုံတိုပတ်စ တစ်ခုပဲလေ
ကိုယ့်ကိုယ်ကို
လမ်းကြိုလမ်းကြား သေးသေးလေးဖြစ်အောင်ဖန်ဆင်း
ဘယ်သူမှမသိတဲ့ မြို့တစ်မြို့မှာ
ကျောခင်းပြီး လှဲနေလိုက်ပါ
ပိုးလောက်လန်းတွေကို စစ်နေရမှာနဲ့စာရင်
အချစ်ကို သွန်ပစ်လိုက်ရတာက ကောင်းတယ်

မင်းခိုက်စိုးစံ

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

Friday, October 28, 2016

I write because you exit - Michael Faudet

I write because you exit - Michael Faudet
မင်းရှိနေလို့ပေါ့ ...ကိုယ်စာတွေ ရေးဖြစ်နေတာ.........။
Michael Faudet

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

Wednesday, October 26, 2016

ကိုယ် ပိုင်လည်း မပိုင် ၊ ဆိုင်လည်း မဆိုင်ခဲ့ရတဲ့ အရာတခုကို 
ဆုံးရှုံးရတယ် လို့ ခေါင်းစဉ်မတပ်ချင်ပါဘူး ။
အဆုံးအစမဲ့ ကောင်းကင်ပြာကြီးထဲ
ခဏခဏ ကိုယ် ထာဝရ ပျောက်ကွယ်သွားချင်တယ် ။
ကလေးရယ်....မင်းပေးခဲ့တဲ့ ဒဏ်ရာက အသက်
တချက်ရှုတိုင်း အောင့်အောင့် လာတုန်းပဲ ။ 

သတိရတယ် ။ တွေ့ချင်တယ် ။
နာကြည်းတယ် ။ ပြီးတော့ မုန်းတတ်ချင်တယ် ။

Saturday, October 22, 2016

ချစ်ခြင်းမေတ္တာအကြောင်း ဆိုပါစို့ - ပြည့်စုံဝင်း

ချစ်ခြင်းမေတ္တာအကြောင်း ဆိုပါစို့

ဘာကဘယ်လိုစပြောရမလဲ။ကျွန်တော့်ပြတင်းပေါက်အဖွင့်နဲ့နေရောင်ကျလာတဲ့အခိုက် တိုက်ဆိုင်လင်းမြရသလိုမျိုးပါပဲ။
ကျွန်တော်က တစ်လမ်းမောင်းသမား ၊ခေတ်ကို ကိုယ်ကထမ်းထားရသလို ထင်ချင်လည်းထင်တယ်၊ ကြီးကြီးကျယ်ကျယ်တွေလည်းလျှောက်တွေးတယ်။
အဲဒီလို သွားနေရင်းကပဲ အဲ့ဒီ သစ်ရိပ်ကလေးကိုတွေ့တယ်။အဲ့ဒီလက်ကလေးကိုတွေ့တယ်။
တွေဝေမှုဟာ အကွာအဝေးတစ်နေရာကနေ ကျွန်တော့်အာရုံကိုအရှိန်နဲ့လာဆောင့်တယ်။ဒိန်းခနဲဖြစ်သွားတယ်။တုန်လှုပ်သွားတယ်။
 

ဘုရားမှာဂန္ဓမာအဖြူတွေကျွန်တော်ကပ်လှူတယ်။အေးချမ်းနေစေဖို့ ဆုတောင်းပေးတယ်။
စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေထဲ ကျွန်တော်ပါနေတယ်ဆို ကိုယ့်ကိုကိုယ်သိမ်းဖျောက်ပစ်လိုက်ဖို့လည်း ဝန်လေးနေမှာမဟုတ်။

တစ်ယောက်ကနေ နှစ်ယောက်ဖြစ်သွားတဲ့အခါ နာကျင်မှုဟာလည်း နှစ်ဆဖြစ်ချင်ဖြစ်လာမယ်။ဒီအတွက်ကြောင့် ကြိုးကိုဒီဘက်ထိရောက်အောင်ဆွဲယူလိုက်ဖို့ ကျွန်တော့်မှာ အားနာနေရတယ်။ ထူးဆန်းတာပေါ့။


သန်းနဲ့ချီတဲ့လူတွေထဲကမှ တစ်ယောက်ယောက်ကိုကွက်ပြီးမြတ်နိုးမိတဲ့ဖြစ်စဉ်လောက် ရိုးရှင်းထူးဆန်းတဲ့ဖြစ်စဉ်မျိုး ဒီကမ္ဘာမှာမရှိဘူး ။
ချစ်ခြင်းမေတ္တာဟာ သူ့သဘာဝနဲ့သူ ရှင်သန်နေတဲ့ အပင်ကလေးဖြစ်ပြီး ရေလောင်းပေါင်းသင်ပန်းပျိုးခွင့်ကိုသာ ကျွန်တော်ကရချင်တာ။
ဒီ့ထက်မပိုဘူးလားမေးရင်လည်း မပိုဘူးပဲဖြေမှာ။
အေးချမ်းတယ်ထင်ရပေမယ့် အသေအချာကြည့်ရင်မနည်းတဲ့လောဘကို တွေ့ရမယ်။
မပျက်စီးချင်လို့ မတည်ဆောက်တော့တဲ့တရားကို ကျွန်တော့်ဘက်က ကျင့်သုံးမိရက်သား။
သစ်ပင်လေးဟာ ရွေ့လျားလမ်းလျှောက်ပြီး ကျွန်တော့်ဘဝထဲဝင်လာဦးမလားတွေးပေမယ့် ခဏပါပဲ။
ခဏငယ်တွေ အများကြီးပေါင်းလိုက်တဲ့အခါ တစ်ဘဝစာကြာချင်ကြာသွားနိုင်တာကိုလည်း ကျွန်တော်သိနေပြန်ပါတယ်။


အခုဘယ်မှာရောက်နေသလဲလို့ ကျွန်တော့်ကိုယ်ကျွန်တော်ပြန်မေးတယ်။
တစ်ယောက်ယောက်ကိုတကယ်ချစ်ဖူးရင် စိတ်ကူးယဉ်အဆောက်အအုံကြီးပေါ်ကနေ ခဏခဏ ခုန်ချလိုက် ပြန်တက်လိုက်နဲ့ မောပန်းနေတဲ့ ကျွန်တော့်ကိုတွေ့မှာပဲ။
ချစ်ခြင်းမေတ္တာဟာ အရေးအသားချည်းသက်သက်မဟုတ်ပေမယ့် ကျွန်တော့်ဘက်မှာပေးစရာဆိုလို့ အရေးအသားတွေပဲရှိနေခဲ့တယ်။


ဘုရားမှာ ဂန္ဓမာအဖြူတွေကျွန်တော်ကပ်လှူတယ်။
ပြီးတော့ အေးချမ်းနေစေဖို့ပဲဆုတောင်းပေးဖြစ်တယ်။
နေ့စဉ်...............။ ။


ပြည့်စုံဝင်း

ခုတလောရယ်စရာတွေပဲ တွေ့တွေ့နေရတယ် - ပြည့်စုံဝင်း

ခုတလောရယ်စရာတွေပဲ တွေ့တွေ့နေရတယ်
ရက်ရက်ရောရောကြီးကို ရယ်မိတယ်
ဟက်ဟက်ပက်ပက်ကြီးကိုရယ်မိတယ်
လှိုက်လှိုက်လှဲလှဲကြီးကို ရယ်မိတယ်
ရယ်တာကလွဲလို့ဘာမှမတတ်နိုင်တဲ့အခါမျိုးမှာ
ပလပ်ပေါက်ထဲစိတ်ထိုးထည့်ပြီး လှုပ်ခါရယ်မော/ရယ်တတ်အောင်ကျင့်ထားပါတယ်
ရယ်စရာပဲ......ဖြစ်ပုံတွေက
လင်းလိုလင်းငြား ကိုယ့်ကိုကိုယ်မီးတင်ရှို့ကြသတဲ့
ခပ်ပျပျအလင်းအောက် ထင်တာထက်ပိုကြီးနေတဲ့အမှောင်ဟာ ဘွားခနဲ
ရယ်စရာပဲ ကျွန်တော်တို့ကိုကောက်ယူပါ ကျွန်တော်တို့ကိုကောက်ယူပါလို့ ကမ္ဘာကြားအောင် သံပြာအော်နေရ
ကောက်စားခံထားရတဲ့ အမြစ်တွေကျ ရေလောင်းမယ့်သူနဲ့ ပေါင်းသင်မယ့်သူနဲ့
ခေတ်ကပျက်တယ် ခေတ်ကပြက်တယ်
တစ်ခါလာတစ်မျိုး အပျက်ပျက် အပြက်ပြက်
အူနှိပ်ပြီးကိုရယ်မိတယ် ချုံးပွဲချပြီးကိုရယ်မိတယ် ရှိုက်ကြီးတငင်ကိုရယ်မိတယ်
ဒီအချိန်မှမရယ်ထားရင် မြေကြီးထဲရောက်တာတောင် ရယ်ဖြစ်တော့မှာမဟုတ်ဘူး
ရယ်စရာပဲ
သူမနာကိုယ်မနာ ငြိမ်းချမ်းရေးဟာ ဘယ်ဘက်ကမှလျှော့စရာမလိုဘဲ ရောက်လာမှာ............
ခလုတ်တိုက်ပေါင်းလည်းများပါပြီ
ခလုတ်တိုက်ခံရပေါင်းလည်းများပါပြီ
ရယ်နေတတ်အောင်ပဲ  ကျင့်ထားတော့တယ်
မီးခိုးလုံးကြီးဝုန်းခနဲတက်လာလည်း....ရယ်မယ်
သွေးတရွှဲရွှဲခြေပြတ်ကြီး  ပြုတ်ကျလာလည်း...ရယ်မယ်
တောပြုန်းတာလောက်ကတော့  မြေပုံမှာပြန်ထည့်ဆွဲပြီးချိတ်ကြရုံပေါ့
ပြုတ်ပြုတ်ပြုန်းတဲ့ အသက်တွေအတွက်ရော???
ရယ်နေတာပဲကောင်းပါတယ် မျက်ရည်ကျအောင်ကို
ခွက်ထိုးခွက်လန်ရယ်ပစ်လိုက်တယ်
တစ်ရေးနိုးထပြီးအော်ရယ်မိတယ်  ခြောက်ခြောက်ခြားခြားကြီးကို ရယ်တာပဲ
အရယ်လွန်ပြီးသေတဲ့မသာရှိရင် အဲဒါကျုပ်ပဲ
မရပ်ကြသေးဘူးလား ခင်ဗျားတို့ပြက်လုံးတွေ
မရပ်ကြသေးဘူးလား
မောပြီ မောလှပြီ မရယ်ချင်တော့ဘူး ထပ်မရယ်ချင်တော့ဘူး
ကလိထိုးတရားတွေရပ်ပါတော့ သေနတ်ကြီးနဲ့လူရွှင်တော်တွေမမြင်ပါရစေနဲ့တော့
အာခေါင်ခြစ်အော်တော့လည်း ရယ်သံတွေပဲထွက်ကျလာတယ်
ဟားဟား....ရယ်ရပုံများ
ခုတလော ရယ်စရာတွေပဲတွေ့တွေ့နေရတယ်....။

ပြည့်စုံဝင်း

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.


တစ်ယောက်ယောက်ကိုဆုံးရှုံးလိုက်ရတယ်ဆိုတာ - ပြည့်စုံဝင်း

 တစ်ယောက်ယောက်ကိုဆုံးရှုံးလိုက်ရတယ်ဆိုတာ ဘယ်လိုမျိုးလဲ

ဆောင်းတစ်လျှောက်ပျိုးလာတဲ့နှင်
းခဲလေးအရည်ပျော်သွားတဲ့ နွေဦးရာသီလား
ခုံတန်းလေးဆီဘယ်သူမှရောက်မလာနိုင်တော့တာလား
ကျန်နေသေးတဲ့ သက်တမ်းကို မြင်ခွင့်မရှိတော့တဲ့ ဘဝတစ်ခုထဲ မြှုပ်နှံလိုက်ရခြင်းလား
စာရွက်ထိပ်ဖျားလေးတွေမှာ သစ်ရွက်တွေလိုက်ဖြည့်ဆွဲနေမိတဲ့ ခြောက်သွေ့မှုလား
ဖုန်း contact မှာ HeIsNotMine လို့ပြောင်းဖြည့်လိုက်ရတာမျိုးလား
ကျကွဲသွားတဲ့ ကော်ဖီခွက်အစအနတွေကို လှည်းကျင်း မျက်ရည်ဝဲရတာလား
အစိမ်းရောင် အင်္ကျီတစ်ထည်လား
အဝါရောင် မီးခြစ်တစ်လုံးလား
CDချပ်တွေ ထပ်ထားတဲ့ဓာတ်ပုံနဲ့ စာသားတွေလား
Dear God သီချင်းနဲ့ မင်းငါ့ကိုလိမ်နေတာပဲ ဂီတသံလား
စိတ်ကူးယဉ်ကျွန်းကလေး ပြိုကျတိတ်ဆိတ်ပုံအဆင့်ဆင့်လား

တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရတယ်ဆိုတာ ဘယ်လိုမျိုးလဲ

အတူလိုက်ပါမိုးစိုခွင့်မရှိတော့တဲ့ ဂရုစိုက်ခြင်းပြမက်ဆေ့ခ်ျတွေလား
အံ့သြတကြီးငေးနေကြတဲ့စာအိတ်အပြာရောင်တွေလား
စိတ်ကျအရေးအသားလား
သံသရာတစ်ဖက်ကမ်းက လက်ကလေးလား
စက္ကူလှေတွေလွှတ်ပြီး နစ်မြုပ်နာကျင်ရခြင်းမျိုးလား

တစ်ယောက်ယောက်ကိုဆုံးရှုံးလိုက်ရတယ်ဆိုတာ ။ ။

-ပြည့်စုံဝင်း

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

Friday, October 21, 2016

သူသည် ငှက်ကလေးတစ်ကောင်ဖြစ်သည် - ပြည့်စုံဝင်း


သူသည် ငှက်ကလေးတစ်ကောင်ဖြစ်သည် 

၁။
သူသည် ပေါ့ပါးသောငှက်ကလေးတစ်ကောင်ဖြစ်သည်။ထိုငှက်ကလေးသည် လမ်းဖြတ်ကူးသည့်အခါအတိုင်း ကျွန်မလက်ကို အမြဲဖမ်းဆွဲထားလေ့ရှိသည်။ကျွန်မက ကျန်လက်တစ်ဖက်ဖြင့် သူ့လက်မောင်းကရှပ်အင်္ကျီစကလေးကိုဆွဲသောအခါ သူခပ်တိုးတိုးရယ်တတ်သည်။ကိုယ့်အတောင်ပံတွေကို မင်းဆွဲဆိတ်နေတာပဲကွ ဟု ပြောတတ်သော ငှက်ကလေးဖြစ်သည်။

၂။
“ချစ်တဲ့လူတွေများတာမကောင်းဘူးကွ”
“ဘာလို့လဲ”
“မင်းချစ်တဲ့သူတွေ ပျော်ဖို့ အရူးတစ်ယောက်လို မင်းကြိုးစားမယ်။သူတို့မထိခိုက်အောင်ကာကွယ်မယ်။နားမလည်ကြတဲ့အခါ မင်းတစ်ယောက်တည်းငိုရပြန်ဦးမယ်လေ”
“ဒါဆို ရှင်ဘယ်သူ့ကိုမှ မချစ်ဘူးလား”
“ကိုယ်တို့ လမ်းတွေအများကြီး အတူတူဖြတ်ကူးခဲ့ကြတယ်လေ။ဖြတ်ကူးတဲ့အခါတိုင်းလည်း မင်းလက်ကို ကိုယ်မလွတ်အောင် ဆွဲထားခဲ့တယ်။အဲ့ဒါဘာကြောင့်လို့များ မင်းထင်နေသလဲ။”

၃။
ကျွန်မတို့ ဆုံတွေ့သောအချိန်တော်တော်များများတွင် ကျွန်မတို့က လမ်းလျှောက်နေကြတာဖြစ်သည်။စိတ်လိုလက်ရရှိသော ညနေများတွင်တော့ စက်ဘီးစီးဖြစ်ကြသည်။ပြီးတော့ရန်ဖြစ်ကြသည်။ကျွန်မက လမ်းတစ်လျှောက်လုံးနောက်ကထိုင်လိုက်ရသည်ကိုမကြိုက်။ကျွန်မ တစ်လှည့်တင်နင်းမည်ဟု ပြောလျှင် သူကစိတ်ဆိုးတော့တာဖြစ်သည်။နောက်တော့ သူလည်းနားပူလာဟန်တူသည်။လမ်းတစ်ဝက်ရောက်လျှင် စက်ဘီးကိုရပ်ပြီး အတူတူလမ်းလျှောက်ရင်း ဆက်တွန်းသွားကြဖို့ အကြံပေးသည်။

၎။
“နောက်ဆယ်နှစ်လောက်ကြာတဲ့အခါ ကိုယ်တို့မှာ ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက် ထပ်တိုးလာနိုင်တာပဲ။အဲ့ဒီအခါကျ မင်းက ကောင်လေးကိုတင် ကိုယ်ကကောင်မလေးကိုတင် စက်ဘီးနှစ်စီးယှဉ်နင်းလို့ ရပြီ ”
“ကျွန်မကတော့ သမီးကို ကျွန်မနဲ့မတူစေချင်ဘူး။မိန်းမဆန်ဆန် လှလှပပလေး ဖြစ်စေချင်တာ။နာမည်ကအစပေါ့လေ”
“ဟင့်အင်း ကိုယ်က မင်းနဲ့တူစေချင်တာ”

၅။
တချို့အကြောင်းအရာတွေကို အမိန့်ပေးသလို သူပြောတတ်ပြန်သည်။ဆံပင်မညှပ်ဖို့၊ ခြေသည်းနီတွေဖျက်ဖို့ ၊ဖုန်းအသံပိတ်မထားဖို့ တော်တော်များများပါပဲ။သူတား၍မရနိုင်သော အရာများအတွက်မူ မေးခွန်းထုတ်သလိုလိုနှင့် သူသဘောမတွေ့ကြောင်းဖော်ပြတတ်သူဖြစ်သည်။

၆။
“မင်းစီးကရက်ဖြတ်ဖို့ စိတ်ကူးမရှိဘူးလား”
“ဟင့်အင်း အဆုတ်ရောဂါဖြစ်လာမယ့်အချိန်အထိ ကျွန်မအသက်ရှည်ချင်မှရှည်မှာ၊ကားတိုက်ပြီးသေသွားတာလည်းဖြစ်နိုင်တာပဲ”
“ဖြစ်နိုင်ပါတယ်။ကိုယ်မပါဘဲ မင်းတစ်ယောက်တည်းလမ်းဖြတ်ကူးရင်ပေါ့”

၇။
သူက သူရဲကောင်းပုံပြင်များကိုစိတ်ဝင်စားသူဖြစ်သည်။သူပြောလေ့ရှိသော သူရဲကောင်းတစ်ဦးဆိုလျှင် ဓားတစ်ချက်အဝှေ့မှာ ရန်သူ့သွေးများဖွာခနဲ သစ်ရွက်တွေပေါ် တောင်တွေအပေါ် ပြီးတော့လေထဲ နီရဲလွင့်စင်ကုန်သည်အထိ စွမ်းသတဲ့ ။အနီရောင်ကိုပဲ သုံးတဲ့ပန်းချီဆရာပေါ့ကွာ ဟုသူက တင်စားပြောတတ်ပါသေးသည်။
၈။
“မင်း ကိုယ့်အကြောင်းတွေများရေးနေသလား
“နည်းနည်းပေါ့”
“မရေးရင် ပိုကောင်းမှာပဲ။ကိုယ် ကဗျာတွေထဲမှာ အဆုံးသတ်မသွားချင်ဘူး”
“ကျွန်မ ကဗျာတွေက အဆုံးမရှိပါဘူး”
“လူတွေ အဖြစ်အပျက်တွေကတော့ အဆုံးသတ်ပြောင်းလဲကုန်တယ်မလား။ထားပါ ကိုယ်က မရေးရင်ကောင်းမယ်လို့ပဲပြောတာပါ
၉။
ကျွန်မတို့ မေ့လျော့ချင်ယောင်ဆောင်ခဲ့ကြသော်လည်း အချိန်ကရပ်မနေခဲ့ပါ။ငှက်ကလေး ပျံသန်းထွက်ခွာရမည့် အချိန်ကိုရောက်ခဲ့ပါသည်။ ၁၃ နာရီကြာစာမျှ ကွာဝေးသော နိုင်ငံတစ်ခုတွင် ငှက်ကလေး၏ အိပ်မက်တွေ ရှိနေခဲ့ပါသည်။

၁၀။
“မင်း တကယ်စဉ်းစားပြီးပြီလား”
“ကျွန်မ ဒီမှာပဲနေချင်တယ်”
“ကိုယ်ပြန်မလာတော့ရင်ရော”
“ရှင်ပြန်လာရမှာပါ ၊ရှင်က ကျွန်မရဲ့ငှက်ကလေးပဲ ၊ ဘယ်လောက်ကြာမလဲ”
“မင်းမသေခင်ပေါ့၊ မင်းကားတိုက်ခံရတော့မယ်အချိန် ကိုယ်က စူပါမင်းလို ဘွားခနဲပေါ်ပြီးလာကယ်မှာ”
“…………….”
“ကိုယ်သတိရမှာပါ”
“ကျွန်မရောပဲ”

၁၁။
ကျွန်မ မငိုဖြစ်ခဲ့ပါ။တစ်ပတ်လောက်ကြာပြီးသည့်နောက် ကျွန်မတစ်ယောက်တည်းလမ်းဖြတ်ကူးတတ်တဲ့အကျင့်ရလာပါသည်။မီးခိုးရောင်အကွက်သေးသေးလေးများနှင့်ရှပ်အင်္ကျီစကလေးကိုတော့ မြင်ယောင်မိနေဆဲပင်ဖြစ်ပါသည်။ ။

ပြည့်စုံဝင်း
 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved

သယ်ဆောင်သွားရမည်ဖြစ်သော - ပြည့်စုံဝင်း

ကော်ဖီနှစ်ခွက်စာ ကြာမြင့်သော တွေ့ဆုံမှု။သူမက အမြဲရှုပ်ထွေးနေသူဖြစ်၏။ 
အတွေးတွေက ချည်မျှင်တွေလို သူမအရိပ်နောက်မှာလုံးထွေးနေတတ်သူ။
အခန်းတစ်ခုထဲမျက်လုံးဝေ့ကြည့်လိုက်ရုံနဲ့ သူမကို လိုလားသူက ဘယ်နှယောက် မလိုလားသူက ဘယ်နှယောက်ရယ်လို့ သိနေမှတော့ ဘယ်နေပျော်ပါ့မလဲ။တစ်နေ့လုံး သူမတဖွဖွတွေးခဲ့သည်။ထို့နောက် ထိုညနေသည်ရောက်လာ၏။
ထိုညနေသည် သူ့ကိုသယ်ဆောင်လာ၏။ဆည်းဆာနေရောင်အောက်တွင် တဖျတ်ဖျတ်လက်နေသော လှိုင်းတစ်လှိုင်းလို သူ ရောက်လာသည်။

မပြင်းထန် မစူးရှသော အလင်းရောင်။
မာကျောခက်ထန်ခြင်းကင်းသော ကြည်စင်မှု ။သူ့ ရှင်သန်ကြီးပြင်းမှုဟာ ဘယ်လောက်တောင် အပြစ်ကင်းစင်ခဲ့လိုက်မလဲ။သူ ပြုံးသည်။သူ ရယ်သည်။ပြုံးရယ် ရင်းစကားပြောသည်။
သူမကတော့ ငေးရုံသာ။တစ်ချက် တစ်ချက် အိပ်မက်ယောင်သူ တစ်ယောက်လို တစ်ခွန်းစ နှစ်ခွန်းစ ။သူ့မျက်နှာတွင် မှဲ့ကလေးတစ်လုံးပါကြောင်း သတိထားမိသော်လည်း တည်နေရာကိုမမှတ်မိ။သိပ်နှစ်လိုဖွယ် မြင်ကွင်းများသည် မှတ်ဥာဏ်ကို အိပ်မောကျစေတတ်သည်လား။
ဘယ်လိုဝန်းကျင်မျိုးမဆို သူရောက်လာသော အခါ ကူးစက်ကြည်စင်သွားလိမ့်မည်ဟုသူမက ယုံသည်။ကလေးလေး တစ်ယောက်သည် သူ့ကိုကြည့်ရင်း တခစ်ခစ်ရယ်၏။လမ်းမီးတိုင်မှ အလင်းတချို့သည် သူ့အရောင်ကို ဒူးထောက်ကြရတော့သည်။
သူမပျော်ရွှင်လာသည်။သီချင်းတစ်ပိုင်းတစ်စ သူညည်းလိုက်သည်ထင်သည်။

ဘဝသည်တို၏။တွေ့ဆုံချိန်များသည် တို၏။ သူသည် အိပ်မက်ဖြစ်၏။ ပြန်တွေ့ရန် အကြောင်းများများစားစားမရှိသော အရိပ်ကလေးတစ်ခုသာဖြစ်၏။
သို့သော် သူရှိ၏။ သူ့ကြည်စင်မှုများရှိ၏။တစ်ခုသော ညနေအကြောင်း သူမပြန်တွေးသောအခါတိုင်း သူပြုံးခဲ့ပုံကို အမြဲမြင်ယောင်နေမိလိမ့်မည်။

ချစ်ခြင်းတရားနှင့်သက်ဆိုင်ခြင်းရှိမရှိ ကို သူမ မတွေးပါ။ နှစ်လိုဖွယ်ရာ အခိုက်အတန့်ကလေးတစ်ခု အတွက် ကျေးဇူးတင်သောစာဖြစ်သည်။

သူဖတ်ဖြစ်စေဖို့ မရည်ရွယ်။ သူနေကောင်းပျော်ရွှင်ဖို့။သူ အမြဲကြည်စင်စွာ ပြုံးနိုင်ဖို့ သာ သူမ ရည်ရွယ်မျှော်လင့်ပါသည် ။

ဘဝသည် အလွန်တို၏။ ရက်စက်တတ်သော ကံကြမ္မာသည် နှစ်လိုဖွယ်အခိုက်အတန့်တချို့ကို သနားသဖြင့် လူတို့အားပေးတတ်၏။ ဆုပ်ကိုင်ပျော်ရွှင်ရန်သာလိုပါသည်။
ပြီးတော့ ပြန်တွေးတိုင်း စိတ်ချမ်းမြေ့လာမည့် အခိုက်အတန့်ကလေးများ ကို ဘဝတစ်လျှောက်သိမ်းဆည်းသယ်ဆောင် သွားသင့်သည်မဟုတ်ပါလား ။ ။

ပြည့်စုံဝင်း
♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

Thursday, October 20, 2016

ငါက မင်းအကြောင်းကဗျာရေးနေချိန်
မင်းက သူ့ဖုန်းမျှော်နေမှာပေါ့
_____________________
ဇာတ်လမ်းကရိုးရိုးလေးပါ
ပွဲလန့်တုန်း ဖျာခင်းမိတဲ့ လူကြမ်းကြီးငါဖြစ်သွားတယ်ပေါ့
မင်းသမီးလေးကို ခိုးပြေးသွားတဲ့ ဒဿကြီး ဖြစ်သွားတာပေါ့
အချိန်တန် မင်းသားက ငါ့ရင်ကိုမြားနဲ့ပစ်ရင်
လူတွေလက်ခုပ်တီးကြပါစေပေါ့
သတိရစိတ်က ကြောင်တစ်ကောင်လို
နံရံတွေကို ကုတ်ခြစ်နေတယ်
မင်းနှလုံးသားရဲ့ ထပ်ခိုးမှာ အဖီထိုးခွင့်ရမလားလို့
မျှော်လင့်မိတာပေါ့
အသံတိတ်ချစ်သူဘဝက
အသံတိတ်အသဲကွဲရတာပါပဲ
ဆူးတွေနစ်တာတောင် ပန်းလေးနေကောင်းပါစ'မေးနေမိတဲ့
ဥယျာဉ်မှူးငတုံးကြီးပေါ့ ။
ခပ်ဟဟ ရယ်သံလေးတွေ မကျယ်ချင်တော့ပါဘူးကွာ
အသဲကွဲတာ ကိုယ့်စောက်ဖြစ်မရှိတာ ကြေညာသလိုကြီး
စီးချင်းမထိုးရဘဲ ရှုံးသွားတာ
တစ်ကွက်မှ မရွေ့ဘဲအနိုင်ပေးလိုက်ရတာ
မင်းသာ ငါ့နေရာမှာဆို
ပေးဆပ်ခြင်းက အချစ်လို့အော်ပြီး ပြုံးနေမှာမို့လို့လား !
မင်းအကြည့်လေး သူ့အပေါ်အလေးသာသွားတော့လည်း
တစ်ကမ္ဘာလုံးငါ့ဘက်ကရှိနေလည်း ငါရှုံးတာပါပဲ
သိပ်လှတဲ့ ပုံပြင်လေးအဆုံးမှာ မင်းသားနဲ့မင်းသမီးလေးတို့ ပျော်ရွှင်စွာ
rs ချိတ်ကြလေသတည်းပေါ့
တတိယမြောက် ဧည့်သည်သရုပ်ဆောင်ကတော့
မေတ္တာနဲ့ဝင်ကူညီသည်ပေါ့
ဟိုအရင်ကွန့်မန်းတွေနဲ့မက်စေ့တွေလိုပဲ
အတိတ်တွေက ဒလိလိုက်ရုံနဲ့ပျောက်သွားတယ်ပေါ့ကွာ ။

ကိုလင်း

 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved


Thursday, October 6, 2016

Gone With the Wind ( သို့မဟုတ်) လေရူးသုန်သုန်





Gone With the Wind ဟာ Margret Mitchell ရဲ့  တစ်အုပ်တည်းသော စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ မူရင်းရေးသားသူက ၀ထ္ထုအရည်အသွေး မပြည့်မှီကို စိုးရိမ်လို့ ပုံနှိပ်ထုတ်ဝေရန် ရည်ရွယ်ချက်မရှိပဲ သိမ်းထားခဲ့ရာမှ မိတ်ဆွေ ထုတ်ဝေသူက အတင်းတောင်း၍ ထုတ်ပေးလိုက်တဲ့အခါ ဂန္တ၀င် စာအုပ်တစ်အုပ် ဖြစ်နေခဲ့ပြီး အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ခဲ့ရရုံသာမက ဘာသာပေါင်းမြောက်မြားစွာ သို့ပြန်ဆိုခဲ့ရသည့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ 

စတင်ထုတ်ဝေတဲ့ ၁၉၃၆ခုနှစ် ဇွန်လ မှစ၍  တစ်နေ့တည်းမှာ အုပ်ရေငါးသောင်းကျော်ရောင်းချခဲ့ရသလို ၊
နောက်ခြောက်လအတွင်းမှာအုပ်ရေ (၁) သန်းကျော် ရောင်းချခဲ့ရပါတယ် ။ နောက်ပိုင်းနှစ်များမှာ လည်း တစ်နေ့ကိုစာအုပ်ပေါင်းပျှမ်းမျှ (၃၇၀၀) လောက်ရောင်းချနေရဆဲလို့ သိရပါတယ်။
၁၉၃၇ ခုနှစ်မှာ Gone With the Wind က ရသစာပေအတွက် ပူလစ်ဇာဆု ကိုရရှိခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်တွင် စာအုပ်ရေ ပေါင်းသန်း ( ၃၀ ) ခန့်ရောင်းချခဲ့ပြီး အရောင်းရဆုံးစာရင်းတွင်ပါဝင်ခဲ့ပါတယ်။
ရုပ်၇ှင်ရိုက်ကူးတဲ့အခါမှာလည်း အော်စကာဆု (၁၀) ဆု ကို ရယူနိုင်ခဲ့တဲ့ “Gone With the Wind” ကို ဆရာကြီး မြသန်းတင့် ကလည်း “လေရူးသုန်သုန်” ဆိုပြီး မြန်မာ ဘာသာ သို့ ပြန်ဆိုထားခဲ့ရာ ၁၉၇၈ ခုနှစ်မှာ အကောင်းဆုံး အမျိုးသား ဘာသာပြန်ဝထ္ထုဆုကို ရရှိထားပါတယ်။

လေရူးသုန်သုန် ၀ထ္ထု က အမေရိကန် ပြည်တွင်းစစ် ကို နောက်ခံထားပြီး ရေးဖွဲ့ထားတဲ့ လူမှုရေး နဲ့ နိုင်ငံရေး ၀ထ္ထုကြီး တစ်အုပ်ဖြစ်ပါတယ် ။ အမေရိကန် ပြည်သူတွေက ဗြိတိလျှ ကိုလိုနီလက်ဝါဒ ကို တော်လှန်ကြသည့် အမျိုးသားလွတ်လပ်ရေးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြပါတယ် ။ လူမည်းတွေကို ကျွန်ကုန်ကူတဲ့ စနစ်ကို ပယ်ဖျက်ခဲ့ပြီး ပုဂ္ဂလိက လွတ်လတ်ရေးကို တည်ထောင်ပေးခဲ့တဲ့ အရင်းရှင်တော်လှန်ရေး လို့ လည်း ပြောလို့ရပါတယ် ။ 

ဒီဝထ္ထုထဲမှာ အဓိက ဇာတ်ဆောင် Scarlet O’ Hara နဲ့ Rhett Butler နှစ်ယောက်လုံးက သူ့နည်း သူ့ဟန်နဲ့သူတော့ အိမ် ၊ ပတ်ဝန်းကျင် ၊ မိဘ သြဇာ ၊ လူ့အဖွဲ့အစည်းကြီး ကို ပုန်ကန်နေကြသူ နှစ်ယောက် ။ ပုန်ကန်တယ်ဆိုတာပဲ တူပြီး ပုန်ကန်ကြတဲ့ အကြောင်းအရာ တွေက မတူညီကြတဲ့ အတွက် လူ့စရိုက်နှစ်ခု ရဲ့ အားပြိုင်မှုက ဒီဝထ္ထုရဲ့ အသက်ပါ ။ ပြီးတော့ မိန်းကလေးတစ်ယောက်အနေနဲ့ Scarlett ရဲ့ တချို့ ရွေးချယ်မှုတွေ ၊ လိုအင်ဆန္ဒတွေ ၊ လူ့အဖွဲ့အစည်း ကို ပြန်လည် တုံ့ပြန်ပုံတွေကို နှစ်သက်မိတာတွေလေးရှိ သလို သဘောမကျတာတွေလည်းရှိတယ် ။ Scarlett ရဲ့ အပြုအမှုတွေကို ကလေးဆန်တယ်လို့ မဆိုချင်ပေမဲ့ သူ ဖြစ်ချင်တာ မရရအောင် ယူနိုင်စွမ်းရှိတဲ့ မိန်းမ ၊ အတိတ်ကိုလည်း ပြန်လှည့်မကြည့်တတ် ၊ အနာဂတ်အတွက်လည်း တွေးမပူပဲ လက်ရှိအခြေအနေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးတတ်တဲ့ မိန်းမတစ်ယောက် အနေနဲ့ သဘောကျမိ ၊  ဘာတဲ့ .. Scarlett ပြောနေကြစကားတစ်ခွန်း၇ှိတယ် “ After All, tomorrow is another day’’ တဲ့ ။ ကိုယ်ပါမျောဝင်သွားခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ Spoil ဖြစ်မှာ စိုးရိမ်မိလို့ အများကြီး မညွှန်းပေးရဲဘူး ။ လက်က မချချင်လောက်အောင် အရမ်းကောင်းတဲ့ စာအုပ်မို့ ၊ ကိုယ်တောင် အချိန်ဖဲ့ပြီး မရရအောင် ဖတ်တာတောင် ၅ရက်လောက် ကြာသွားပါတယ် ။ အချိန်ပေးပြီး ဖတ်ကြည့်ကြပါ နော် ။ 

ဆရာမြသန်းတင့် ရဲ့ ဘာသာပြန်စာအုပ် နှစ်အုပ်ကို ရှာ တင်ပေးလိုက်ပါတယ် ။ English Version ဖတ်လိုသူများ Wun Zin မှာ ရပါတယ် ။ ကျွန်တော် အဲ့က ဖတ်တာပါ ။

မူရင်း Link ပိုင်ရှင်ကို ကျေးဇူးတင်ပါတယ် ရှင့် ။ 

http://www.mediafire.com/?l5sbszxkmoa0b5m ()

http://www.mediafire.com/?ektkfq8c7gseffg (၂)

♥ M ♥
© hsudiary .blogspot.com . All Rights Reserved

အိမ်- ကြည်အေး

လှေသမားဟာ
ဟို့အဝေးကကျွန်းတွေမှာ
ကောက်သိမ်းပြီးတော့
သူ့အိမ်…
ငြိမ်းချမ်းတဲ့သူ့မြစ်ချောင်းထံ
ပြန်လာခဲ့တယ်...။
ကိုယ်လည်းအိမ်ပြန်ချင်ပါရဲ့
ဒါပေမယ့်ကိုယ့်မှာ
ဘာများရိတ်သိမ်းစရာ ရှိပါသလဲ။
ဒုက္ခခံစားခြင်းသာရိတ်သိမ်းစရာ ရှိခဲ့တယ်။
မိတ်ဆွေ… မြစ်ကမ်းနဖူးရယ်
သင်ဟာ
ကိုယ့်ကိုမွေးမြူကြီးပြင်းစေခဲ့တယ်...။
အချစ်ရဲ့ဝေဒနာကိုရော
သက်သာရာရအောင်
သင်မတတ်နိုင်ဘူးလား။
အို …ကိုယ့်ကလေးဘဝရဲ့
တောအုပ်များ
ကိုယ်အိမ်ပြန်လာရင်
ငြိမ်းချမ်းခြင်းကို
တစ်ဖန်ပေးနိုင်ပါဦးမလား...။  ။

ကြည်အေး( ဂျာမန်ကဗျာကိုဘာသာပြန်သည်)

 ♥ M ♥
© hsudiary .blogspot.com . All Rights Reserved

ခရီး - ပြည့်စုံဝင်း

အတူတူ မဆိုက်ရောက်နိုင်တော့လည်း
ဒီမီးခိုးတန်းလေးမှာပဲ
ကိုယ်ခုန်ဆင်းဖြစ်ပါရဲ့
လက်ကျန်သက်တမ်းကို
နားသယ်စပ်လေးမှာ
ချည်ပေးလိုက်တယ်
ဖြောင့်ဖြူးပါစေကွယ် ။ ။


♥ M ♥
© hsudiary.blogspot.com . All Rights Reserved

အိပ်မက်ရမယ့် အကြောင်းအရာတွေ - ပြည့်စုံဝင်း

နေရောင်မှာ ပူနွေးမယ်
လေထဲမှာ လက်တွေဆန့်တန်းမယ်
အစစ်အမှန်ပေးနိုင်သူတွေအနားမှာ နေမယ်
သဘာဝတရားကို ယုံကြည်မယ်
ဘာကိုမှ မအံ့သြမိအောင် နေမယ်
နှစ်တွေကြာလာတဲ့အခါ
ကိုယ်ဟာ …
အစွန်းအထင်းခံနိုင်တဲ့ အမည်းရောင်တီရှပ်လေးဖြစ်လာမှာပေါ့
စက်ဘီးမှာ လေတံခွန်အနီရောင်လေးတပ်လို့
အကြောက်တရားကင်းမဲ့ဇုန်ဆီ ခရီးထွက်မှာပေါ့ ။ ။


 ♥ M ♥
© hsudiary .blogspot.com . All Rights Reserved

ကြိုးစားယူရမယ့်အကြောင်းအရာတွေ - ပြည့်စုံဝင်း

လိမ္မာမယ်
ပိုပြီး တိတ်ဆိတ်မယ်
ကိုယ့်ထက်သာချင်သူတွေကို ပေးသာလိုက်မယ်
လမ်းချင်း မတူတာကို နှလုံးသွင်းမယ်
ကိုယ်လိုချင်တာအောင်မြင်မှုမဟုတ်ဘဲ အေးချမ်းမှုသာဖြစ်ကြောင်း နှလုံးသွင်းမယ်
အချိန်ကာလတွေကို သည်းခံမယ် နှစ်ကြာလာတဲ့အခါ ကိုယ်ဟာအရည်ရွှမ်းတဲ့သစ်သီးကလေးဖြစ်လာမှာပေါ့
ညဘက်တွေမှာကိုယ်ဆိုတဲ့သီချင်းကို
ကြယ်ကလေးတွေ နားထောင်ကြမှာပေါ့။ ။ 


♥ M ♥
© hsudiary.blogspot.com . All Rights Reserved

Wednesday, October 5, 2016

အသစ်စက်စက် ထာဝရ - ဂျူးး


မင်းထွက်ခွာသွားချိန်တုန်းက အိမ်ရှေ့မှာ လေးနာရီပန်းတွေပွင့်နေခဲ့သည်။မင်းစိုက်ပျိုးခဲ့သည့် ပန်းပင်တွေပါပဲ။
ညနေခင်း။ တိမ်နီရောင်ဖြင့် ကောင်းကင်တစ်ခွင်မှာ လိမ္မော်ရောင်တောက်ပနေခဲ့သည်။သစ်ရွက်တွေရော တိမ်တွေရော  မေလ၏ မိုးစက်မိုးပေါက်များကို တမ်းတနေခဲ့ချိန်။
မင်းဘယ်တော့မှ ပြန်ရောက်မည်ဟုမသိနိုင်ပါ။ ပြန်လာချင်မှလည်း လာတော့မည်။စောင့်မနေတော့ဘူးဟု ကိုယ်မှာလိုက်သော်လည်း မင်းမသိအောင် မင်းကို စောင့်နေခဲ့မိသည်။
ဘယ်အချိန်ပွင့်လာမည်မှန်းမသိနိုင်သော ပိတ်ထားသည့် တံခါးတစ်ချက်ကို ငေးမောကြည့်နေသလို၊ ညိုးရော်လို့ ငုံသွားသော ပန်းတစ်ပွင့်ကို ရေထဲမှာစိမ်ပြီး ပြန်ပွင့်လန်းလာလေနိုးနဲ့ 
 မျှော်လင့်တကြီး စောင့်နေသလို။ ငြိမ်ငြိမ်သက်သက် တိတ်တိတ်ဆိတ်ဆိတ်။
ဝေးပြီဆိုမှတော့ တိတ်ဆိတ်စွာ ဝေးကွာခဲ့ရတာ ကောင်းပါသည်။
ကိုယ်က ညမှောင်မှောင်မှာ မျက်နှာကို ကောင်းကင်ဆီမော့လျက် ကြယ်တွေကိုရေတွက်ဖို့ နှစ်သက်သည်။ မင်းက နံနက်ခင်း ဆန်းစနေခြည်အောက်မှာ နှင်းမှုန်တွေနောက် ပြေးလိုက်ဖို့ နှစ်သက်သည်။
မတူခြားနားမှုတိုင်းသည် စိတ်ပျက်စရာ စိတ်ရှုပ်ထွေးစရာမဟုတ်။ တူညီမှုတိုင်းသည်လည်း ပျော်ရွှင်ချမ်းမြေ့စရာမဟုတ်။
အခုကိုပဲကြည့်။ကိုယ်တို့ဖောက်ခဲ့ကြသည့်လမ်းက အတော်လေးပီပြင်လာခဲ့ပြီ။
ကိုယ့်အသက် ဆယ့်ရှစ်နှစ်အရွယ်၊တောင်တန်းတစ်ခု၏ အရိပ်အောက်မှာ ညချမ်းညိုသည်အထိ ကိုယ်မတ်တပ်ရပ်နေခဲ့ချိန်တုန်းက နှစ်ပေါင်းများစွာအဝေးမှာ မင်းရှိနေလိမ်မည်ဟု နည်းနည်းမျှပင် စိတ်ကူးယဉ်မကြည့်ခဲ့မိပါ။

“မဝေးချင်ဘူး”
မင်းနှင့်ကိုယ် ပြိုင်တူညည်းညူပြီး အတူတူပြုံးခဲ့ကြဖူးသည်။
“မဝေးချင်ရင် မနီးကြစို့နဲ့”
ကောင်းပြီလေ။တစ်ခါတလေတော့ မြစ်တစ်ခုတည်းမှာ နှစ်ယောက်အတူရွက်လွင့်ကြမည်။ တစ်ခါတလေတော့ ပန်းပွင့်တစ်ပွင့်တည်းကို နှစ်ယောက်အတူနမ်းရှိုက်ကြမည်။
အေးမြချမ်းမြေ့ခြင်းတိမ်တိုက်ပေါင်း သုံးဆယ်။ကိုယ့်ကို မင်းချစ်ခဲ့တာ တိမ်တိုက်ပေါင်း သုံးဆယ်။
ခရီးဆုံးပန်းတိုင်မပါ။ အနာဂတ်မပါ။ရယူလိုမှုမပါ။ပေးခြင်းသက်သက်ဖြင့် ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် ပြည့်စုံစေခဲ့ကြသည် ။ မျှော်လင့်ခြင်းအိပ်မက် တစ်ခုတည်းအောက်မှာ ကောင်းကင်တစ်ခုတည်းအောက်မှာ။ ကိုယ်တို့အသက်ရှင်ခဲ့ကြပါသည်။
ကိုယ်နှင့်မင်းအကြားမှာ မဟာရံတံတိုင်းကြီးလည်း ခြားမနေခဲ့။ပင်လယ်ကြီးလည်း ကာဆီးမထားခဲ့။ပါးလွှာသော တိမ်လွှာလေးတစ်ထပ်သာ ခြားခဲ့သည်။ သို့ပါလျှက် ကွာဝေးသည်ကလည်း ဆောင်းရာသီပေါင်း နှစ်ဆယ်၊မိုးရာသီပေါင်းနှစ်ဆယ်၊ နွေရာသီပေါင်း နှစ်ဆယ်၊ရာသီခြောက်ဆယ်။
ကိုယ်ကျေနပ်ခဲ့ပါသည်။

မင်းကိုမပြောခဲ့မိသော အရာတွေအတွက်ကိုယ်ကို မင်းခွင့်လွှတ်ပါ။လျို့ဝှက်ခြင်းဟူသည် အမြဲတစေဖွင့်ကြည့်ကောင်းသော ပန်ဒိုရာ သေတ္တာတစ်ခုတော့မဟုတ်။ မသိခဲ့ရလျှင် အကောင်းသားဟု တစ်ချိန်ချိန်မှာ မင်းနောင်တရမိသွားမှာကို ကိုယ်မခံစားချင်ပါ..။
     
တစ်ခုသော မြက်ခင်းပြင်တွင်ပိုးစုန်းကြူးတွေ လင်းလက်တောက်ပသော ညချမ်းတစ်ခုတုန်းက သူုတို့ကိုငေးမောကြည့်ရင်း ကမ္ဘာလောကတွင် မင်းရှိနေခဲ့လိမ့်မည်ဟု မသိသေးပဲ ကိုယ်မင်းကို တမ်းတမိခဲ့ဖူးသည်။
ငါလတစ်စင်းမဖြစ်ချင်ဘူး။။ ကြယ်တစ်စင်းပဲ ဖြစ်လိုက်ချင်တယ်။ကိုယ်ပိုင်အလင်းရောင်လေးနဲ့ ဘယ်လောက်ပဲမှိန်နေပါစေ။ကျေနပ်ချင်တယ်။ ဘေးမှာအတူလိုက်ပါ့မယ်သူရှိရင်လည်း ကြယ်ကလေးတစ်စင်းပဲ ဖြစ်စေချင်တယ်။အဲသည်အတွေးလည်းပြီးရော ကိုယ်မျက်နှာမူရာအရှေ့ကောင်းကင်မှာ ငွေကြယ်စင်တစ်ပွင့် ပေါ်လာခဲ့သည်။ထိုညက လတော့မသာခဲ့။ ဒါပေမယ့် ကိုယ်ကျေနပ်ခဲ့သည်။
ကိုယ်က စကြာဝဠာမှာ အလင်းဖြန့်ကျက်နိုင်သည့် ကြယ်သေးသေးလေး လိုချင်ပေမယ့် မင်းက ကမ္ဘာလောက၏ ထောင့်တစ်နေရာရာမှာ အလင်းရောင်ပေးနိုင်သည့် ခပ်သေးသေးမွှားမွှား မီးပြတိုက်တစ်ခုသာ ဖြစ်ချင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့ရေးရမည့် စာမျက်နှာပေါင်းများစွာ ကျန်သေးသည်။
ဝေးဖို့အချိန်မတိုင်သေးပါဘူး..။

ပျင်းစရာကောင်းလာတယ် ၊ ပြင်းစရာကောင်းလာတယ် - - ဇောက်ထိုး /စည်သူအောင် / ပြည့်စုံဝင်း

ရှင်သန်မှုဟာသိပ်အဖွာမခံဘူး
ပျင်းပျင်းရှိတိုင်း ကိုယ့်ဖြစ်တည်မှုကိုယ်ပြာချချနေရတာ
ကြာတော့လည်း ပျင်းလာတယ်
ဘာတွေပဲရှိရှိ ဒီနံရံကိုတိုက်မဖွင့်တော့ဘူး
ဘာတွေပဲကျကျ ဒီအန်စာကိုဆက်မခေါက်တော့ဘူး
ပျင်းစရာကောင်းလာတယ်
ပြင်းစရာကောင်းလာတယ်
ခြေခင်းလက်ခင်းသာရုံဆို ဘာလို့  ကိုယ့်ကို
ကုတ်ခြစ်နေသေးလဲ တမြိမြိ
နိစ္စဓူဝ လှိုဏ်ခေါင်းထဲ
အက်ကြောင်း တွေ လှိုက်လာတယ်
လွှတ်ချလိုက်တိုင်း လွတ် လွတ်ကျသွားတယ်
ဘယ်လိုပျင်းရိမှုမျိုးလဲ
အခန်းဟာ ပိုပိုမှောင်လာ
အရောင်ဟာပိုပိုလောင်လာ
အပူဟာ ပိုပိုသည်းလာ
နေသားမကျမှုနဲ့ စိတ်လွတ်ကိုယ်လွတ်ရုန်းအထွက်မှာ
တံခါးကို ဘယ်သူ လော့ခ် လာချသွားသလဲ
သီချင်းတွေထဲပဲ ၀င်ပြီးသေကြည့်ကြတာပေါ့
ခလုတ်တိုက်မိတိုင်း နာရတာ ပျင်းစရာကောင်းတယ်မလား
ဗာရာဏသီများ ၊ ဗြဟ္မဒတ်များ
ဗီလိန် ဟီးရိုး ပုံသေကားချပ်များ
ကိုယ့်ရာဇသံနဲ့  ကိုယ်တော့
လောကဓံရှစ်ပါးလုံး လက်လွှတ်စီးလိုက်ကြ
မဗေဒါ(ဆိုသူများ) မြို့ ထဲဝင်လာရာ
ဘဲအုပ် (သုံးလေးကောင်)မှာ ကြက်ပျောက်ငှက်ပျောက်
ကိုယ့်ကိုယ်ကို မထူးခြားဘူး တွေးမိရင်
ခင်ဗျားလည်း ထူးခြားတဲ့သူ
ကိုယ့် ပုံသေနည်းနဲ့ ကိုယ်
တဖြည်းဖြည်းပျင်းလာ
ကိုယ့်ဘောင်ဟာ ကိုယ့်အတွက်
တဖြည်းဖြည်း ကျဉ်းသွား
နာရီလက်တံထဲ ခုန်ချလိုက်ကာမှ
အချိန်တွေ နှေးသွားလိုက်ပုံများ
နားကြပ်ဟာ နားမှာ
တဖြည်းဖြည်းကျပ်လာသလိုမျိုး
အသက်ရှူလမ်းကြောင်းပါ ကျပ်လာတယ်
ကိုယ့် ကြက်ခြေခတ်နဲ့ကိုယ်
ခပ်ပါးပါးလေးပဲ မှားချင်ယောင်ဆောင်မယ်
ကိုယ့်ကို ကောလဟာလလို သဘောထားပါ
လူစော်နံလွန်းတဲ့ ၀န်းကျင်တွေမှာ အသက်ရှူမဝ
ကိုယ့်အသွေးအရောင်နဲ့ မခင်းလည်း လင်းနေပြီးသားပဲ
တစ်ယောက်တည်း ပျင်းစရာကောင်းလောက်အောင်
မှောင်ချပစ်လိုက်တယ်
သွေ့ခြောက်ခြောက် စိတ်ဒရွတ်တိုက်မှုများ
ပွယောင်းယောင်း ချစ်ခြင်းမေတ္တာများ
ပိုမိုကျစ်လစ်လာတဲ့ ပျင်းရိပျင်းတွဲအနည်ထိုင်မှုများ
မည်ကာမတ္တ အနှစ်သာရ
ငါတို့  သိတဲ့ လူ့  အဖြစ်ဟာ အဟောင်းဆိုင်လား
ငါတို့  သိတဲ့ စကြဝဠာ ဟာ ဖိနပ်အဆွေးတစ်ရံလား
ငါတို့  သတ်မှတ်တဲ့ အသစ်တွေဆိုတာ
ပြန်လည်ခြယ်သထားတဲ့ အနာအဆာတွေလား
ငါတို့ဟာ ပုဒ်မအချခံလိုက်ရတဲ့ စကားလုံးတွေ
ငါတို့ဟာ စာလုံးပေါင်းမှားခဲ့တဲ့ စကားလုံးတွေ
ငါတို့ဟာ မျဉ်းအပိတ်ခံလိုက်ရတဲ့ စကားလုံးတွေ
ငါတို့ဟာ ငါတို့ကိုယ် ငါတို့
ပြန်ကျပျောက်ခဲ့ရတဲ့ ဆွံ့အမှုတွေ
ငါတို့ပစ်တဲ့ကွန်မှာ အိပ်မက်တွေမမိဘူး
သက်ပြင်း/ပျင်း တွေပဲ အထွေးလိုက်ဆယ်ဆယ်ယူနေရ
ခပ်ညံ့ညံ့ သရဲကားတွေလိုလား
ပျော်ပွဲစားထွက်ကြကတည်းက
ဒီဇာတ်လမ်းထဲ ဘယ်သူတွေ သေရစ်မယ်
ခန့် မှန်းနေခဲ့ရပုံများ
မဆုံးခင်ကတည်းက ရိပ်မိနေတဲ့ ဇာတ်မျိုးဆိုတော့
အရိပ်မပြလည်း အကောင်က ထင်ထင်ရှားရှား
ရှေးဟောင်းနှောင်းဖြစ် မြစ်ထဲ
ဝဲကတော့တွေ ပွင့်ဖူးနေကြ
ခုန်ဆင်းလိုက်ရတော့မလား
အပျင်းပြေစရာတစ်ခုခုဆီရောက်လိုရောက်ငြား
လက်တွေကို ဖြန့်ထားကြည့်လိုက်တယ်
လက်ချောင်းတွေကြား လျှောကျသွားတဲ့ ကောင်းကင်
ဒါကိုပဲ ဇက်ကျိုးမတတ် မော့မော့လွမ်းနေရ
တိမ်တိုက်တွေထဲ ပြေးဝင်သွားတဲ့ ပျင်းရိခြင်းမျိုးနဲ့ 
အာရုံတွေကို အိပ်ငွေ့ချထားတယ်
တစ်ချက်တစ်ချက် ထယောင်မိတာကလွဲလို့
ဒဏ်ရာတွေကို ပျင်းပျင်းကြီး ပြုံးကြည့်လာတတ်ခဲ့
စစ်တုရင်ခုံက ဘုရင်ရုပ်လို ခန့်ညားပုံမျိုးနဲ့
ကိုယ့် စိတ်ကူးတွေ အနားသတ်ထားတယ်
ဒါပေမယ့်
ငါတို့ဟာ နယ်ရုပ်တွေပါပဲ
မသေမချင်း ကံရွှေ့သမျှရွေ့ရင်း
အချင်းချင်းစားသောက်
လျှောက်နေရင်းနဲ့ လမ်းတွေ ကျ ကျပျောက်တော့
ပြေးနေရတဲ့ ကစားပွဲဟာ ပျင်းစရာကောင်းလာတယ်
ဦးတည်လွင့်စင်လာသမျှ
မရှောင်တမ်း ပြေးတိုက်လိုက်တော့မယ်
ဘယ်လိုရွာကျမှုမျိုးတဲ့လဲ
အပျင်းတွေ ပိုးပိုးပေါက်ပေါက် မှာ
စကားလုံးတွေ စိုသွားတယ်
စိတ်ကူးတွေ မွန်းသွားတယ်
ခင်ဗျားတို့ ဒီကဗျာကို ဖတ်ရခြင်းအကြောင်းကိုက
ပျင်းလို့ဖြစ်နေနိုင်တယ်
ဘာပဲဖြစ်ဖြစ်ပါ
စိတ်မပါလက်မပါ ပျော်ပြရတာထက်စာရင်
စိတ်ရောကိုယ်ပါ ပျင်းရိခြင်းဟာ အဓိပ္ပာယ်ရှိတယ်မလား
လာပါ
ခပ်ပျော့ပျော့ ရက်စွဲတွေထဲမှာ သမ်းဝေနေကြမဲ့အစား
ခပ်ပြင်းပြင်းလေးပဲ ပျင်းကြရအောင်
ဟုတ်ကဲ့ တကယ်တော့
(ခင်ဗျားတို့ ထင်ထားတာထက်ကို)
ပျင်းစရာဟာ ကောင်းပါတယ် ။ ။



♥ M ♥
© hsudiary.blogspot.com . All Rights Reserved