Friday, October 21, 2016

သူသည် ငှက်ကလေးတစ်ကောင်ဖြစ်သည် - ပြည့်စုံဝင်း


သူသည် ငှက်ကလေးတစ်ကောင်ဖြစ်သည် 

၁။
သူသည် ပေါ့ပါးသောငှက်ကလေးတစ်ကောင်ဖြစ်သည်။ထိုငှက်ကလေးသည် လမ်းဖြတ်ကူးသည့်အခါအတိုင်း ကျွန်မလက်ကို အမြဲဖမ်းဆွဲထားလေ့ရှိသည်။ကျွန်မက ကျန်လက်တစ်ဖက်ဖြင့် သူ့လက်မောင်းကရှပ်အင်္ကျီစကလေးကိုဆွဲသောအခါ သူခပ်တိုးတိုးရယ်တတ်သည်။ကိုယ့်အတောင်ပံတွေကို မင်းဆွဲဆိတ်နေတာပဲကွ ဟု ပြောတတ်သော ငှက်ကလေးဖြစ်သည်။

၂။
“ချစ်တဲ့လူတွေများတာမကောင်းဘူးကွ”
“ဘာလို့လဲ”
“မင်းချစ်တဲ့သူတွေ ပျော်ဖို့ အရူးတစ်ယောက်လို မင်းကြိုးစားမယ်။သူတို့မထိခိုက်အောင်ကာကွယ်မယ်။နားမလည်ကြတဲ့အခါ မင်းတစ်ယောက်တည်းငိုရပြန်ဦးမယ်လေ”
“ဒါဆို ရှင်ဘယ်သူ့ကိုမှ မချစ်ဘူးလား”
“ကိုယ်တို့ လမ်းတွေအများကြီး အတူတူဖြတ်ကူးခဲ့ကြတယ်လေ။ဖြတ်ကူးတဲ့အခါတိုင်းလည်း မင်းလက်ကို ကိုယ်မလွတ်အောင် ဆွဲထားခဲ့တယ်။အဲ့ဒါဘာကြောင့်လို့များ မင်းထင်နေသလဲ။”

၃။
ကျွန်မတို့ ဆုံတွေ့သောအချိန်တော်တော်များများတွင် ကျွန်မတို့က လမ်းလျှောက်နေကြတာဖြစ်သည်။စိတ်လိုလက်ရရှိသော ညနေများတွင်တော့ စက်ဘီးစီးဖြစ်ကြသည်။ပြီးတော့ရန်ဖြစ်ကြသည်။ကျွန်မက လမ်းတစ်လျှောက်လုံးနောက်ကထိုင်လိုက်ရသည်ကိုမကြိုက်။ကျွန်မ တစ်လှည့်တင်နင်းမည်ဟု ပြောလျှင် သူကစိတ်ဆိုးတော့တာဖြစ်သည်။နောက်တော့ သူလည်းနားပူလာဟန်တူသည်။လမ်းတစ်ဝက်ရောက်လျှင် စက်ဘီးကိုရပ်ပြီး အတူတူလမ်းလျှောက်ရင်း ဆက်တွန်းသွားကြဖို့ အကြံပေးသည်။

၎။
“နောက်ဆယ်နှစ်လောက်ကြာတဲ့အခါ ကိုယ်တို့မှာ ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက် ထပ်တိုးလာနိုင်တာပဲ။အဲ့ဒီအခါကျ မင်းက ကောင်လေးကိုတင် ကိုယ်ကကောင်မလေးကိုတင် စက်ဘီးနှစ်စီးယှဉ်နင်းလို့ ရပြီ ”
“ကျွန်မကတော့ သမီးကို ကျွန်မနဲ့မတူစေချင်ဘူး။မိန်းမဆန်ဆန် လှလှပပလေး ဖြစ်စေချင်တာ။နာမည်ကအစပေါ့လေ”
“ဟင့်အင်း ကိုယ်က မင်းနဲ့တူစေချင်တာ”

၅။
တချို့အကြောင်းအရာတွေကို အမိန့်ပေးသလို သူပြောတတ်ပြန်သည်။ဆံပင်မညှပ်ဖို့၊ ခြေသည်းနီတွေဖျက်ဖို့ ၊ဖုန်းအသံပိတ်မထားဖို့ တော်တော်များများပါပဲ။သူတား၍မရနိုင်သော အရာများအတွက်မူ မေးခွန်းထုတ်သလိုလိုနှင့် သူသဘောမတွေ့ကြောင်းဖော်ပြတတ်သူဖြစ်သည်။

၆။
“မင်းစီးကရက်ဖြတ်ဖို့ စိတ်ကူးမရှိဘူးလား”
“ဟင့်အင်း အဆုတ်ရောဂါဖြစ်လာမယ့်အချိန်အထိ ကျွန်မအသက်ရှည်ချင်မှရှည်မှာ၊ကားတိုက်ပြီးသေသွားတာလည်းဖြစ်နိုင်တာပဲ”
“ဖြစ်နိုင်ပါတယ်။ကိုယ်မပါဘဲ မင်းတစ်ယောက်တည်းလမ်းဖြတ်ကူးရင်ပေါ့”

၇။
သူက သူရဲကောင်းပုံပြင်များကိုစိတ်ဝင်စားသူဖြစ်သည်။သူပြောလေ့ရှိသော သူရဲကောင်းတစ်ဦးဆိုလျှင် ဓားတစ်ချက်အဝှေ့မှာ ရန်သူ့သွေးများဖွာခနဲ သစ်ရွက်တွေပေါ် တောင်တွေအပေါ် ပြီးတော့လေထဲ နီရဲလွင့်စင်ကုန်သည်အထိ စွမ်းသတဲ့ ။အနီရောင်ကိုပဲ သုံးတဲ့ပန်းချီဆရာပေါ့ကွာ ဟုသူက တင်စားပြောတတ်ပါသေးသည်။
၈။
“မင်း ကိုယ့်အကြောင်းတွေများရေးနေသလား
“နည်းနည်းပေါ့”
“မရေးရင် ပိုကောင်းမှာပဲ။ကိုယ် ကဗျာတွေထဲမှာ အဆုံးသတ်မသွားချင်ဘူး”
“ကျွန်မ ကဗျာတွေက အဆုံးမရှိပါဘူး”
“လူတွေ အဖြစ်အပျက်တွေကတော့ အဆုံးသတ်ပြောင်းလဲကုန်တယ်မလား။ထားပါ ကိုယ်က မရေးရင်ကောင်းမယ်လို့ပဲပြောတာပါ
၉။
ကျွန်မတို့ မေ့လျော့ချင်ယောင်ဆောင်ခဲ့ကြသော်လည်း အချိန်ကရပ်မနေခဲ့ပါ။ငှက်ကလေး ပျံသန်းထွက်ခွာရမည့် အချိန်ကိုရောက်ခဲ့ပါသည်။ ၁၃ နာရီကြာစာမျှ ကွာဝေးသော နိုင်ငံတစ်ခုတွင် ငှက်ကလေး၏ အိပ်မက်တွေ ရှိနေခဲ့ပါသည်။

၁၀။
“မင်း တကယ်စဉ်းစားပြီးပြီလား”
“ကျွန်မ ဒီမှာပဲနေချင်တယ်”
“ကိုယ်ပြန်မလာတော့ရင်ရော”
“ရှင်ပြန်လာရမှာပါ ၊ရှင်က ကျွန်မရဲ့ငှက်ကလေးပဲ ၊ ဘယ်လောက်ကြာမလဲ”
“မင်းမသေခင်ပေါ့၊ မင်းကားတိုက်ခံရတော့မယ်အချိန် ကိုယ်က စူပါမင်းလို ဘွားခနဲပေါ်ပြီးလာကယ်မှာ”
“…………….”
“ကိုယ်သတိရမှာပါ”
“ကျွန်မရောပဲ”

၁၁။
ကျွန်မ မငိုဖြစ်ခဲ့ပါ။တစ်ပတ်လောက်ကြာပြီးသည့်နောက် ကျွန်မတစ်ယောက်တည်းလမ်းဖြတ်ကူးတတ်တဲ့အကျင့်ရလာပါသည်။မီးခိုးရောင်အကွက်သေးသေးလေးများနှင့်ရှပ်အင်္ကျီစကလေးကိုတော့ မြင်ယောင်မိနေဆဲပင်ဖြစ်ပါသည်။ ။

ပြည့်စုံဝင်း
 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved

No comments:

Post a Comment