Saturday, April 11, 2020

ခေတ်ရယ် အချစ်ရယ် - စံပယ်ဖြူနု

'ဒီလိုပါပဲ ... ဘဝဆိုတာ၊ သံသရာ ရထားတစ်စင်းပေါ်မှာ' 




ဒီစာအုပ်ကို ဖတ်ရတာ ၊ စာအုပ်တစ်အုပ်ကို ဖတ်နေရတယ်ဆိုတာထက် ဇာတ်အိမ်ခပ်ကြီးကြီးနဲ့ ရုပ်ရှင်ကားကောင်းကောင်း တစ်ခုကို ကြည့်နေရသလိုပဲ ။

တဝမ်းတခါးအတွက်ပဲပြောပြော ဘဝတိုးတတ်ရေးအတွက်လို့ပဲ ဆိုဆို ၊ ကိုယ့်အိမ်ကိုယ်ယာကို ခွဲပြီး ရန်ကုန်မယ် ခက်ခက်ခဲခဲ အဆောင်နေပြီး မိသားစုအတွက်၊ ကိုယ့်အတွက် ကြိုးစားရုန်းကန်နေကြတဲ့ မိန်းကလေးတွေရဲ့ ဘဝဇာတ်ခုံအကြောင်းရေးထားတဲ့စာအုပ် ...။ ဇာတ်အိမ်တည်ထားတဲ့နေရာက လှည်းတန်း ၊ စံရိပ်ငြိမ်တဝိုက်ဆိုတော့ မျက်လုံးထဲလည်း ပုံဖော်ရသိပ်လွယ်တာပဲ ။

ရန်ကုန်လို့ ပြောလိုက်ရင် လှည်းတန်းကိုလည်း မသိတဲ့သူ ခပ်ရှားရှားထင်တယ် ။ ဒီစာအုပ်က လှည်းတန်း ၊ သိရိမြိုင်အဆောင်က ခိုင် ၊ မယ်မြ ၊ သစ္စာ ဆိုတဲ့ အဆောင်နေ မိန်းကလေးတွေ အပါအဝင် သူတို့နဲ့ ဆက်နွယ်တဲ့ မိသားစု ၊ ချစ်သူ ၊ သူငယ်ချင်း အစ လုပ်ဖော်ကိုင်ဖက်အဆုံး ၊ သူတို့တတွေရဲ့ ဘဝအမောတွေ ၊ ပျော်ရွှင်ကြည်နူးစရာတွေကို ရုပ်ရှင်ကားကြီးတစ်ကားလို ခံစားသက်ဝင် စေမယ့် စာအုပ် ။

နေရာဒေသအစုံကနေလာပြီး ဒီနေရာ ၊ ဒီအဆောင်မှာ ဆုံကြ တွေ့ကြရ ၊ လူအမျိုးမျိုး ၊ စိတ်ကာလာအစုံစုံဆိုပေမယ့်၊ မောင်နှမရင်းချာတွေလို ကိုယ့်အပေါ်ကောင်းနိုင်မယ့် သူငယ်ချင်း မိတ်ဆွေတွေလည်း တပုံတပင်ရနိုင်တဲ့ အဆောင်နေသူတို့ ဘဝအလှ ။

တခါမှ အဆောင်မနေဖူးပေမယ့် ၊ အဆောင်နေတဲ့ သူငယ်ချင်းတွေဆီလိုက်သွားရင်း ကျောတခင်းစာရဖို့ ၊ သူတို့ ဘယ်လောက်ပင်ပန်းရသလဲ ခံစားနိုင်တယ် ။ ဆိုတော့ ဒီဝတ္ထုဖတ်ရတာ သက်ပြင်းကြီးပဲ လှိမ့်ချမိတာပဲ ။ နေ့တိုင်းကားပိတ် ၊ မိုးရွာရင် ရေကြီး ၊ ကုန်ဈေးနှုန်းကိုရော အဆောင်ရှင် ကိုပါ ကြောက်ရတဲ့  ခုချိန်ထိ မပြောင်းလဲသေးတဲ့ ရန်ကုန်ရဲ့  Reality တွေပေါ့...။ စာအုပ်ထုတ်ဝေတဲ့ ခုနှစ်က ၂၀၁၅ဆိုတော့ ၊ အဲ့ဒီ ခေတ်ရဲ့ အရိပ်ကို ထင်ဟပ်စေတဲ့ မြေနီကုန်းကုန်းကျော်တံတားကြီးဆောက်တုန်းက အခြေအနေကိုလည်းထည့်ရေးထားတယ် ။  ကိုယ်တောင် အဲ့တုန်းက ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို သတိရသွားတယ် :3 ထားပါတော့ ။

မဖြူနုကို နောက်တခေါက်အပြင်မှာတွေ့ရင် ဒီစာအုပ်ကိုလည်း သိပ်ကြိုက်တာပဲ လို့ ပြောရမှာပဲ ။

ဒါ အိမ်မှာနေတဲ့ ရက်တွေ (အလုပ်မများတဲ့ရက်တွေ) မှာ တတိယမြောက်ဖတ်တဲ့စာအုပ် ။ ဒုတိယမြောက်ကို ဖတ်ပြီး ၊ ပျင်းလို့ စာပြန်မရေးဖြစ်သေးဘူး ။ ပြီးမှ ရေးပြီး အမှတ်တရ လာသိမ်းတော့မယ် ။

✍ စံပယ်ဖြူနု
📒 ခေတ်ရယ် အချစ်ရယ်
💸 ၃,၅၀၀ ကျပ်

♥ M ♥
© hsulittlediary.blogspot.com. All Rights Reserved.

Sunday, April 5, 2020

ခေမာရောင်စဉ်များ - သိရိဇွန်

"ကျွန်မ ဘဝမှာ အမြဲ သဘောကျခဲ့တဲ့ စကားလေး တစ်ခွန်းရှိတယ်။ 'ကိုယ်ဖတ်ချင်တဲ့ စာအုပ်က မရေးရသေးရင် ၊ မရှိသေးရင် ကိုယ့်ဟာကိုယ် ရေးပါ' တဲ့။ ကျွန်မ အတွက် ခေမာ ရောင်စဉ်များက အဲ့ဒီလိုစာအုပ်ပါပဲ။ ကျွန်မ ကိုယ်တိုင်ဖတ်ချင်လို့ ရေးထားတဲ့ စာအုပ်ပဲ ဆိုပါတော့...."






𝑺𝒕𝒂𝒚 𝑯𝒐𝒎𝒆 ရက်တွေမှာ စာအုပ်တွေ ပိုဖတ်မယ် ၊ ရုပ်ရှင်တွေ ပိုကြည့်မယ် စဉ်းစားအပြီးမှာ ပထမဆုံးပြီးအောင် ဖတ်ဖြစ်တဲ့ စာအုပ်က ဒီ " ခေမာရောင်စဉ်များ" ...။ အမှန်တော့ စာရေးသူနဲ့ကတော့ အတော်စိမ်းတယ် ၊ သူ့ရဲ့ ပထမဆုံးလက်ရာလည်း ဖြစ်ပုံရတယ် ။ နည်းနည်းတော့ စဉ်းစားရတာပေါ့ ။ သို့ပေသိ အမှာစာမဟုတ်တဲ့ မိတ်ဆက်စာပဲ ပြောမလား အဲ့ဒီမယ်ပါတဲ့ စကားလုံးတွေကြောင့် ဝယ်ဖြစ်သွားတယ်ပေါ့ ....။

တကယ်တော့ အရမ်းထူးခြားဆန်းပြားတဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘူး သို့ပေမယ့်လည်း အရေးအသား ခပ်သွက်သွက်နဲ့ မြီးကောင်ပေါက်ကလေးတွေရဲ့ စိတ်အခန်းကဏ္ဍကို ခပ်ပါးပါးလေး လှစ်ပြထားတယ် ။ အဓိက ဇာတ်ကောင် ညီအမ ဖြစ်တဲ့ ခေမာ နဲ့ ကြည်ပြာ ဆိုတဲ့ ညီအမနှစ်ယောက် ။ မြီးကောင်ပေါက်လေးတွေပေါ့ ။ မတည့်အတူနေလို့ပဲပြောပြော ၊ တစ်ယောက်မရှိလို့ တစ်ယောက်မဖြစ်တဲ့ စရိုက်မတူတဲ့ ညီအမ နှစ်ယောက်ရဲ့ တွယ်တာမှု ၊ နှောင်ဖွဲ့မှုတွေ တွေကို ပေ့ါပေါ့ပါးပါးလေး ခံစားသက်ဝင်မိစေတဲ့စာအုပ် ...။

ကျွန်တော်တို့တွေက (၁၁)နှစ်ကနေ (၁၅)နှစ်အရွယ်မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြောင်းလဲခဲ့ကြ ၊ ပြောင်းလဲတတ်ကြတယ် ။ တကယ်တမ်း အဲ့ဒီအရွယ်မှာ ကြုံတွေခဲ့ရတာတွေက
ကြီးပြင်းလာတဲ့အခါမှာ ကျွန်တော်တို့ ပုံရိပ်ကို အများကြီးထင်ဟပ်စေတာ အမှန်တရားတွေပဲလေ ။  ငယ်ဘဝမှာ ရခဲ့တဲ့ 𝑇𝑟𝑎𝑢𝑚𝑎 တွေကြောင့် လက်ရှိအခြေအနေကို ရိုက်ခတ်စေတာလည်း အများသားကိုနော့ ...။ အဲ့ဒီအရွယ်မှာ သင်ယူခဲ့တာတွေကလည်း တစ်ဘဝလုံးအတွက် အထောက်အပံ့ဖြစ်စေမှာလဲ မလွဲပါဘူး ။

နောက်ပြီး ကျွန်တော်က အဖေနဲ့ နီးနီးကပ်ကပ် မရှိခဲ့လို့လားတော့ မသိဘူး ၊ အဖေနဲ့ ရင်းနှီးတဲ့ မိသားစုတွေ (အထူးသဖြင့်) သမီးတွေဆို အားကျတယ် ၊ သဘောကျတယ် ။ ခေမာရော ၊ ကြည်ပြာရောက သူ့အဖေနဲ့ ကဗျာတွေ အတူရွတ်ကြတဲ့ ပုံရိပ်တွေကို ပုံဖော်ကြည့်ရတာ ကြည်နူးစရာပဲ....။ ဒီစာအုပ်ထဲမှာ စာရေးသူ ရည်ညွှန်းထားတဲ့ 𝗥𝗼𝗯𝗲𝗿𝘁 𝗙𝗿𝗼𝘀𝘁 ရဲ့ 𝐒𝐭𝐨𝐩𝐩𝐢𝐧𝐠 𝐛𝐲 𝐖𝐨𝐨𝐝𝐬 𝐨𝐧 𝐚 𝐒𝐧𝐨𝐰𝐲 𝐄𝐯𝐞𝐧𝐢𝐧𝐠 ဆိုတဲ့ ကဗျာထဲက 𝑴𝒊𝒍𝒆𝒔 𝒕𝒐 𝒈𝒐 𝒃𝒆𝒇𝒐𝒓𝒆 𝑰 𝒔𝒍𝒆𝒆𝒑 ဆိုတဲ့ စကားလုံးလေးတောင် သဘောကျလို့ ၊ စာအုပ်တွေနဲ့ ရုပ်ရှင်တွေ အကြောင်းရေးမယ့် ဒီ 𝑨𝒍𝒃𝒖𝒎 𝑵𝒂𝒎𝒆 အဖြစ်ပေးထားသေးတယ္ ။ "မအိပ်စက်ခင်မိုင်ပေါင်းများစွာ" တဲ့ ။ မအိပ်ခင် ဖတ်တဲ့ စာတွေနဲ့ ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေ အကြောင်းပေါ့....။

သိပ်အများကြီး မညွှန်းတတ်လို့ အရှည်ကြီးတွေ ပြောမနေတော့ဘူး ။ 𝘊𝘩𝘪𝘭𝘥 𝘗𝘴𝘺𝘤𝘩𝘰𝘭𝘰𝘨𝘺 တို့ 𝘗𝘢𝘳𝘦𝘯𝘵𝘪𝘯𝘨 တို့ကို စိတ်ဝင်စားတဲ့ ကျွန်တော့် 𝘗𝘦𝘳𝘴𝘰𝘯𝘢𝘭 𝘙𝘢𝘵𝘪𝘯𝘨 အရတော့ (3 & 𝘩𝘢𝘭𝘧 𝘴𝘵𝘢𝘳) ⭐⭐⭐✨ ပါ ။ ဆိုတော့ စိတ်ဝင်စားရင်တော့ မြည်းစမ်းကြည့်ကြပါဦးလို့.....။

စာအုပ်အမည် - ခေမာရောင်စဉ်များ
စာရေးသူ - သိရိဇွန်
တန်ဖိုး - ၂၅၀၀ ကျပ်

♥ M ♥
© hsulittlediary.blogspot.com. All Rights Reserved.

Saturday, January 11, 2020

"ကျနော်ဟာ ဘာကောင်မှမဟုတ်ခဲ့ဘူး... ဘယ်သူ့ကိုမှ မလိုချင်တော့သလို ၊ ဘယ်သူကမှလည်း မလိုချင်တော့တဲ့ ဗုံတီးနေတဲ့ ဝက်ဝံရုပ်အကျိုးအပဲ့လေးမျှသာ...."


 

'မက္ကဇင်ပါပီ' ကစလို့ 'ထရော်မာများ' တို့ 'ပယ်ရီပယ်ရီချစ်ကန်း' အဲ့သည့်အထိ ဖတ်ဖူးတဲ့သူတွေဆို ပါပီယွန်ရဲ့ အရေးအသား တင်မကဘူး 'အကို' ဆိုတဲ့ ဇာတ်ကောင်နဲ့ ညီမလေး 'နန်းမေမေကြည်' အကြောင်း တစွန်းတစ သိကြမှာပဲ....

ဒီ 'ဇီးကွက်ချောင်းတံတားပေါ်က ဝက်ဝံရုပ်အကျိုးအပဲ့လေး' မှာ ပါပီယွန်က အကိုနဲ့ ညီမလေးရဲ့ အခိုက်အတန့်တွေကို လှစ်ဟထားခဲ့တယ် ။

သူရေးတဲ့အတိုင်းဆို 'ဘွဲ့စာရွက်က သတ်မှတ်ချက်တစ်ခုအတွက် သူကချစ်ပြီး သူ့ကို ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရသူ တစ်ဦး အကြောင်း' တဲ့

တကယ်က ဒီထက်ပိုပါတယ်....

နှစ်ယောက်မှာ တစ်ယောက်ယောက်က စကားတစ်ခွန်းကို စပြောဖို့ လိုအပ်ခဲ့ကြပြီး၊ နှစ်ယောက်လုံး နာကျင်နေသည့်တိုင် လိုအပ်တဲ့ စကားတစ်ခွန်း မပြောခဲ့ကြတဲ့အတွက် ချစ်ရက်နဲ့ ဝေးသွားကြတဲ့ လူနှစ်ဦးရဲ့ အကြောင်းပေါ့ ။

အကိုကပြောတယ် ...

"ကျနော်ဟာ လူတွေတီးတဲ့ လက်ခုတ်သံအတွက် ဂျိုကာမျက်နှာဖုံးတပ်ပြီး ပစ်မှတ်တွေကို စနစ်တကျ လွဲချော်ပစ်ခတ်နေရသူတစ်ဦး ဒီ့အပြင် လွဲချော်နေရမှုတွေအတွက် မျက်နှာဖုံးအောက်မှာ ငိုမဲ့မဲ့မျက်နှာနဲ့ ဝမ်းနည်းနေခဲ့တဲ့ ကောင်" တဲ့ 🙁

ကိုယ်လည်း တစ်ဘဝလုံး ဟန်ဆောင်အားတင်းထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ ဝက်ဝံရုပ်အကျိုးအပဲ့လေးတစ်ကောင်ပါပဲ...

သို့ပေမယ့်လည်း ဒီစာအုပ်ဖတ်နေရင်း အကို ဆိုတဲ့လူကို အပြင်မှာ တွေ့ရင် မေးချင်တာ တစ်ခုတည်း....

လက်ထပ်သွားသည့်တိုင် 'အရာရာအဆင်ပြေရဲ့လား' လို့ အီးမေးလ် ပို့နေသေးတဲ့ညီမလေးရဲ့ စိတ်ကို ခဏ​လေးတောင် ဝင်မကြည့်ခဲ့ဘူးလား လို့......🥺

ပါပီယွန်ရဲ့ 'ဂစ်တာတစ်လုံးအားစွန့်လွှတ်ခြင်း' ထဲက အရေးအသားတစ်ခုကို ဖျက်ခနဲ သတိရမိတော့ မျက်ရည် အဝိုင်းသားဖြစ်ရပြန်တယ် 

"လူ့ဘဝမှာ တခါတလေကျတော့ တစုံတရာကိုပိုင်ရတာ အရသာဖြစ်သလို တစုံတရာကို စွန့်လွှတ်လိုက်ရတာလည်း အရသာဆိုတာ ကိုယ် အသေအချာသိခဲ့တယ်" တဲ့

ညီမလေး နန်းမေမေကြည်ကိုယ်စားပေါ့ 'အကိုက နားလည်ရခက်တဲ့ လူကြီး' လို အော်ပြောပစ်ချင်တာပဲ 😒

ညီမလေး နန်းမေမေကြည်ကရော 'ကိုယ်ဆွဲမှမြဲမယ့်လက်ဆိုရင် ဝေးပါစေတော့' လို့ သဘောထားခဲ့လေသလား ပေါ့ ....ဖတ်ရင်း နဲ့ တောင်တွေး မြောက်တွေးပါပဲ

ဆို့ဆို့နင့်နင့်နဲ့ဖတ်ရတဲ့ စာအုပ်တစ်အုပ်မဟုတ်ပေမယ့်လည်း "ကျနော်ချရေးမိတဲ့ စာသားတွေဟာလည်း ကျနော့်အတွင်းစိတ်ကို လှစ်ဟပြတဲ့ စကားလုံးတွေ ဖြစ်မှာပဲ ...." ဆိုတဲ့ ပါပီယွန်ရဲ့ အသုံးအနှုန်းအတိုင်း​ပေါ့
စီးမျောခံစားလို့ကောင်းတဲ့ စာအုပ်​ကောင်း တစ်အုပ်ပါ .. .။

ကိုယ်တောင် ချောင်းသာမယ် ဂူဂူဂါဂါတွေ ဖြစ်နေတဲ့ကြားက အခန်းအောင်း ဖတ်ရင်း ဖီးလ်ခဲ့တာမို့ ... ကိုယ်တိုင်ပါ ဇီးကွက်ချောင်းတံတားပေါ်က ပြုတ်ကျခဲ့ရသူမို့.... 💔

စာအုပ်အမည် - ဇီးကွက်ချောင်းတံတားပေါ်က ဝက်ဝံရုပ်အကျိုးအပဲ့လေး
စာရေးသူ - ပါပီယွန်
တန်ဖိုး - ၂,၅၀၀ ကျပ်

Sunday, August 12, 2018

ချစ်တဲ့သူသခင်မြင်လာအုန်း မဂ္ဂဇင်းဝတ္ထုရှည်များ - နုနုရည်အင်းဝ




ဆရာမ နုနုရည်အင်းဝရဲ့ စာတွေနဲ့ ကျွန်တော်က ဒီနှစ်ထဲမှာမှ ရင်းနှီးကျွမ်းဝင်လာတာပါ ။ အမှန်တိုင်းဝန်ခံရရင် “ပြုံး၍လည်းကန်တော့ခံတော်မူပါ ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ” ပြီးရင် ဒီ “ချစ်တဲ့သူသခင်မြင်လာအုန်း” ပဲ ဖတ်ဖူးသေး….ဒါပေမယ့် ဒီမဂ္ဂဇင်းဝတ္ထုရှည်တွေက ပိုထိတယ် ပြောရမယ်။ လူသိများတဲ့ စာအုပ်တစ်အုပ်ထက် ပိုသဘောကျတယ်ပြောရတာ နည်းနည်းတော့ ရှင်းပြရခက်သလို  လတ်တလော စိတ်အနေအထားအရ ရှင်းလည်းမရှင်းပြချင်နေဘူး…..။

ဒီစာအုပ်တစ်အုပ်လုံးမှာ ဝတ္ထုရှည် စုစုပေါင်း (၁၈) ပုဒ်ပါဝင်ပြီး ၊ “ရှင်ကွဲ” က ကျွန်တော့်ကို ထိရှနာကျင်စေနိုင်ခဲ့ဆုံးပဲ….။ ခုလတ်တလောမှာ ကျွန်တော်ပင်ပန်းတယ်ဆိုတာ ‘မြလွင်’ ကို ခြေဖျားတောင်မှီပါ့မလား ဒီတော့“မောင်ဖုန်းမြင်စေချင်သည်” ကိုလည်း ချန်ထားခဲ့လို့မရ ….၊ ပြီးတော့ “ဉာဏ်ကြီးမောင်တို့ သားအဖ”ကလည်း ထိထိမိမိရှိလှတယ် ။ “အဟောင်းဈေး”က ကျွန်တော်တို့ မမြင်နိုင်၊မခံစားကြည့်နိုင်တဲ့ ဘဝတွေအကြောင်း ထင်ဟပ်စေခဲ့သလို ၊ ကျွန်တော် မမွေးခင် (၁၉၈၅)ပေဖူးလွှာ မဂ္ဂဇင်းထဲက “ဦးဖိုးကွန့် ၊ မလှညွှန့် ၊ စိုးမိုးကျော်နဲ့ ကျွန်တော်” မှတဆင့် မလူးသာမလွန့်သာလှတဲ့ ဘဝအပိုင်းအစတွေကို အခု (၂၀၁၈)မှာကျွန်တော် မျှဝေခံစားနိုင်ဆဲပါပဲ….။

ဒီစာအုပ်ကို ဝယ်ဖြစ်သွားစေတဲ့ အဓိက အကြောင်းအရင်းက “ရှင်ကွဲ”ဆိုတဲ့ ဝတ္ထုရှည်ကြောင့်လို့ပြောရမှာပါ ။ ‘အဖေ’ နဲ့ ‘အမေ’ ကြားထဲက ချစ်ခြင်းမေတ္တာကို ဘာနဲ့ တိုင်းတာလို့ရသလဲ…။ အဖေ့ကို ကြင်ကြင်နာနာနဲ့ နွားနို့တိုက်နေကြ ‘အမေ’ ၊ အဖေ့ဒူးကို အမြဲနှိပ်ပေးနေတဲ့ ‘အမေ’ ၊ အမေ့ကို မတွေ့တာနဲ့ “ညည်းတို့အမေရော” လို့ မေးတတ်တဲ့ ‘အဖေ’ ၊ ‘အမေ’ က “ထမင်းစားလေ” လို့ပြောကာမှ စားလေ့ရှိတဲ့ ‘အဖေ’ ။
တစ်ဖြည်းဖြည်းနဲ့ အသက်တွေကြီးလာပြီး ‘အမေ’ တစ်ယောက် ‘အဖေ့’ ကို လုံးလုံး မမှတ်မိတော့တဲ့အခါ……အသက်ကိုးဆယ်ကျော် အိပ်ယာထဲမှာ လဲနေပြီဖြစ်တဲ့ အဖေ့ကို အိမ်ကနေ အမြဲထွက်သွားဖို့ ပါးစပ်နဲ့ နှင်ထုတ်ရင်း ၊ ယုယုယယနဲ့ အဖေ့ဒူးတွေနှိပ်ပေးနေဆဲ ဖြစ်တဲ့ ‘အမေ’ နဲ့
“ညည်းအမေ မြင်ရင် အဖေ့ကို နှင်လိမ့်မယ်" ဆိုပြီး အစာလည်းမစား ခြင်ထောင်ထဲက မထွက်တော့တဲ့ ‘အဖေ’……။ သူ့ကို မမှတ်မိတော့တဲ့ အမေ့ကို အမြဲ နာကျင်ငေးမောနေတဲ့ ‘အဖေ’……။
အဖေမဆုံးခင် တစ်ညသားမှာ သူ့ကို နှင်ထုတ်တဲ့ ချစ်မယားကို ကြေကြေကွဲကွဲ မျက်နှာမလွှဲပဲ တစ်ဝကြီး ငေးကြည့်နေခဲ့တယ် ဆိုတဲ့ အရေးအသားတွေ…..၊ အဖေဆုံးတဲ့နေ့မှာ အဖေ့ကို လိုက်ရှာနေတဲ့ အမေအိုတစ်ယောက်ရဲ့ ပုံရိပ်တွေ ၊ “အသက်ရှင်ရက်နဲ့တော့ ငါတို့ကို ခွဲမထားပါနဲ့” ဆိုတဲ့ ဆို့ဆို့နင့်နင့် စကားလုံးတွေ…….။ ပြီးတော့ ကျွန်တော်မလိုချင်တဲ့ ဇာတ်သိမ်းတွေ…..ဆရာမ နုနုရည်အင်းဝဟာ လှလှပပ ထိထိရှရှပုံဖော်သွားခဲ့ပါတယ် ။

မဝယ်ခင် အမြည်းဖတ်တုန်းကလည်း city mart မှာ မျက်ရည်ဝဲ ၊ အိမ်မှာ တကယ်ဖတ်တော့ ဝမ်းနည်းတဲ့ စိတ်ကအပြည့်ပဲ…။ တစ်ခုခု ချရေးချင်လို့ ပြန်ရေးတော့လည်း တကယ် တရှုံ့ရှုံ့နဲ့ရေးရတာ…အမှန်တော့ စာအုပ် Review တွေက မရေးရတာကြာတော့ ရေးရတာ လက်မသွက်တော့ဘူး ။ အဲ့ဒီတော့ ဒါကို စာအုပ်အညွှန်းတစ်ခုထက် ကျွန်တော်ကြိုက်တဲ့ စာအုပ်တစ်အုပ်အကြောင်း ပြောပြတဲ့ပုံ ၊ ပြောပြတဲ့ဟန်ပဲ မြင်စေချင်တယ်။  ကျွန်တော့်အတွက်ကတော့ ကျွန်တော်ထည့်မရေးဖြစ်ခဲ့တဲ့ “ရှင်ကွဲ” ကို ကြွေရတဲ့ အကြောင်းအရင်းတွေ နောက်နှစ်တွေ နောက်နှစ်တွေမှာ မန်မိုရီအနေနဲ့ ပြန်သတိရ ၊ ပြန်ကြည့်ချင်ပါတယ်။
ဒီလောက်ပါပဲ ။

စာရေးသူ - နုနုရည်အင်းဝ
စာအုပ်အမည် - ချစ်တဲ့သူသခင်မြင်လာအုန်း မဂ္ဂဇင်းဝတ္ထုရှည်များ
ထုတ်ဝေသည့်တိုက် - စိတ်ကူးချိုချို
ထုတ်ဝေသည့်ခုနှစ် - (၂၀၁၈) ခုနှစ် ၊ ပထမအကြိမ်
တန်ဖိုး - ၄,၅၀၀ ကျပ်

♥ M ♥


Sunday, February 18, 2018

ကလေးစစ်သား - မိုးသက်ဟန်



ဒီစာအုပ်ကို (၂၀၁၅) ခုနှစ်မှာ အိမ်မက်ကသစ် စာပေ ကနေ ပထမအကြိမ်အနေနဲ့စတင်ထုတ်ဝေခဲ့ပြီးတော့ ၊ ဆရာမိုးသက်ဟန် က အရွယ်မတိုင်သေးပဲ စာသင်ခန်းဝေး ၊ မိဝေး ၊ ဖဝေး နဲ့ သေနတ်ကိုင်နေရတဲ့ကလေးစစ်သားတွေ ၊ ဆင်းရဲနုံချာလွန်းလို့ စာသင်ခန်းကို ကျောခိုင်းပြီး လက်ဖက်ရည်ဆိုင်တွေ ၊ စားသောက်ဆိုင်တွေ နဲ့ ဘီယာဆိုင်တွေမှာ စားပွဲထိုးလုပ်နေရတဲ့ ကလေးငယ်တွေနဲ့ အိမ်ဖော်လုပ်နေရရှာတဲ့ ကလေးငယ်တွေကို ရည်စူးပြီး ဒီစာအုပ်ကို ဘာသာပြန်ဆိုခဲ့ခြင်းဖြစ်ပါတယ် တဲ့ .....။ 
မူရင်းစာရေးသူနာမည်က Mitali Derkin ဖြစ်ပြီးတော့ ၊ မူရင်းစာအုပ်နာမည်က “Bamboo People” ပါ ။ ဒီဝထ္ထုထဲမှာ ကရင်နီ သားအဖနှစ်ယောက် အပြန်အလှန်စကားပြောခန်းပါတယ် ။ အဖေက သားကို သေနတ်ရဲ့ အသုံးဝင်ပုံနဲ့ ဝါးရဲ့အသုံးဝင်ပုံကိုမေးတယ် ။ သားက သေနတ်ဟာ သတ်ဖြတ်တဲ့နေရာမှာပဲ အသုံးဝင်ပြီးတော့ ၊ ဝါးကတော့ ပေါက်စအခြေအနေမှာ မျှစ်အနေနဲ့ စားလို့ရတယ် ၊ ဝါးရင်းတုတ်အနေနဲ့လည်း ရန်သူကိုတိုက်ခိုက်ကာကွယ်လို့ရတယ် ၊ ဝါးကို သုံးပြီး အိမ်ဆောက်လို့ရတယ် ။ မဆုံးနိုင်အောင် အသုံးဝင်တယ်လို့ဖြေခဲ့တယ် ။ ဒီတော့ အဖေက သားကို သေနတ်လို မကျင့်ပဲ ၊ ဝါးလိုကျင့်ပါဆိုပြီး ဆုံးမစကားပြောလိုက်တယ် ။ ဒီရည်ရွယ်ချက်နဲ့ Mitali က Bamboo People လို့ အမည်ပေးလိုက်ဟန်ရှိတယ်လို့ ဆရာမိုးသက်ဟန်က ဆိုထားပါတယ် ။ ဒီစာအုပ်ဟာ နိုင်ငံတကာမှာ စာပေဆုများစွာရရှိထားတဲ့ စာအုပ်တစ်အုပ်ပါ ။ 

ဒီစာအုပ်တစ်အုပ်လုံးရဲ့ အဓိက ဇာတ်ကောင် ကလေးလေးက ချစ်ကိုတဲ့ ၊ သူ့အသက်က (၁၅) နှစ်ပဲရှိသေးတယ် ။  အဖေက သူ့လို ဆရာဝန်တစ်ယောက် ဖြစ်စေချင်ပေမဲ့ ၊ သူက ကျောင်းဆရာဖြစ်ချင်တဲ့ ကလေးလေး ၊ သူ့အမေ နဲ့ ရှေးရိုးဆန်တဲ့ ပတ်ဝန်းကျင်ကတော့ ပညာတော်တဲ့သူဆိုတာ ကြိုးစားလို့ဖြစ်လာတာမဟုတ် ၊ ဘုရားကပေးတဲ့ ပါရမီကြောင့် ဖြစ်တာလို့ ယုံကြည်လက်ခံထားကြတဲ့ ၊ “စာတွေဖတ်ရုံရုံနဲ့ ဆရာဝန် ဖြစ်လာတာမဟုတ်ဘူး” ဆိုတဲ့ ၊ ရှေးရိုးစွဲဗမာ့အသိုင်းအဝန်း ။ သူ့အဖေ ထောင်ကျသွားတဲ့ အချိန်မှာ ၊ သူတို့သားအမိဟာ ပုန်းခိုနေထိုင်ကြရင်းနဲ့ တစထက်တစထက် စားဝတ်နေရေးကြပ်တည်းလာခဲ့တယ် ။ ဒီလိုနဲ့ သတင်းစာမှာ အစိုးရက ကျောင်းဆရာအလုပ်ကိုခေါ်ထားတာတွေ့တော့ သွားလျှောက်ခဲ့ ၊ ဒါပေမဲ့ မထင်မှတ်ပဲ သူဟာ ကလေးစစ်သားအဖြစ်နဲ့ အဓမ္မခေါ်ဆောင်သွားခြင်းခံခဲ့ရတယ် ။

သူတို့ကလေးစစ်သားတွေကို “သားတို့” “ကလေးတို့” ဆိုတဲ့ စကားအစချီပြီး စကားကို ပျားရည်ဆမ်းပြီး နူးနူးညံ့ညံ့ပြောတတ်တဲ့ ဗိုလ်ကြီးက သူ နဲ့ သူ့သူငယ်ချင်း သံချောင်းကို မသေရုံတမယ် နှိပ်စက်ခဲ့တယ် ။ “မင်းတို့ဟာ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ရမယ်” ဆိုတဲ့ ဗိုလ်ကြီးက သူ့ကို ကရင်နီတွေကို သွားတိုက်ခိုင်းတဲ့အချိန်မှာ မျက်မှန်မပါရင် မြင်ရဖို့ အခက်အခဲရှိတဲ့ ကလေးကို သေနတ်မပါ ၊ ဘာမပါနဲ့ မိုင်းရှင်းတပ်သားအနေနဲ့ စတေးခဲ့တယ် ။

တပ်ထဲမှာ ချစ်ကို နဲ့ ခင်ခဲ့တဲ့ သူငယ်ချင်းလေးရဲ့ နာမည်က “သံချောင်း” တဲ့ ။ သံချောင်းက တကယ့် သူငယ်ချင်းကောင်း ပီသတဲ့ သူ ။ 'ချစ်ကို' ကို ရက်စက်တဲ့လောကမှာ အသက်ရှင်နေထိုင်ဖို့ ဖြတ်ထိုးဥာဏ်ရှိစေဖို့ ၊ ဘဝပညာတွေသင်ပေးခဲ့တယ် ။ ချစ်ကို က ကျေးဇူးတင်တဲ့အနေနဲ့ သံချောင်းကို စာရေးတတ် ၊ ဖတ်တတ်အောင် ပြန်သင်ပေးခဲ့တယ် ။ 

နောက်ကလေးဇာတ်ကောင်တစ်ယောက် က “သူရ” တဲ့ ၊ သူက ကယား (သို့မဟုတ်) ကရင်နီ ကလေးလေး ။ သူ့အိမ် နဲ့ သူတို့ရွာကို ဗမာစစ်သားတွေက မီးရှို့ဖျက်စီးသွားတာကြောင့် ၊ မြန်မာ - ထိုင်း နယ်စပ်မှာ ခိုလှုံနေရပြီး ၊ ဗမာစစ်သားတွေကို အရမ်းမုန်းနေတဲ့ သူ ။ သူတင်မက သူတို့မျိုးနွယ်စုတစ်ခုလုံးက ဗမာစစ်သားဆိုရင် အရိုးထဲအသားထဲက မုန်းနေကြတဲ့ သူတွေ ။ မထင်မှတ်ပဲ ကရင်နီလေး “သူရ” က ၊ ဗမာစစ်သားတွေပဲ ထောင်ထားတဲ့ မိုင်းကို ပြန်နင်းမိသွားပြီး ဒဏ်ရာရသွားတဲ့ ၊ ဗမာစစ်သားလေး “ချစ်ကို” ကို ကယ်တင်ပြီး သူတို့ ခိုလှုံရာနေရာကို ခေါ်လာခဲ့တယ် ။ အဲ့ဒီအတွက် သူရဟာ သူချစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးခံရပြီး ၊ သူတို့ လူမျိုးတွေရဲ့ အထင်လွဲမှုတွေကို ခံရရှာတယ် ။

ပြည်တွင်းစစ်ကြီးရဲ့ နောက်ရလဒ်ဆိုးတစ်ခုဟာ ဗမာလူမျိုးနဲ့ တိုင်းရင်းသားလူမျိုးတွေဟာ ရန်သူတွေဖြစ်တယ် ဆိုတဲ့ အသိကို သွတ်သွင်းခံရတာပဲ ၊ နှစ်ဦးနှစ်ဖက်လုံး Brainwash လုပ်ခံရတာပဲ ။ကျွန်တော်ဟာ တိုင်းရင်းသားပေသိ ရန်ကုန်မှာ မွေးသူမို့ ၊ တိုင်းရင်းသားတွေခံစားရတဲ့ ခွဲခြားဖိနှိပ်ခံရတယ်ဆိုတဲ့ ခံစားချက်တွေ သိပ်နားမလည်ခဲ့ဘူး ။ ခုထိလည်း နားလည်ဖို့ခက်နေဆဲဆိုတာ ရှက်ရှက်နဲ့ ဝန်ခံရပါဦးမယ် ။ ဒါပေမဲ့ တိုင်းရင်းသားတွေဟာ တိုင်းရေးပြည်ရေးမငြိမ်မသက်ဖြစ်စေချင်ရုံသပ်သပ် နဲ့ တိုက်ပွဲတွေကို ဆင်နွှဲနေတာမဟုတ်ဘူးဆိုတာတော့ သေချာနေဆဲပါပဲ ။ 

ဆရာမိုးသက်ဟန် ဘာသာပြန်တဲ့ "ကလေးစစ်သား” မှာ 
ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ ဘာတွေခံစားနေရသလဲ ၊ ဗမာလူမျိုးတွေကို သူတို့မြင်တဲ့ အမြင်တွေ ၊ ဗမာ့တပ်မတော်အပေါ်ထားတဲ့ သူတို့ရဲ့သဘောထားတွေ စာနာ ၊ နားလည် ခံစားရနိုင်တယ် ။ လူသားခြင်းစာနာသနားခြင်းဟာ ငြိမ်းချမ်းရေးကို ဖြစ်စေတယ်ဆိုတာ သိမြင်လာစေတယ် ။ ပြီးတော့  တစ်ချိန်တုန်းက အရေအတွက်မြောက်များစွာရှိခဲ့တဲ့ ကလေးစစ်သားတွေရဲ့ ခါးသီးတဲ့ စိတ်ခံစားမှုတွေ ၊ အရွယ်နဲ့မမျှလောက်အောင် အသက်ကိုရင်းပြီး စစ်တိုက်ရတဲ့ အတွေ့အကြုံတွေကို မြင်ယောင်စေတာမို့  ဖတ်ကြည့်ကြပါဦးလို့ တိုက်တွန်းရင်း စာညွှန်းလေးရေးပေးလိုက်ရပါတယ် ။ 








ကျွန်တော်က ပထမဆုံး ဝန်ဇင်းကနေ (၆၀၀)နဲ့ဝယ်ဖတ်ပါတယ် ။ ပြီးတော့ သဘောကျလို့ စာအုပ်ဝယ်သိမ်းချင်တာနဲ့ လှည်းတန်း စာပေလောက ကနေ (၃၅၀၀) နဲ့ ဝယ်လာပါတယ် ။ 









♥ M ♥


Tuesday, January 16, 2018

ချစ်သော ချင်းတို့ဌာနေ - ကန်ပက်လက်-ခေါနူးစုမ်-အေးစခန်း-မင်းတပ် ခရီးစဉ်



ချစ်သော ချင်းတို့ဌာနေ - ကန်ပက်လက်-ခေါနူးစုမ်-အေးစခန်း-မင်းတပ် ခရီးစဉ် 


စသွားတဲ့နေ့တုန်းကတော့ ဒီ ခရီးစဉ်ကို ဒီလောက်ပျော်ဖို့ကောင်းလိမ့်မယ် ၊ အမှတ်တရဖြစ်စရာတွေများလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး ။ အေးစခန်းကနေ မင်းတပ်ဘက်ကို trekking လျှောက်အပြီးမှာ ဒီ article ကို မရည်ရွယ်ပဲရေးဖြစ် ၊ နောင်နှစ်တွေကြာလာတဲ့အခါ ၊ ကျွန်တော် မစွမ်းဆောင်နိုင်တာတွေများလာတဲ့အခါ ၊ အတူခရီးသွားခဲ့တဲ့ သူငယ်ချင်း ၊ မိတ်ဆွေတွေကို သတိရတဲ့အခါ ၊ ကျွန်တော်ကိုယ်တိုင် ပြန်ဖတ်ဖို့ ၊ ပြန်မှတ်မိဖို့ ဒီ ခရီးသွားဆောင်းပါးလေး ရေးပါတယ် ။

ပထမနေ့ (3.1.2017)
-        
     ကျွန်တော်တို့ ရန်ကုန်ကနေ ရန်ကုန် - ပုဂံ Famous Express ည ၈း၃၀ ကားနဲ့ ရန်ကုန်ကနေ ထွက်လာကြတယ် ။ Famous က အတော်အဆင်ပြေတယ် ။ ရိုးရိုးကားဖြစ်ပေမဲ့ အဆာပြေမုန့်ကျွေးတယ် ။ Service က မဆိုးပါဘူး ၊ ကောင်းတယ် လို့ ပြောလို့ရတယ် ။

ဒုတိယနေ့ (4.1.2017)

ပုဂံကို မနက် ၆နာရီမှာရောက်တယ် ။ The backyard Travel က စီစဉ်ပေးထားတဲ့ကား (Hi Ace) ကားနဲ့ ပုဂံကနေ ပခုက္ကူ - ဆော - ကန်ပက်လက် လမ်းအတိုင်း ပုံတောင်ကို ကွေ့ကာပတ်ကာ နဲ့ ကန်ပက်လက်ထိသွားခဲ့ကြတယ် ။ ဒီခရီးစဉ်မှာ ကျွန်တော်တို့ ကံကောင်းတာက ကျွန်တော်တို့ သွားမဲ့ရက်မှာ မိုးလုံးဝ မရွာတော့တာပဲ ။ 

တစ်ခုပဲ ရှေ့ရက်တွေက မိုးတွေရွာထားတော့ ၊ ရွှံ့မြေလမ်းမှာ အတော်သတိထားမောင်းရတယ် ။ လမ်းက အကောင်းကြီးမဟုတ်သလို ၊ အရမ်းအဆိုးကြီးလည်း မဟုတ်နေဘူး ။ ကျွန်တော်တို့က လူက ၁၃ ယောက်ဖြစ်တာရယ် ၊ ကားက ပစ္စည်းတင်တဲ့ ၀က်ခြံမပါတာကြောင့် ၊ လူတွေက နည်းနည်း ကြပ်ကြပ်တည်းတည်း
 တော့ထိုင်လိုက်ရတယ် ။ ကားက အောက်ပိုင်းနိမ့်တာရယ်ကြောင့် ၊ ရွှံ့ထဲမှာ တစ်ချက် နစ်သွားခဲ့သေးတယ် ။ ကိုယ်တွေလည်း အကုန်လန့်သွား ၊ ကံကကောင်းချင်တော့ အဲ့နားမယ် တခြားကားသမားတွေရှိနေတော့ ကျွန်တော်တို့ကားကို ကြိုးနဲ့ဝိုင်းဆွဲပေးကြရှာတယ် ။ နောက် ချင်းပြည်သွားရင် သတိထားစရာကတော့ အောက်ပိုင်းနိမ့်တဲ့ ကားမျိုးရှောင်ဖို့ပဲ ၊ ကျန်တာက အဆင်ပြေပါတယ် ။


 ချောက်တွေဖြတ်ရင် ဘုရားတွေတလိုက် ၊ ကားပေါ်မှာ ဟီးဟီးဟားဟားနဲ့ စလိုက် ၊ နောက်လိုက် ကြနဲ့ ကျွန်တော်တို့တွေ ကန်ပက်လက်ကို နေ့လည် ၃ နာရီကျော်ကျော်လောက်မှ ရောက်ဖြစ်တယ် ။ဒီပုံလေးက ကန်ပက်လက်မရောက်ခင် View Point မှာရိုက်ထားတာ ။


ကန်ပက်လက်မြို့လေးက ပေ ၁၃၇၀ မြင့်တယ်လို မှတ်ဖူးတယ် ၊ သိပ်လှတယ် ၊ မြေနီလမ်းလေးနဲ့ တိမ်တွေ ပေါ်က ရှေးဟောင်းမြို့လေးပေါ့ ။ ရိုးရာမပျက် ခြေတံရှည်အိမ်လေးတွေကို တောင်းခါးပန်းတွေမှာ ဆောက်ထားကြတာ ချစ်ဖို့အရမ်းကောင်းတယ် ။ အိမ်တိုင်း အိမ်တိုင်း မှာ ပြောင်းဖူးလေးတွေ စုချည်ချိတ်ဆွဲထားတယ် ။ ကလေးလေး တွေလည်းအများကြီး ၊ တစ်ယောက်မှလည်း ထူထူထဲထဲ ၀တ်ထားတာမတွေ့ခဲ့ရ ၊ ချင်းလို ‘နင်ဂါနော်’ ‘နေကောင်းလား’ လို့ နှုတ်ဆက်ရင် ပြန်နှုတ်ဆက်တတ်တဲ့ ရိုးသားတဲ့ ချင်းလူမျိုးကလေးတွေ ။

ရာသီဥတုကတော့ နေ၀င်စောရတဲ့အထဲ ၊ တိမ်ခိုးတိမ်ငွေ့တွေကြောင့် ညနေ (၄) နာရီ ခွဲဟာ အတော်မှောင်တယ်ဆိုရမယ် ။
ပြီးတော့ တောင်ဇလပ်ပင်တွေ နဲ့ ချယ်ရီပင်တွေကို အိမ်တွေကြားထဲမှာလည်းတွေ့နိုင်တယ် ။ ချစ်ဖို့ကောင်းပြီး လူယဉ်တဲ့ ချင်းခွေးလေးတွေရောပေါ့ ။


ရောက်တာနဲ့ ကန်ပက်လက်မြို့ပေါ်က
 နှာခေါင်းပလွေလိုခေါ်ကြတဲ့ 
ချင်းအမျိုးသမီးကြီးဆီရောက်ဖြစ်တယ် ။ ချင်းရိုးရာအတိုင်း ပါးရဲထိုးထားပြီး ၊ နှာခေါင်းနဲ့ပလွေမှုတ်ပြလို့ ကမ္ဘာကျော်သွားတဲ့ အမျိုးသမီးကြီးပေါ့ ။ ကန်ပက်လက်မှာ လည်စရာသိပ်မရှိလှဘူး ၊ ဒီချင်းအမျိုးသမီးကြီးဆီပဲ လာစရာရှိတယ်ပြောရမယ် ။ ကျွန်တော့တို့ရှေ့မှာ တစ်ဖွဲ့၊ နောက်မှာ တစ်ဖွဲ့ လာသမျှ ဧည့်သည်တွေကို မညိုမငြင် ဆိုပြ ၊ တီးပြ ၊ ဓာတ်ပုံအရိုက်ခံရနဲ့ တစ်နေ့ တစ်နေ့ သူမောနေတော့မှာပဲ ။ 
သူ့အိမ်လေးဘေးမှာတော့ ချင်း museum အသေးစားလေး ရှိတယ်ပြောရမယ် ။ ချင်းအမျိုးသားကြီးတစ်ဦးက လိုက်ရှင်းပြပေးတယ် ။ အဲ့ဒီမယ် ချင်းအမျိုးသမီးတွေ ပါးရဲထိုးတဲ့အခါသုံးတဲ့ ဆူးချွန်လိုဟာမျိုးတွေ တွေ့နိုင်တယ် ။

ကန်ပက်လက်မှာ ကျွန်တော်တို့နေခဲ့တဲ့ ဟိုတယ်က Pine Wood Villa ၊ ဟိုတယ်တည်ထားတဲ့နေရာလေးက တောင်စောင်းလေးပေါ်မှာ ၊ ရှုခင်းက အတော်လှတယ် ။ မိုးလင်းတော့ ထွက်လာတဲ့ နေနဲ့အတူ တိမ်ပင်လယ်ကြီးပါမြင်ရတယ် ။


တစ်ခုပဲ ချင်းပြည်နယ်မှာက MPT ပဲလိုင်းမိတယ် ၊ အင်တာနက်တော့ သုံးလို့ သိပ်မကောင်းဘူး ။ ကျန်တဲ့ Operator တွေ လုံးလုံး လိုင်းမရ ၊ မီးကလည်း (Pine Wood မှာတော့ ) ညနေ (၆) ကနေ ည (၁၀/၁၁) ရယ် ၊ မနက်ပိုင်းကို (၁ /၂ ) နာရီလောက်ပဲ မီးပေးတယ် ။ ရေပူရေအေးက ရတချက် ၊ မရတချက်ပဲ ။ မီးမရတဲ့ဒေသမို့ ရေပူရေအေးကို ထင်းနဲ့ ရေနွေးကြိုပြီး ပိုက်လိုင်းကတဆင့် ပေးရတာလို့ ဖတ်ဖူးတယ် ။ 
ဒီပုံလေးက Pine Wood Villa ထဲက တောင်ဇလပ်ပင်ကနေကြွေကျနေတဲ့
တောင်ဇလပ်ပွင့်ဖတ်လေး တစ်ဖတ်ကို ယူရိုက်ထားတာ ။ 

မီးကမရတော့ heater လည်းမရှိဘူး ။ ဒါတောင် အနွေးထည်က ၂ထပ် ၊ ဘောင်းဘီ နှစ်ထပ် ၊ ခေါင်းစွပ် နဲ့ ခြေအိတ် ၊ လတ်အိတ် ၀တ်ထားရက်နဲ့တောင် လက်ဖျား ၊ ခြေဖျားတွေ ၊ ထုံကျင်နေအောင် အေးတယ် ။ ကျွန်တော်တို့ရောက်တော့ အအေးဒီဂရီက  8 ̊ C ။ နေ့ရော ၊ ညရော ရှယ်အေးတယ် ။ ညစာကိုတော့ တိုးလ်က စီစဉ်ပေးထားတဲ့အတိုင်း ဟိုတယ်မှာ စားကြတယ် ၊ သူတို့နဲ့ ပြောတုန်းကတော့ set menu နဲ့ ကျွေးမှာတဲ့ ၊ နောက်တော့ လူများလို့ထင်ပ ၊ ဘူဖေးကျွေးတယ် ။ ကိုယ်တွေအကြိုက်ကိုဖြစ်လို့။

တတိယနေ့ (5.1.2017)

ဒီနေ့က ခေါနူးစုမ်ကို တတ်မဲ့နေ့ပေါ့ ၊ ဟိုတယ်ကနေ မနက်စာစား ၊ မနက် ၈း၃၀ လောက် check out လုပ်ပီး ၊ တောင်ခြေဆယ်မိုင်စခန်းထိကားနဲ့တတ်ကြတယ် ။ လမ်းတောက်လျှောက် တောင်တွေကြားမှာ တိမ်ပင်လယ်ကအပြည့်နေရာယူထားတယ် ။ ဆယ်မိုင်စခန်းကနေ မနက် ၉း၃၀ လောက်ကထွက်ပီး ၊ Hiking ဖြေးဖြေးလေးလုပ်သွားတာ ၊ ပင်လယ်မြေမျက်နှာပြင်ရဲ့အထက် ပေ ၁၀၀၁၆ မြင့်တဲ့ ခေါနူးစုမ် တောင်ကို နေ့လည် (၁)နာရီလောက်မှာ ရောက်တယ် ။
 အသွားလမ်းကတော့ အတတ်ကြီးပဲ တစ်လိုင်း ၊ ဂိုက်က ဖြတ်လမ်းကခေါ်သွားလိုက် ၊ ဆိုင်ကယ်လမ်းက လာလိုက်ပဲ ။ 
တချို့မတတ်နိုင်တဲ့သူတွေက ဆိုင်ကယ်နဲ့တတ်ကြတယ် ။ ဆိုင်ကယ်နဲ့ဆို မိနစ် ၂၀ ကျော်ပဲကြာတယ်တဲ့ ။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် လူငယ်တွေကို hike ပဲ လုပ်စေချင်တယ် ။ ရာသီဥတုက တအားအေးတော့ မောလည်းခဏပဲ ၊ တောင်တတ်လာတဲ့ လမ်းတောက်လျှောက်မှာ တောင်ဇလပ်ပန်းတွေရယ် ၊ အဝေးက ချင်းတောင်တန်းတွေကို ငေးကြည့်လိုက်ရုံနဲ့ အမောပြေလွယ်တယ် ။ တိတ်ဆိတ်တဲ့ တောထဲမှာ ထင်းရှုးပင်အနံ့လေး ရှုရှိုက်ရင်း လမ်းလျှောက်ရတာလည်း ပျော်စရာပဲ ။ နေ့လည် ၁၂ နာရီတိတိမှာ တောင်ပေါ်မှာ ရေတွေခဲနေတုန်း ။

 နောက်တခုက ကား နဲ့ ဆိုင်ကယ် စက်သံကြောင့် ၊ ရှားပါးငှက်တွေက ထွက်ပြေးကုန်တယ်တဲ့ ။ ငှက်တွေက မရှိတော့ တော့ wildlife ကြည့်ဖို့လာတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ အရမ်းပါးကုန်ပီ ။ ကျွန်တော် ခေါနူးစုမ်တတ်တဲ့
 တောက်လျှောက်တော့ local တွေကြီးပဲတွေ့ခဲ့တာပဲ ။ 

ပြီးတော့ နေရာတိုင်းမှာ အမှိုက်တွေ ။ စိတ်မကောင်းစရာ ၊ ကျွန်တော်တို့ ဗမာတွေ တွေ့ကရာ အမှိုက်ချတာ အကျင့်ပါလှ ပီ ။ ကျွန်တော်တို့တော့ တတ်တဲ့လမ်းတစ်လျှောက် ပေါင်မုန့်ဘာညာ အဆာပြေစားရင် အိတ်ခွံကို ကိုယ့်ကျောပိုးအိတ်ထဲထည့်ရင်ထည့် ၊ အိပ်မပါရင် ဂိုက်က အမှိုက်အိတ်ကို သူသယ်ပေးတယ် ။ နောက်တစ်ခုက ရေများများမသောက်တာပိုကောင်းတယ် ၊ တောင်ပေါ်မှာ သန့်စင်ခန်း သိပ်အဆင်မပြေဘူး ။

နေ့လည်စာကို ဂိုက်က ထမင်းကြော်ကို တောင်ပေါ်မှာ ဖော့ဘူးနဲ့စီစဉ်ပေးတယ် ။ ပြီးတော့ ခဏနား ။ ပြန်ဆင်းတော့ ၁၂ မိုင်ထိဆင်းကြတယ် ၊  တောထဲဖြတ်လမ်းကဆင်းတာပေါ့  ။ 

လူသွားလမ်းဆိုပေမဲ့ အချို့နေရာတွေမှာ လမ်းကပီပီပြင်ပြင် မရှိလှဘူး ။ အပင်တွေက ကျွန်တော့အရပ်နီးနီးရှိတယ် ။ တချို့နေရာတွေမှာ တောင်ဆင်းလမ်း တအားမတ်တယ် ။ ဂိုက်က အရမ်းသဘောကောင်း ၊ အဆင်းကြောက်တဲ့သူတွေကို တစ်ယောက်ပီး တစ်ယောက်တွဲဆင်းပေးရှာတယ် ။ နေ့လည် (၂) နာရီလောက်က ဆင်းလာတာ ညနေ (၅) လောက်မှ တောင်အောက်ရောက်တယ်။
အဆင်းလမ်း တောက်လျှောက်က ကြောက်ဖို့လည်းကောင်းသလို ၊ ပျော်ဖို့လည်းကောင်းတယ် ။ ဂိုက်အကို ကို မြေပြန့်မရောက်သေးဘူးလားမေးရင် ၊ အမြဲ နောက် (၁၀)မိနစ်ဆိုရောက်ပီဆိုတာကြီးပဲ ။ သူ့ (၁၀) မိနစ်က (၁)နာရီနီးပါးကြာတယ်ဆိုတာ ကိုယ်တွေလည်း အဲ့တော့မှ သိတော့တယ် ။ နောက်တခုက local သွားနေကြလမ်းမဟုတ်တော့ ပလတ်စတ် အမှိုက်လုံးဝမရှိဘူးရယ် ။

အမှန်တော့ ကိုယ်က သီပေါ မှာ hard trekking လျှောက်ဖူးထားတော့ ဒီလောက်ဆို သိပ်မဆိုးပါဘူးပဲတွေးနေတာ ၊ ဒီစာလေးပြန်ရေးပီး သိမ်းဖို့ အစီအစဉ်လည်းမရှိ ။ အဲ့ဒီအတွေးက နောက်နေ့ အေးစခန်းကနေ trekking ပြန်လျှောက်မှ မှားမှန်းသိတော့တာပါပဲ ။ ဒီပုံက နောက်နေ့ Trekking လမ်းကြောင်းက ဘယ်လောက်အခြေဆိုးသလဲ မသိသေးတော့ စိတ်ဓာတ်တွေ အတတ်ကြွလွန်ပြီး ပျော်နေတဲ့ ပုံလေးပါ ။





Monday, November 20, 2017

ကံကော်ဝတ်ရည်စာအုပ်အိမ်


ဒီတခါတော့ ကျွန်တော်သွားနေကြ စာအုပ်ဆိုင်လေးအကြောင်းမိတ်ဆက်ပေးချင်ပါတယ် ။ ရေကျော် က ကံကော်ဝတ်ရည်စာအုပ်အိမ်ပါ ။ တက္ကသိုလ်ဘုန်းနိုင် ပရိတ်သတ်တွေဆိုရင်တော့ အရမ်းကြွေကြမဲ့နေရာလေးပေါ့ ။ ကျွန်တော် သဘောကျတဲ့တချက်ကတော့ လူအလာနည်းပါတယ် ။ (ကျွန်တော်ရောက်တဲ့ ၃ ခေါက်မှာ သိပ်လူများများစားစားမတွေ့ခဲ့သေးပါဘူး။) 


အောက်ထပ်မှာ ကံကော်ဝတ်ရည်စာအုပ်အိမ်ဆိုတဲ့ အတိုင်း ကံကော်ဝတ်ရည် တိုက်ထုတ်စာအုပ်တွေကြီးပဲ ထားပေးပါတယ် ။ အမှန်တိုင်းပြောရရင် အဲ့ဒီတစ်ချက်တော့ ကျွန်တော်သိပ်မကြိုက်ဘူး ။ သူတို့တိုက်က ထုတ်တဲ့ စာအုပ်မှ မဟုတ်ရင် ၀ယ်လို့မရတော့ ၊ ကျွန်တော့လို စာအုပ်မျိုးစုံ ဖတ်ချင်ဝယ်ချင်တဲ့သူကြ  မကိုက်ဘူးရယ် ။ ပြီးတော့ အိမ်နဲ့လည်း အတော်ဝေးလို့ ၂ခါ ၃ခါလောက်သွားပြီးလို့ ၊ သူတို့တိုက်ထုတ် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ရဲ့ စာအုပ်တွေ မရှိတော့ရင် ကိုယ်လည်း သွားဖြစ်တော့မှာ မဟုတ် ၊ တခြားရွေးချယ်စရာ စာအုပ်တွေ ရှိသေးရင် တော့ သွားဖြစ်မှာ အသေအချာရယ် ။




ကံကော်ဝတ်ရည်စာအုပ်အိမ်မှာ စာအုပ်ငှားဖတ်လို့ရတယ် ၊ ကိုယ်ကြိုက်တဲ့ စာအုပ်တစ်အုပ်ကို တစ်ပတ်လောက် ငှားလို့ရတယ်တဲ့။  အပေါ်ထပ်မှာ အေးဆေး လွတ်လွတ်လပ်လပ် အကြာကြီး စာအုပ်ဖတ်လို့ရသေးတယ် အဲ့ဒါကိုတော့ သဘောကျတယ် ။



Thursday, November 9, 2017

ထက်မြက်တဲ့ဓားသွေးပေါ်မှ ချိုမြမြပျားရည်စက် - ညီပုလေး



ထက်မြက်တဲ့ဓားသွေးပေါ်မှ ချိုမြမြပျားရည်စက်- ညီပုလေး 


ဒီစာအုပ်ကို နှစ်ကာလများ စာအုပ်တိုက်ကနေ ထုတ်ဝေပါတယ် ။ စာအုပ်တန်ဖိုးက ၇၀၀၀ ပါ ။
စာအုပ်အဖုံးလေးကို ပွတ်သပ်ကြည့်မိတိုင်း ဘာလို့မှန်းမသိ ၀မ်းနည်းတယ် ။ ဒီနှစ်တွေထဲ ဖတ်သမျှ စာအုပ်တွေထဲမှာ အကြိုက်ဆုံးထဲက အကြိုက်ဆုံးစာအုပ် ။ ဒေါက်တာအောင်ကြီးရဲ့ အမှာစာအတိုင်းပြောရမယ်ဆိုရင် ဆရာဝန်သူရဲကောင်းတစ်ယောက်အကြောင်းရေးထားတဲ့ စာအုပ်ပေါ့ ။ နာဂဦးသိန်းလှိုင်တဲ့ ။ 

ဒီစာအုပ်မှာ ဆရာနာဂဦးသိန်းလှိုင်ရဲ့ ငယ်ငယ် KG ကျောင်းသားဘ၀ကနေ ဟိုး ချင်းပြည်နယ် က နာဂလူမျိုးတွေရှိတဲ့နေရာထိ ဆေးသွားကုပေးတဲ့ ဆရာ့အကြောင်းတွေပါတယ် ။ ပြောရရင်တော့ ဆရာက သထုံက မြို့မျက်နှာဖုံး ရဲ့ သား ၊ တရုတ် သူဌေးသားလို့ပြောရမှာပေါ့ ။ ဆရာ့အဖေက ဆရာတို့ ညီအကိုတွေရဲ့ ပညာရေးဘက်ကို ဦးစားပေးခဲ့တယ် ။ ဆရာတို့ကို ဘယ်လောက်ချမ်းသာတဲ့ မိဘမျိုးရိုးက ဆင်းသက်လာသလဲဆို ဆေးသိပံတတ်တော့ ကိုယ်ပိုင်ကားနဲ့ တတ်နိုင်တဲ့ ပထမဆုံးကျောင်းသားဖြစ်ခဲ့တာသာ ကြည့် ။

ဆရာ့မိဘတွေက ချမ်းသာသလို သား ၊ သမီး ကို ဆိုဆုံးမ တဲ့နေရာမှာလည်း ထိထိမိမိရှိလှတယ် ။ 

“လူ့ဘ၀ဆိုတာ ဆင်းရဲရာကချမ်းသာသွားနိုင်တယ် ၊ ချမ်းသာက ဆင်းရဲသွားနိုင်တယ် ။ ဘာမှအစိုးမရဘူး ။ နံမည်တစ်လုံးကို မရှိရာက ရှိအောင်လုပ်၇တယ် ။ နံမည်တစ်လုံးရှိလာရင်တော့ အဲ့ဒီနံမည်ကို မညှိုးနွမ်းစေရဘူး'' တဲ့ ။ စာ - ၄၀

နာဂဦးသိန်းလှိုင် ဆိုတဲ့ နံမည်တွင်လာတဲ့ အစတွေကို ပြန်ဆွဲထုတ်ရင် ၊ ဆရာ ဆေးကျောင်းသား ဘ၀ မှာ ကျောင်းသား သမဂ္ဂ ဥက္ကဌ လုပ်တဲ့အချိန်က စပြောရမယ် ထင်တယ် ။ ဆေးတက္ကသိုလ်ကနေ ဘွဲ့ရတော့ ဆရာနဲ့အတူ ဆရာဝန် ၁၈၅ ယောက်ရှိတယ် ။ အစိုးရ က လစာအဖြစ် ၂၀၅ ကျပ် ပေးတယ် ။ ဒါပေမဲ့ လူအကုန် မရကြဘူး ။ အဲ့ကနေ သပိတ်ပွဲ ဖြစ်ကြရော ။ 

မတရားတာကို မကြိုက်တဲ့ ၊ မကြောက်တတ်တဲ့ ဆရာက သူလစာရပေမဲ့ သူ့သူငယ်ချင်းတွေ မရတာကြောင့် ၀န်ကြီးချုပ်ဦးနုနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့တယ် ။ ဆရာဝန် ၊ သူနာပြု ၊ အလုပ်သမားတွေပါ ပါဝင်လာတဲ့အထိ သပိတ်ကကြီးသထက်ကြီးလာတာမို့ ဆရာ့ကို အစိုးရအဖွဲ့က ခေါ်ယူတွေ့ဆုံ ၊ အတင်းအဓမ္မ စာရွက်မှာ လတ်မှတ်ထိုးစေပြီး ကွန်မြူနစ်အသွင်ဖန်တီးလို့ ၊ သပိတ်ကြီး ပြီးဆုံးခဲ့တယ် ။ ဆရာဟာ လတ်မှတ်ထိုးလိုက်ရင် သူ့ဘ၀ပျက်မယ် သိသိကြီးနဲ့ထိုးပေးခဲ့တာပဲ ။ “ကျွန်တော့ ဘ၀ ပျက်ချင်လည်း ပျက်ပါစေတော့ ၊ နောင်လာ နောင်သားအတွက် ကျွန်တော့ ဘ၀ စတေး လိုက်ပါမယ်’’ တဲ့ ။ 

နောက်ဆုံး ရလဒ်က သှူုသူငယ်ချင်း အလုပ်သင်ဆရာဝန်တွေ လစာရသွားပြီး ၊ သူကိုယ်တိုင်ကတော့ အလုပ်သင်ဆရာဝန်နောက်ဆုံး ၃ လမှာ ခွဲစိတ်ရုံ ဆင်း ခွင့်ထဲ သူ့နံမည်ပါမလာခဲ့တော့ဘူး ။
ဒီလိုနဲ့ ကံစီမံရာကြောင့် သင်္ဘောဆရာဝန်ဖြစ်သွား ၊ လူနာတွေနဲ့ နေတာများတော့ လက်နဲ့မစမ်းသပ်ပဲတောင် ရောဂါကို သိနိုင်တဲ့ အရည်အချင်းတွေရှိလာတယ် ။ ပင်လယ်ပျော် ဆရာဝန်အဖြစ်နဲ့ မြိတ်မှာ စိတ်ရောလူပါနှစ်ပြီး တာဝန်ထမ်းဆောင်ခဲ့တယ် ။ မြိတ်မှာပဲ အိမ်ထောင်ကျခဲ့တယ် ။  မြိတ်ကနေ မန္တလေးကို ရောက်ပြီး လူနာတစ်ယောက် မှားယွင်းကုသတယ်ဆိုပြီ အပြစ်မရှိ ၊ အပြစ်ရှာခံခဲ့ရတယ် ။ လုပ်သက် ၂ နှစ်ပယ်ဖျက်ပြီး ၊ နှစ်တိုး ၁ နှစ် ရပ်စဲ လို့ ခန္တီး အပို့ခံ ခဲ့ရတယ် ။ 

"ဘယ်သူ့ကိုမှ အရေးယူလို့မရလို့ မင်းကိုအရေးယူတာကွ " စာ- ၁၉၉

“တာဝန်မယူရဲတဲ့သူတွေ တာဝန်ယူထားကြရင် ဒီဆေးရုံကြီး ဘယ်လိုလုပ်ကောင်းပါတော့မလဲ ၊ ကျွန်တော်တို့နိုင်ငံမှာ အဲ့ဒီလို တာဝန်မယူရဲတဲ့ သူတွေ ၊ နားမလည် ပါးမလည်သမားတွေ ဦးဆောင်လို့ ဖွတ်သည်ထက် ညစ် ၊ ဆင်းရဲမွဲတေစုတ်ပြတ်သွားတာလေ''  စာ - ၂၀၀

ခန္တီးကိုရောက်ဖို့ အဲ့ဒီခေတ်က မြစ်ကြီးနားကို အရင်သွားရတယ် ။ အခုခေတ်တောင် ခန္တီးသွားဖို့ လေယာဉ်က နေ့တိုင်းမရှိတာ ၊ ကျွန်တော်တို့ သွားမယ်ဆို မန္တလေးကနေ စီးရမယ်  ။ အဲ့ခေတ် အဲ့အခါက ( ၁၉၆၅ ) က ပိုဆိုးပေါ့ ။ ဆရာခန္တီးရောက်စမှာ မဟာသိပံအတွက် အရည်အချင်း စစ်စာမေးပွဲလာဖြေဆိုတာတောင် မသွားခဲ့တဲ့ အထိ ဒီမြို့လေးအပေါ် သံယောဇဉ်ကြီးခဲ့ပါတယ် ။ 

ခန္တီးမယ် ဘာရှိသလဲမေးရင် ဘာမှမရှိဘူး ၊ ဆရာရောက်စမှာ ဆေးရုံတောင် လူနာ ၆ ယောက်ပဲရှိတာတဲ့ ။ လည်ပင်ကြီး လူနာတွေကိုဆို ခွဲပေးချင်လွန်းလို့ ၊ တစ်နေ့ကို ၃ ကျပ်ပေးပါမယ် ပြောပြီးတောင် ခွဲခဲ့ရသတဲ့ ။
ဒေါက်တာ ပီဆာကားက “ဒါ မောင်သိန်းလှိုင်ကို ဂုဏ်ပြုတဲ့ ထမင်းစားပွဲ စား ငါ့လူ စားတဲ့” စာ - ၂၂၁
တစ်ယောက်ကို ငါးကြော်တစ်တုံး ၊ ချဉ်ပေါင်းဟင်းပျစ်ပျစ် ၊ သခွားသီး နဲ့စားရတယ် ။ ငါးကြော်ရှိသေးလားလှမ်းတောင်းတော့ ၊ ဆရာကတော်က ခပ်ဘွင်းဘွင်းပဲ အဲ့ဒီငါးကြော်တောင် မနေ့လက်ကျန်တဲ့ ၊ ကလေး နှစ်ယောက်အတွက်လည်း ချန်ဦးတဲ့ ။ အစားအသောက်ရှားပါးပုံများပြောပါတယ် ။ ကဲ အဲ့တော့ ဆေးရော အလုံအလောက်ရှိရဲ့လားဆိုတော့ ကျန်းမာရေးဌာနက ပိုတဲ့ ဈေးက ရောက်တစ်လှည့်  ၊ ပျောက်တစ်လှည့် ၊  ဒါဖြင့် ၀န်ထမ်းရောဆိုတော့ (၆) ယောက် ပျော့ပျော့ ရယ် ။ 

ဒီလိုနဲ့ သူ့ဆေးရုံဆီ လူနာအလာကို ထိုင်စောင့်မနေပဲ ၊ လူနာရှိရာ နာဂတောင်တန်းတွေအထိ တတ်သွားခဲ့တဲ့ နာဂဦးသိန်းလှိုင် ။ ဆရာကြီးက နာဂတွေဝတ်သလိုဝတ် ၊ နာဂတွေ စားသလိုစား ၊ နာဂလူမျိုးတွေအတွက် နတ်ဘုရားတစ်ပါးပေါ့ ။  ရွတ်တွတ်တွတ်ဆရာ က အာဏာကိုယစ်မူးသူတွေနဲ့ မတည့်လှပေမဲ့လည်း တိုင်းပြည်အတွက်ဆို သူလုပ်နိုင်သမျှ အားသွန်ခွန်ဆိုက် လုပ်ပေးခဲ့တယ် ။ နယ်စပ်ဟိုးအစွန်အဖျားတွေထိသွားပြီး နာဂလူမျိုးတွေကို ဆေးကုပေးရုံမက ၊ နယ်စပ်ရေးရာကိစ္စတွေကို အစီရင်ခံတာ အစ လုပ်ပေးခဲ့တယ် ။ ပညာရေးဘက်ကိုကြည့်မယ်ဆိုလည်း လဟယ်မြို့နဲ့ ၊ တိုက်ယန်ရွာမှာ မူလတန်းကျောင်းနှစ်ကျောင်း အကောင်ထည်ဖော်ပေးနိုင်ခဲ့တဲ့ ဆရာကြီးပါ ။
လဟယ်မြို့က အရမ်းလှတာတဲ့ ၊ လှပပြီးတိတ်ဆိတ်တဲ့မြို့လေး တဲ့ ။ တောပန်းတောင်ပန်းရောင်စုံလေးတွေလည်းရှိသတဲ့ ။  မသေခင်တော့ တစ်ခေါက်ရောက်ဖူးချင်သား ။

နာဂလူမျိုးတွေမှာ ချစ်စရာဓလေ့တွေရှိသလို ၊ အံ့သြစရာ ယဉ်ကျေးမှုလည်းရှိတယ် ၊ နားလည်ဖို့ ခက်တဲ့ ထုံးတမ်းအစဉ်အလာတွေလည်း ရှိတယ်တဲ့ ။ ဥပမာ - လူတစ်ယောက်သေရင် အိမ်အောက်မှာ ကျွင်းနက်နက်တူး ၊ လှေကားထောင်ထားပြီးဆင်းလို့ရအောင် လုပ်ထားတယ် ။ ပြီးတော့မှ အလောင်းကို ခေါင်းဖော်ပြီး မြှပ်ထားတယ် ။ ဘာလို့လဲဆို သေလူကို ထမင်းကျွေးဖို့တဲ့ ။ အံ့သြစရာ …အခုထိကော ဒီအယူအဆတွေ၇ှိသေးလား မသိဘူး။ 

“ဒေါက်တာသိန်းလှိုင် ၊ ပဲခူးတိုင်း ဖြူးဆေးရုံသို့ပြောင်းရွှေ့ပါ’’ တဲ့ ။ စာ - ၄၉၄ 

ဒီစာပိုဒ်ရောက်တော့ ဖတ်နေတဲ့ ကိုယ်တောင် ဟာခနဲဖြစ်သွားတယ် ။ ဆရာကြီးကတော့ သူတာဝန်ထမ်းဆောင်တာ ၆ နှစ်ကျော် ဖြစ်ပေမဲ့ ဒီဒေသအပေါ်မှာ ထားတဲ့ သံယောဇဉ်ကြိုးက ၆နှစ်ကျော်ထက် မကပါဘူး တဲ့ ။ 

စာမျက်နှာစုစုပေါင်း ၄၉၆ မျက်နှာရှိပါတယ် ။ တစ်နေရာလေးမှ ငြီးငွေ့တယ်လို့ မခံစားရအောင် ဆရာ ညီပုလေးက ရေးဖွဲ့ထားပါတယ် ။ ဆရာညီပုလေးအမှာစာအရ ဆရာကြီးပြောသမျှ အကြောင်းအရာတွေကို အသံသွင်းထားပြီး ပြန်ရေးသားခဲ့တာပါတဲ့ ။ ကျွန်တော်ကတော့ ဖတ်နေတဲ့တောက်လျှောက်မှာ ဆရာညီပုလေးရေးတယ်ဆိုတာ တစ်ချက်တစ်ချက် မေ့ ၊ မေ့သွားလောက်အောင် ၊ ကျွန်တော်ဘေးနားမှာ ဆရာကြီး လာထိုင်ပြီး သူ့ဘ၀ဇာတ်ကြောင်းလာပြောပြနေတယ် ခံစားရတဲ့ အထိ ဒီစာအုပ်ကို သဘောကျတာပါ ။ 

ဝယ်ပြီးဖတ်ကြည့်ဖို့ပဲ တိုက်တွန်းပါရစေ ။ 

Edited: ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ၀ထ္ထုရှည်စုကို ထက်မြက်တဲ့ဓားသွေးပေါ်မှ ချိုမြမြပျားရည်စက် စာအုပ်နဲ့ ဆရာညီပုလေးက ရရှိသွားပါတယ် ။

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

Saturday, July 22, 2017

From the Land of Green Ghosts a Burmese odyssey – Pascal Khoo Thwe (သို့မဟုတ်) အိုဘယ့် အစိမ်းတို့ မြေ - သင့်လူ



From the Land of Green Ghosts  a Burmese odyssey – Pascal Khoo Thwe 


 ဆရာ Pascal Khoo Thwe ရဲ့ နံမည်ကျော် From the Land of Green Ghosts  က ၂၀၀၂ ခုနှစ်မှာ တောင်အာရှ မှာ အကောင်းဆုံးစာပေဆု (KIRIYAMA PACIFIC RIM) ရထားတဲ့ စာအုပ်တစ်အုပ်ပါ ။ ဆရာ Pascal Khoo Thwe ရဲ့ ကိုယ်တိုင်ရေး အထ္ထုပ္ပတိ (သို့မဟုတ်) ကိုယ်တိုင်ရေးမှတ်တမ်းအမျိုးအစား စာအုပ်ကောင်းတစ်အုပ်ပါ  ။ ဒတ်ခ်ျ၊ ပြင်သစ်၊ အင်္ဂလိပ်၊ အီတလီ၊
ထိုင်းဘာသာတို့နဲ့ နိုင်ငံအသီးသီးမှာ ဘာသာပြန်ထုတ် ဝေခဲ့ကြပြီး အကြိမ်ပေါင်း မြောက်မြားစွာ ပြန်လည်ထုတ်ဝေရတဲ့အထိ ကမ္ဘာကျော်ခဲ့တဲ့ ခုထိလည်း လူကြိုက်များနေဆဲ ဖြစ်တဲ့ စာအုပ်တစ်အုပ်ပေါ့ ။

Photo Ref : Google 

၂၀၁၄ ခုနှစ်မှာ From the Land of Green Ghosts ဆိုတဲ့စာအုပ်ကို ဆရာ သင့်လူက အိုဘယ့် အစိမ်းတို့ မြေ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဘာသာပြန်ဆိုခဲ့ပြီး ငါတို့စာပေက ပထမအကြိမ်အနေနဲ့ ဖြန့်ဝေခဲ့ပါတယ် ။ တန်ဖိုးက ၃၅၀၀ ကျပ်ပါ ။ 

စာအုပ်ရဲ့နောက်ကျောဖုံးမှာ လူရွှင်တော် ဦးဇာဂနာ ရဲ့ မှတ်ချက်လေးကိုလည်းတွေ့နိုင်ပါတယ် ။ 


ကျွန်တော့အနေနဲ့ ကမ္ဘာ့အဆင့်မှီ ရုပ်ရှင်ရိုက်ဖြစ်မယ်ဆိုရင် ကယန်းတိုင်းရင်းသား ပါစကယ်ခူးသွယ်ရဲ့စာအုပ်ကို ရိုက်ချင်တယ် ။ တိုင်းရင်းသားတစ်ယောက် ရဲ့ အင်္ဂလိပ်လိုရေးတဲ့ လက်ရာ ၊ ပဒေါင်အဖွား ရဲ့ ပုံပြင် နဲ့ ကြီးလာခဲ့တဲ့ တော်လှန်ရေးကျောင်းသားကြီး ။ ဒီစာအုပ်ဖတ်ပြီး အလေးပြုလိုက်ရပါတယ် ။ ရဲဘြော်ကီး ။ 


ဒီစာအုပ်မှာ ပထမပိုင်း ၊ ဒုတိယ ပိုင်း ၊ တတိယပိုင်းဆိုပြီး အပိုင်း ၃ ပိုင်းခွဲထားတာ တွေ့နိုင်ပါတယ်။ ပထမပိုင်း ကို တော့ ဆရာက မျိုးနွယ်စုကဗျာ လို့ ခေါင်းစဉ်ပေးခဲ့ပြီး ကယားပြည်နယ် ဖယ်ခုံဒေသ ရဲ့ အလှအပတွေ နဲ့ ပဒေါင် (ကယန်း) လူမျိုးတစ်ယောက်ရဲ့ ငယ်ဘဝ ဖြတ်သန်းပုံတွေ ၊ တိုင်းရင်းသားတွေရဲ့ အတွေးအခေါ် မတူကွဲပြားပုံတွေ ၊ ထူးခြားတဲ့ ကိုးကွယ် ယုံကြည်မှုတွေ နဲ့ ဓလေ့ထုံးစံတွေကို ကို မျက်စိထဲမြင်လာတဲ့ အထိ လှလှပပ ရေးဖွဲ့ထားပါတယ် ။ 

သူတို့ ပဒေါင် (ကယန်း) လူမျိုးတွေက ကလေးငယ်တွေကို မိခင်နို့ရည်အစား ခေါင်ရည်တိုက်ကျွေးပြီးတော့ နို့ဖြတ်လေ့ရှိကြသတဲ့ ။ သူ့အဘွားပြောပြတဲ့ ဒဏ္ဍာရီပုံပြင်တွေအရ ပဒေါင်လူမျိုးတွေဟာ အခြားလူမျိုးနဲ့ မတူပဲ ဇော်ဂျီ နဲ့ နဂါးမ က နေ ဆင်းသက်လာတဲ့ လူမျိုးတွေ ဖြစ်တယ် ဆိုပဲ  ။ ကရင်ပြည်နယ် မှာ ဖားစည်ရှိသလို ကယားပြည်နယ် မှာ အထူးသဖြင့် ပဒေါင်လူမျိုးတွေ ကလည်း ဖားစည် ကို ဘာလို့ တန်ဖိုးကြီးတဲ့ အထိမ်းအမှတ် ပစ္စည်းလို့ ဂုဏ်ယူကြရသလဲဆိုတာတွေ ရေးဖွဲ့ထားတယ် ။ ခင်မင်ရင်းနှီးမှု အထိမ်းအမှတ် နဲ့ ငွေဓားပို့ပေးတယ် ဆိုတာတွေ ၊ ကြက်ခြေထောက်ရိုးကနေ မင်္ဂလာနမိတ် သတ်မှတ်ပေးတဲ့ အကြောင်းတွေ ၊ ပြီးတော့ သူတို့လူမျိုးတွေက နာနာဘာဝ နဲ့ ၀ိညာဉ်တွေကို အခြေတည်ထားတဲ့ ယဉ်ကျေးမှုဆိုတာမျိုး တွေလည်း ဒီစာအုပ်ထဲမှာ ဖတ်ရ မှတ်ရတယ် ။ 

သူ့အမေက ပဒေါင်စကားလုံးဝမပြောတဲ့ ဂေဘားမျိုးနွယ်စု ထဲကပေါ့ ။ သူ့အမေကို လက်ထပ်ပြီး ဖယ်ခုံကို ခေါ်လာတော့ သြဇာအာဏာကြီးလွန်းတဲ့ သူတို့ အဘိုးက သူ့အဖေကို ‘ကွယ်…..အိမ်အတွက် လယ်အတွက် အသုံးကျတဲ့ဟာမမျိုးပဲ ယူစေချင်တာကို မင်းကငရုတ်သီးတောင် ညက်အောင် မထောင်းတက်တဲ့ ပညာတက်မကို အိမ်ပင့်လာတယ် ၊ အဲဒီပညာတွေက မင်းပုခံထဲ ထမင်း ထည့်ပေးမယ်လို့များ ထင်နေရော့သလား ငါ့သားရယ်’ လို့ပြောခဲ့တယ် ။ အစိုးရ ရဲ့ ပညာရေးဟာ သူတို့ လူမျိုးတွေရဲ့ ဓလေ့ ၊ ထုံးတမ်းစဉ်လာတွေကို ဖယ်ခွာစေပြီး ကျွန်စိတ်ကို သွင်းစေတယ်လို့ သူ့အဘိုးက သံသယ ရှိခဲ့တယ်ဆိုတာ ဖော်ပြထားခဲ့တယ် ။ 

ဒါကို ဖတ်ရတော့ ကျွန်တော့ တနှစ်က လွိုင်ကော် ရောက်တုန်းက အကြောင်းလေး သတိရမိတယ် ။ လွိုင်ကော်မှာ ပန်ပက်ဆိုတဲ့ ရွာ ရှိတယ် ။ ပြောရရင် ကယန်းရွာပေါ့ ။ အမှန်တော့ ဟိုဖက်က NGO အဖွဲ့အစည်းတစ်ခု ရယ် Local company တခု က နေ Tourist Site တခုအနေနဲ့ CBT လုပ်နေတဲ့ ၇ွာကလေးပေါ့ ။ ခြုံ ပြောရရင် သူတို့ကယန်းလူမျိုးခေါင်းဆောင် ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် နဲ့ စကားပြောဖြစ်တော့ အဖွဲ့အစည်း နဲ့ သူတို့ လူမျိုးတွေကြားမှာ Internal conflict ရှိတာမျိုး သတိထားမိတယ် ။ ဟိုဘက်ကလည်း သူ့အကြောင်းနဲ့ သူ တပိုင်းစီပေါ့ ၊ ကျွန်တော်ကိုယ်တိုင်က တိုင်းရင်းသား ပေသိ ရန်ကုန်မှာ မွေးသူမို့  လူနည်းစု တိုင်းရင်းသားတွေရဲ့ စိတ်ကို တိတိပပ မခံစားတတ်ခဲ့ဘူးလား ပဲ  ၊ အဲ့တုန်းကတော့ တိုင်းရင်းသားတွေက သူတို့လူမျိုးအပေါ်မယ် မျိုးချစ်စိတ် အတော်ပိုတယ်လို့ ဖြည့်တွေးခဲ့တယ် ဒီလောက်ပဲ ။ ဒီစာအုပ် ဖတ်မှ ပိုသိလာရတာက သူတို့လူမျိုးတွေက သူတို့ပိုင်နက်မှာပဲ သူတို့ပုံစံ ၊ သူတို့ယဉ်ကျေးမှုနဲ့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတယ်ဆိုတာမျိုး ပိုခံစားမိလာတယ် ။  

`…ပဒေါင့်ဘ၀ ပဒေါင့်ကမ္ဘာလေးထဲကို ဘယ်သူစိမ်း မှ ထိုးဖောက် ၀င်ရောက်စိမ့်သောငှုာ မစွမ်းသာပေဘူးလို့ အထင်ရောက်ခဲ့ကြတာပေါ့”  စာ - ၆၅ 

အယူတိမ်းတဲ့ အစိမ်းမြေ သို့တဲ့ ခေါင်းစဉ်ခွဲလေး က သူ တောင်ကြီး မှာ ၄ နှစ်ကြာ ကျမ်းစာ သင်ပြီးတဲ့ နောက် မန္တလာမြေကို သွားရမယ်ဆိုတာ သိတဲ့ အချိန်ကို ရေးထားတာက ……

‘….အတိတ်က အပြစ်ကင်းစင်တဲ့ တောင်ပေါ်သား မျိုးနွယ်စုဝင် ကလေးဘ၀ကို ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး ။ တက္ကသိုလ် နဲ့ မန္တလေးဆိုတဲ့ တခြား ကမ္ဘာတစ်ခုကို ရောက်ရဦးတော့မယ် ။ မျိုးနွယ်စုအတွင်း နေထိုင်ခြင်းဆိုတဲ့ ကလေးဘ၀တုန်းက မျှော်မှန်းခဲ့တဲ့ လောကနိဗာန် ဘုံဘ၀ကနေ ခွာရတော့မယ် ။ တွေးကြည့်တာနဲ့တင် နှလုံးသား ဟာ ဆတ်ဆတ်ခါ လာတယ် ။ ပဒေါင်လို မျိုျးနွယ်စုတွေ အဖို့ မြန်မာပြည်မဟာ တခြားကမ္ဘာပါပဲ ။ မိစ္ဆာတွေ ၊ နာနာဘာဝတွေ ၊ အစိမ်းသရဲတွေနဲ့ပြည့်နှက်နေတဲ့ ကြောက်မက်ဖွယ်ရာ ကမ္ဘာပေါ့…..’ စာ - ၁၅၃

ကိုယ်ဟာ အဲ့စာကြောင်းလေး နဲ့ တင် စိတ်လည်းမကောင်း ၊ အားလည်းနာ ဖြစ်ရပါတယ် ။
ဒုတိယပိုင်း ကိုတော့ ၊ ၁၉၈၄ ဒီဇင်ဘာ လ သူ မန္တလေးကို ရောက်တဲ့အချိန် နဲ့ အစပြုထားတယ် ။ စာအုပ်တစ်အုပ်လုံးမှာ ဇာတ်ရှိန်အမြင့်ဆုံးနဲ့ စာအုပ်ကို လက်က မချ ခြင်အောင် ဆွဲဆောင် သွား နိုင်ဆုံး အပိုင်းပဲ ။ ဒီအပိုင်းမှာတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ နဲ့ အဲ့ဒီခေတ်ရဲ့ ပညာရေး အခြေအနေ နဲ့  အရေးခင်းတုန်းက ကျောင်းသားတွေရဲ့ ဘ၀တွေကို ပေါ်လွင်အောင် ရေးထားပါတယ် ။ 

‘…….ကမ္ဘာဟာ ကျောင်းမှာ လုံးပြီး အိမ်မှာပြားတယ် ဆိုတာ မြန်မာပြည်မှာ ဘယ်လိုနေထိုင် ကျင့်သုံးရမယ်ဆိုတာ မင်းအဘိုးက မင်းကိုပြောပြလိုက်တာပဲ ။ မင်းပညာသင်ချင်တယ်မဟုတ်လား ။ ဒါဆို သင်ခန်းစာတွေကို အလွတ်ကျက် ၊ နှုတ်တိုက် ၊ အာဂုံဆောင် ၊ စာမေးပွဲဖြေ ၊ အောင် ၊ ဒါပဲကွ ဘယ်တော့မှ အထွန့်မတတ်နဲ့ စောဒက မတတ်နဲ့ ၊ တကယ့် အစစ်အမှန်လောကဟာ အလုံးစုံပျက်ဆီးနေတယ်ဆိုတာ လူတိုင်းသိတယ် ။ ဒါပေမဲ့ သူတို့မှာ သေနတ်ရှိတယ် လူကလေးရ ၊ ဒါကြောင့် ငြိမ်ငြိမ်နေ ၊ ပြန်မပြောနဲ့ ၊ ခေါင်းမပြူနဲ့ ၊ လက်မထုတ် နဲ့ ၊ မျက်မွေးထော်လို့ မော်တောင်မကြည့်လေနဲ့ ငါ့လူရေ …’  စာ - ၁၇၅
 
နောက် ဘာသာလည်း မတူ ၊ လူမျိုးလည်း မတူ ၊ ခံယူချက် ယုံကြည်ချက် တွေ ကလည်း မတူ ၊ ခေါင်ရည်လည်း မဖောက်တတ် ၊ အိမ်တွင်းမှုလည်း စိတ်မ၀င်စား တဲ့ မိုး  ဆိုတဲ့ အမျိုးသမီးလေးနဲ့ ချစ်ကြိုက်ခဲ့တယ် ။ ပြီးတော့ နိုင်ငံရေးအရှုပ် အထွေးတွေကြား မှာ မိုး နဲ့ အတူ ပါဝင်ခဲ့ပြီး၊ သူ့ချစ်သူ မိုး တောထဲမှာ သေဆုံးသွားတဲ့ နောက်ပိုင်းမှာ ဖယ်ခုံကိုပြန် ၊ ဒေသခံ အစိုးရ နဲ့ အဆင်မပြေဖြစ်တော့ ပညာတစ်ပိုင်းတစနဲ့ပဲ တောခိုတိုက်ပွဲ ၀င်ခဲ့ပါတယ်။ 

တတိယပိုင်း ဖြစ်တဲ့ ကယ်တင်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက် မှာ သူတောထဲရောက်တုန်း သတင်းထောက်တစ်ယောက်နဲ့တွေ့ ၊ အဲ့ဒီ သတင်းထောက်ကနေတဆင့် မန္တလေးမှာတုန်းက ဆုံခဲ့ဖူးတဲ့ Cambridge တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သူ Dr. John Casey ဆီ  ဖြစ်ကြောင်းကုန်စင် စာရေးပြီးပြော ၊ ဒေါက်တာ ကေစီ က လာတွေ့မယ်ဆိုပြီး ချိန်းတော့ ထိုင်း မယ်ယောင်ဆောင် မှာ ၊ သူတို့ တွေ့ မှ တွေ့ပါ့မလားလို့ ကိုယ့်မှာ ရင်တထိတ်ထိတ် နဲ့ အဲ့အပိုင်းတွေ ကို ဖတ်ခဲ့ရတာ မှတ်မိသေးတယ် ။ တိုတိုပြောရရင် သူနဲ့ ဒေါက်တာ ကေစီ လွဲချင်တိုင်းလွဲပြီး မှ မျှော်လင့်ချက်မဲ့နေပြီဖြစ်တဲ့ အဲ့ညနေမှာ ကံတရားကြောင့် ဆုံခွင့်ရ ၊  ဒီလိုနဲ့ ဘန်ကောက်ကနေ တဆင့် အင်္ဂလန် ကိုရောက်ခဲ့ပါတယ်။
နောက် အခံစားရဆုံးအပိုင်းက တိုက်ပွဲတွေမှာ ဒါဏ်ရာရရင် ထိုင်းက အခမဲ့ မယ်ယောင်ဆောင် ဆေးရုံမှာ တော်လှန်ရေး စစ်သားက အစ၊ တပ်မတော် စစ်သားရော၊ ဘိန်းဘုရင် တွေ အဆုံး တူတူသွားတတ်ကြ၊ ဆေးရုံမှာ စကားတွေပြော၊ သူငယ်ချင်းတွေ ဘာတွေ ဖြစ်လို့ပေါ့ ၊ တခါတလေ တစ်ခန်းတည်းတောင် နေကြရသေးတယ်တဲ့ ။ဟော  ဆေးရုံကဆင်းတော့ ယောက်ဖရေ ပြန်ပြီ နှုတ်ဆက် ၊ ကိုယ့်တပ် ကိုယ် ပြန်ရောက်ရင် သေသေကြေကြေ ဆော်ကြပစ်ကြဆိုတဲ့ စာပိုဒ်ကို ဖတ်ရတော့ ရင်ထဲမှာ တစ်မျိုးကြီးရယ် ။ စိတ်လည်းမကောင်း ၊ ကိုယ်လည်း ဘာမှ မတတ်နိုင် ။ 

မြန်မာပြည်ဆိုတာ ဘယ်နားကမှန်းမသိတဲ့ ၊ မြန်မာပြည်ထဲက တိုင်းရင်းသား မျိုးနွယ်စုဝင်လို့ သိရပြန်တော့လည်း လူသားများစားသလား ဆိုတဲ့ အကြည့်တွေ နဲ့ ကြည့်ကြတဲ့ Cambridge က ကျောင်းသားတွေကြားမှာ ယုံကြည်ချက်တွေ ပျောက်ဆုံးနေတဲ့ ကျောင်းသား တစ်ယောက်ကို မြင်ယောင် ကိုယ်ချင်းစားမိပါတယ် ။ စာမေးပွဲဖြေခါနီး မှ မြန်မာပြည်က သူ့သူငယ်ချင်းတွေ ရဲဘော်ရဲဘက်တွေ ကျဆုံးတဲ့ သတင်းတွေ ရတော့ ကြေကွဲဝမ်းနည်းမှုတွေ နဲ့ စာမေးပွဲဆက်မဖြေချင်တော့ဘူးလို့ ဂျွန့်ကို ပြောတဲ့ အခါ ဂျွန် က ဒီလိုနာကျင်ခံစားရလေ ၊ အောင်မြင်မှုကို အရယူဖို့ လိုလေပါပဲ တဲ့ ။ သူ့ အပေါ်မှာ ဒေါက်တာ ဂျွန်ကေစီ ထားတဲ့ စေတနာကို သူ့စာတွေက တဆင့်ခံစားရပြန်တော့ ကျေးဇူးတင်စိတ်နဲ့ မျက်ရည်ဝဲမိတယ် ။  

ကိုယ်ပိုင် အက်ဆေးတစ်ပုဒ်ရဖို့အရေး ပဒေါင် လို ပထမ ၊ ဗမာ လို ဒုတိယ ၊ အင်္ဂလိပ်လို တတိယ တွေးရ ၊ရေးရ ခဲ့အပြီး Gonville and Caius College (Cambridge ရဲ့ college အသေး) ကနေ အင်္ဂလိပ်စာမေဂျာနဲ့ ၁၉၉၅ မှာ ဘွဲ့ရခဲ့ပါတယ်။  မြန်မာပြည် ဟိုးအစွန်နား ဖယ်ခုံဆိုတဲ မြို့နယ်လေးထဲက အဘွားပြောတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေ နဲ့ ကြီးပြင်ခဲ့ရတဲ့ လူနည်းစု လူမျိုးကလေး ကလေးတစ်ယောက် ဖြစ်တဲ့ အပြင် Cambridge က ဘွဲ့ ကို ယူခဲ့တဲ့ ပထမဆုံး ပဒေါင်လူမျိုးတစ်ယောက်ဖြစ်တဲ့ သူ့ အတွက် ဂုဏ်လည်း ယူ ၊ အားလည်း ကျမိ စိတ်တွေက ရောရောထွေးထွေးပါပဲ ။ 

ဟိုအကြောင်းလေးဖတ်တော့လည်း ရင်ကိုထိ ၊ ဒီအပိုဒ်ကလေးကလည်း စိတ်ဝင်စရာကောင်းနေပြန်လို့  ပြန်ပြောပြချင်နဲ့ ဖြစ်နေလို့ ၊ ကျွန်တော်ကြိုးစားပြီး ခြုံရေးနေတဲ့ကြားက စာက အတော်ရှည်သွားပါတယ် ။
ကိုယ် အများကြီး မပြောလည်း ဒီစာအုပ်ဟာ စာအုပ်ကောင်းတစ်အုပ်ဆိုတာ သိပြီးသားဖြစ်ကြမှာပါ ။ ၀ယ်ပြီး သိမ်းထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်လို့ ညွှန်းဆိုလိုက်ရပါတယ်။ 

P.S ဒီစာအုပ်ထဲမှာ ပဒေါင်လူမျိုး လို့ သုံးနှုန်းထားတာကိုတွေ့ရပါတယ် ။ ကျွန်တော် ကယန်းရွာဘက်ရောက်တုန်းက သူတို့လူမျိုးတွေကို ပဒေါင်လို့ သုံးနှုန်းတာ မကြိုက်ဘူးဆိုတာ မှတ်သားဖူးပါတယ် ။ မူရင်းစာရေးသူရဲ့ အရေးအသားကို မပြင်လို၍ ကျွန်တော်လည်း ပဒေါင်လို့ သုံးနှုန်းပါတယ် ။ အမှား တစ်စုံတရာ ရှိခဲ့ရင် ကျွန်တော့် အမှားသာ ဖြစ်ပါတယ် ။

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.