Saturday, December 31, 2016

၂၀၁၇ မှာ ပထမဆုံးရေးတဲ့စာ

လက်တစ်ဖက် လို့ ပြောတဲ့အခါ လက်ဖမိုးဘက်က လူက လက်ဖမိုးလို့ တီးတိုးပြောလိမ့်မယ် ၊
လက်ဝါးဘက်က လူ က လက်ဖဝါးလို့ အော်ဟစ်နေချိန်မှာပေါ့ ။ တဖက်သတ် မှန်တယ်ထင်တဲ့ ကိုယ့်အပြုအမှုတွေကြောင့် သူစိမ်းသူတွေ ထိခိုက်ရလည်း လိပ်ပြာလုံနိုင်တယ် ဆို ဆက်လက်တည်တံ့ နိုင်ကြပါစေ ။ ၂၀၁၆ ကနေ ၂၀၁၇ ကို ကူးပြောင်းတဲ့ စက္ကန့်ပိုင်းလေးက ကိုယ့်ခေါင်းထဲကထုတ်ဖို့ကြိုးစားနေတဲ့ လူတွေအကြောင်း သတိပေးနိုင်ခဲ့တယ် ။ ကျေးဇူးတင်ရပါတယ် ။ ၂၀၁၇ က ကိုယ်ပေါင်း စိတ်ခွာတွေ များမဲ့ နှစ်တစ်နှစ်ပါပဲ ။ 

 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

ပြည့်စုံဝင်း Collection



·          


     တချို့အရာတွေ ဆုံးရှုံးသွားရပုံက သိပ်အံသြဖို့ကောင်းတယ် ၊ မင်းနေရာမှာ မင်းနဲ့ ပြန်အစားထိုးရင်တောင် ပြန်မရတော့မဲ့ အရာမျိုးတွေရှိတယ် ။

·         ကျွန်မတစ်ယောက်တည်းကို မချစ်ရင်
ကျွန်မ ဘယ်လောက်ချစ်ချစ် လွှတ်ချခဲ့လိုက်မှာ…။

·         ငါမရှိလည်းအဆင်ပြေမှာပါ ၊ အဆင်မပြေဘူးဆိုရင်တောင်
အကြောင်းအရင်းက ငါမရှိလို့ မဟုတ်မှန်း သဘောပေါက်ထားပြီးသားပဲ…။
ဘာပဲဖြစ်ဖြစ်ပေါ့ …ပြေပါစေ ။

·         ဘယ်သူကိုမှ မလိုအပ်ဘူးပြောတဲ့ အချိန်တွေမှ ဘယ်သူမှ ရှိမနေခဲ့တာ အတွက် ရှက်ရပါတယ် ။

·         ဘ၀မှာ ဒီထက်မက ဆိုးတာတွေကြုံလာရင် ဒီထက်မကဆိုးတဲ့နည်းနဲ့ ငြိမ်သက်ဥပက္ခာပြုဖို့လည်း တတ်ကျွမ်းလာပြန်ရော….။

·         လူတစ်ယောက် မျှော်လင့်ချက်ကျကွဲတယ်ဆိုတာ ဖန်ခွက်ကျကွဲသလိုတော့ အသံဘယ်မြည်မလဲ ၊ အထိအရှ ပိုများတာတော့ ယုံထားစေချင်တယ် ။

·         နာကျင်ရတယ်ဆိုတာ ဘယ်လိုမျိုးလဲသိလား ။
မိုးက ခပ်ဖွဲဖွဲပါကွာပြောပြီး တိတ်တိတ်လေး ပြာခိုက်တုန်ရီနေရတာ ။

·         ရွေးတဲ့လမ်း မှန်ကန်တယ်လို့ ယုံကြည်လာတဲ့အခါ နာကျင်ရတာ သက်တောင့်သက်တာရှိပါတယ် ။ ဒီလောက်ပါပဲ….။

·         အေးချမ်းနေစေဖို့ ဆုတောင်းပေးတယ် ။
စိတ်အနှောင့်ဖြစ်စရာတွေထဲ ကိုယ်ပါနေတယ်ဆို
ကိုယ့်ကိုကိုယ် သိမ်းဖျောက်ပစ်လိုက်ဖို့လည်း ၀န်လေးနေမှာ မဟုတ် ။

·         ကိုယ်ဘာမှ မပြောဖြစ်တော့တဲ့ မနက် နဲ့ ညဘက်တွေဟာ
စိတ်အေးလက်အေး ရှိစေဖို့ တိုးတိတ်ဆုတောင်းပေးတဲ့ကာလတွေ ဖြစ်တယ် …။
ခွင့်လွှတ်ပါလေ…
စိတ်နိုင်သွားတဲ့တစ်နေ့ ကိုယ်ချောင်းကြည့်ပေါက်လေးကိုပါ ကိုယ် ပိတ်လိုက်ပါ့မယ် .

·        ထားရှိ ထွက်ခွာခဲ့ခြင်းတွေအတွက် နောင်တမရဘူး
နီးကပ်ဖို့ကြိုးစားခဲ့ခြင်းတွေ အတွက် နောင်တရတယ် ။

·         ငါ မင်းကိုချစ်တာ မင်းသိထားတာထက်ပိုပါတယ် ။ 



      ♥ M ♥
© hsudiary.blogspot.com. All Rights Reserved. 

ပျော်ရွှင်စန္ဒရား - ပြည့်စုံဝင်း





ဒီနေ့တော့ ပြည့်စုံဝင်းရဲ့ - ပျော်ရွှင်စန္ဒရား ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။
ဒီစာအုပ်ထဲမှာ အပိုင်း (၆) ပိုင်း ခွဲထားပြီး ကဗျာ ၊ စကားပြေ ပုံစံအမျိုးမျိုးကို ခံစားနိုင်ပါတယ်။ ပျော်ရွှင်စန္ဒရား က စစထွက်ခြင်းမှာပဲ အင်းဝစာအုပ်တိုက်ရဲ့ အရောင်းရဆုံး စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ် ။ ကျွန်တော်တောင် ပန်းဆိုးတန်းက စာအုပ်ဆိုင်တွေ တောက်လျှောက် ရှာတာမရပဲ လှည်းတန်း က အင်းဝ စာအုပ်ဆိုင်ကမှ ရလာတာပါ ။

အမ ပြည့်စုံဝင်းရဲ့ စကားလုံးတွေကို ကျွန်တော်ကတော့ Facebook ကတဆင့် စရင်းနှီးပါတယ် ။ ပြီးတော့ ရင်ထဲမှာ သိသိသာသာနေရာယူလာတဲ့ ကဗျာလေးတွေ ၊ သူသုံးစွဲတဲ့ စကားလုံးလေးတွေ စီးဆင်းမှုက သူပြောသလိုပဲ အေးမြတာမို့ ကဗျာကြိုက်သူတွေရော ၊ မကြိုက်သေးတဲ့သူတွေရော ဖတ်ကြည့်စေရုံသပ်သပ် မျှဝေပါတယ် ။ 

ကျွန်တော့ Blog ရဲ့ Favorite Categories တွေထဲမှာလည်း သူ့ ကဗျာတွေ ၊ စာတွေ စုသိမ်းထားတာရှိပါတယ်။ မြည်းကြည့်ပြီးရင်တော့ ၀ယ်သိမ်းထားဖို့ မျှော်လင့်ပါတယ်ဗျာ ။ 

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

ရယ်မောခြင်းပေါင်းချုပ် - မင်းလူ


ဒီစာအုပ်ကိုတော့ သိပ်ညွှန်းပေးစရာမလိုဘူးထင်၊ ကျွန်တော်တို့ ငယ်ငယ်က သိပ်ကြိုက်ခဲ့ရတဲ့ ဆရာမင်းလူရဲ့ နံမည်ကျော်ဇာတ်ကောင် လှထုံ ၊ ကျော်ကွန့်၊ ဓာတ်ခဲ ၊ မောင်ဝ ၊ ကိုကြီးငွေ ၊ စာကလေးတို့ စတဲ့ ဇာတ်ကောင်တွေ ပါဝင်တဲ့ ၀ထ္ထုစာအုပ်တွေကို စုစည်းပြီး ရယ်မောခြင်းပေါင်းချုပ် ဆိုပြီးထွက်လာတာပါ။ ဓာတ်ခဲဆို ရုပ်ရှင်ပြန်ရိုက်ရသည် အထိ ၀က်ဝက်ကွဲအောင်မြင်တဲ့ ဇာတ်ကောင် တစ်ခုပေါ့နော် ။ 

ရယ်စရာ မောစရာ၊ ရယ်မောခြင်းလက်ရွေးစင်၊ ခိုးခိုးခစ်ခစ် စာအုပ်သုံးအုပ်ကို စုစည်းထားတဲ့ စာအုပ်အထူကြီးဖြစ်ပါတယ်။ ဒီစာအုပ်ကို ငါတို့ စာပေက ဖြန့်ချီထားပါတယ် ။
ရောင်းဈေးက ၉၅၀၀ ပါ ။ ဈေးကြီးတယ်လို့ မထင်လိုက်ပါနဲ့ ဖတ်ပြီးရင် ၀ယ်သိမ်းထားတာ မှန်ကြောင်းသိမှာပါ ။ 

အောက်မှာ ငါတို့စာပေကတင်ထားတဲ့ ဒါရိုက်တာ ဥက္ကာဖန်တီးထားတဲ့ Video လေးပါတွဲတင်ပေးလိုက်ပါတယ်။ 
ဆရာမင်းလူ အလွမ်းပြေနိုင်ကြပါစေ ။  

https://www.facebook.com/ndspbooks/videos/vb.1398112357133693/1793761814235410/?type=2&theater

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

မှန်၏မှောင်၇ိပ် စိုး နှင့် ခိုင် - ကြည်အေး





ကြည်အေးရဲ့ အချို့စာအုပ်တွေက စာအုပ်တိုက်တွေက ပြန်မထုတ်ဖြစ်ကြတာနဲ့ တော်တော်ရှားရှားရယ်ပါ ။ကျွန်တော် ဒီစာအုပ်လေးကို ၃၇လမ်း စာအုပ် အဟောင်းတန်းကနေ မြန်မာငွေ ၅၀၀တည်း နဲ့ရလာတာ အတော်ကံကောင်းတယ်ပြောရမယ် ။ ဆရာမရဲ့အမှာစာထဲမှာ Depression ကြောင့် suicide လုပ်ဖို့ကြိုးစားဖူးတဲ့ သူ့လူနာကောင်မလေး အကြောင်းကိုတွေးရင်း စိတ်ဝေဒနာခံစားရပုံတွေ အနည်းငယ်ပါတဲ့ ၊ စိတ်ကူးယဉ်အချစ်ဝထ္ထု စိုး နဲ့ ခိုင် ကို ရေးပါတယ် တဲ့ ။ 
 
ဇာတ်လမ်းကျောရိုးက ခပ်ရိုးရိုးဆင်းဆင်း ၊ အသက် (၁၁) အရွယ်မှာ ချစ်ခင် ရင်းနှီးရတဲ့ မောင်လေးကို ဆုံးရှုံးလိုက်ရပြီး ၊ အသက် (၁၅) နှစ်မှာ မိဘ နှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရတဲ့ စိတ်ကျဝေဒနာရှင် ကောင်မလေး ခိုင် ။ သူ့အနားကို စိုးရောက်လာတဲ့ အချိန်မှာ သူမ ငယ်ငယ် ကလေးဘ၀တုန်းက ခံစားလိုက်ရတဲ့ လိင်ပိုင်းဆိုင်ရာ ကြောက်လန့်မှုတွေ ပြန်အသက်ဝင်ကြီးထွားလာခဲ့တယ် ။ ရှေးရိုးဆန်လွန်းတဲ့ ဗမာမိဘတွေ ၊ အပြင်က အသိအမြင်တွေကို တားဆီးခဲ့တဲ့ မိဘတွေ ၊ သားသမီးတွေကို ကြီးတဲ့အထိ ကလေးလို့ သတ်မှတ်ခဲ့တဲ့ မိဘတွေကြောင့် ကျွန်တော်တို့ ကလေးတွေ သိသင့်တာတွေ မသိခဲ့ရပဲကြီးပြင်းခဲ့ရတယ်။

ဒီဝထ္ထုမှာကလေးတွေ ငယ်ရွယ်စဉ်မှာ ဖြစ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာသာယာစိတ်သဘောကို မြန်မာယဉ်ကျေးမှုဘောင်ထဲကနေ ခပ်ပါးပါးလေး ပညာပေးရင်း ဖော်ပြထားခဲ့တယ်။ ဆရာမင်္ကြီးကြည်အေးရဲ့ ၀ထ္ထုကောင်းတွေထဲက တစ်အုပ်ပါ ။ ဖတ်ညွှန်းလေးရေးပေးလိုက်ရပါတယ် ။ 

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

Friday, December 30, 2016

စံပယ်ဖြူနု - လှပ်၍လွင့်သောကမ္ဘာ





"လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က အမှုအခင်း(လူသတ်မှု)တစ်ခုမှာ တရားခံအဖြစ် ရှိခဲ့သူရဲ့သမီးနဲ့ တရားလိုအဖြစ် ရှိခဲ့သူရဲ့သမီးတို့ အမှတ်မထင် ပြန်ဆုံကြတဲ့အခါ 'လှပ်၍လွင့်သော ကမ္ဘာ' ဆိုတာ ဖြစ်လာခဲ့ပါတယ်" လို့ ဆရာမ က ပြောထားပါတယ် ။ 
 
ဒီစာအုပ်ကို စကိုင်ပြီး ဖတ်ဖြစ်ကတည်းက  ဒီဝထ္ထုဟာ အဖြစ်အမှန်မဟုတ်ပါစေနဲ့လို့ မျှော်လင့်ရတာ တမော ။ ကိုယ်က ငြိမ်း လိုပဲ အဖေနဲ့ သိပ်ချစ်ချစ်ခင်ခင်ရှိလှတဲ့ သမီးတစ်ယောက်မဖြစ်ပေမဲ့ ကိုယ့်အဖေသာဖြစ်နေခဲ့ရင် ဆိုတဲ့ အတွေးနဲ့ တင် ရင်မောရ ၊ ဒီစာအုပ်ကို ဖတ်နေတဲ့ တောက်လျှောက် ငြိမ်းရဲ့အဖေကို လူသတ်သမားလို့ စွပ်စွဲခံနေတဲ့ အဖြစ်ကနေ လွတ်စေချင်လို့ မဟုတ်ပါစေနဲ့ ပဲ ဆုတွေတောင်းမိနေတာပဲ ။ 

ဒီစာအုပ်ဖတ်ရတာ သိပ်မောတာ ။ ကိုယ်တို့က အမေ့ကို ချစ်တတ်လွန်းပြီး အဖေတွေရဲ့ချစ်ခြင်းမေတ္တာကို မေ့ထားခဲ့မိလေသလား ။ လောကမှာ ငွေတစ်ခုအတွက်ပဲ အလုပ်လုပ်ရတယ်ထင်နေတတ်တဲ့ ကိုယ်တို့ရဲ့အဖေတွေမှာ အပြစ်ရှိမယ်မထင် ။ ကံတရားကိုပဲ အပြစ်တင်ရမလား ။ ဒီလိုနဲ့ သားသမီးတွေ မျက်နှာငယ်မှာ စိုးရိမ်လို့ အလုပ်တွေဖိလုပ် ပိုက်ဆံရှာနေတဲ့ အဖေ ၊ သားသမီးတွေနဲ့ဝေး..ဝေး..လာတယ် ။ 

ငြိမ်းကတော့ အဖေ့ကို ယုံကြည်တဲ့ စိတ် တ၀က် မယုံကြည်ခြင်းတစ်ဝက်နဲ့ အမှုနောက်ကို ခြေရာပြန်လိုက်ခဲ့တယ်ထင်ရတယ် ။ ဒါမှမဟုတ် ငြိမ်းဟာ ဖြူစင်လွန်းအားကြီးလို့ သူ့အဖေကို မျှော်လင့်ခဲ့မိလေသလား....။ ကိုယ် က ငြိမ်းနဲ့အတူ ပျော်သွားလိုက် ၊ စိတ်ဓာတ်တွေ ကျသွားလိုက်နဲ့ ။ ဇာတ်သိမ်းတဲ့ အချိန်မှာ ကိုယ်ဟာ ချောက်ထဲပြုတ်ကျသွားတဲ့လူလိုပေါ့ ၊ ဇာတ်သိမ်းကတော့ ကိုယ် မမျှော်လင့်ထားတဲ့ ဇာတ်သိမ်းမျိုး…။ မျက်ရည်လွယ်တော့လည်း ငိုရပြန်ရော ။ ဆရာမ စံပယ်ဖြူနုရဲ့ လှပ်၍လွင့်သောကမ္ဘာ ကို ညွှန်းဆိုလိုက်ရပါတယ် ။ 

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.