Monday, December 26, 2016

မနေ့က ကောင်းကင် - ဇောက်ထိုး ၊ စစ်ငြိမ်း

ဘယ်သူ့မှ မဖတ်ဖြစ်တော့မယ့်
ကဗျာတွေထဲ မင်း နာမည်တွေ နဲ့
ဖွဲ့နွဲ့ထားတယ် 
နောင်တတွေနဲ့ တနေ့နေ့ ငါပြန်ဖတ်မယ်။
ငါ့ကို မမှတ်မိတော့တဲ့နေ့တွေမှာ
ငါ့ကို ခေါ်နော်
မင်းမရှိတဲ့ဘဝထဲကနေ ငါပြုံးပြနေမယ်
သူစိမ်းတွေကိုကြည့်တဲ့ ရင်းနီးမှုမျက်ဝန်းစိမ်းတွေနဲ့
ငါတို့က
စိမ်းသွားပြီ ဟုတ်
စိမ်းသွားတဲ့ နေထိုင်မှုတွေနဲ့
စိမ်းသွားကြပြီဟုတ်....။
ဘာလို့များ
မြင် မြင်သမျှ အရာတွေဟာ
အစိမ်းရောင် ဆန်နေရတာလဲ ၊
အနီးစပ်ဆုံး နေ့ရက်တွေဆီကနေ
ငါတို့ ဝေးကွာခဲ့ရတယ်။
စာရွက်ပေါ်က ဒဏ်ရာဟာ
မင်းနာမည်ကို အော်ခေါ်တိုင်းမှာ
မျက်ရည်တွေ ကျတယ်။

ဦးငှက်ရဲ့သီချင်းပါ
ဝေးသွားတဲ့အခါပေါ့
ခံစားရတယ်
ငါတို့ ဝေး သွား တဲ့ အ ခါ
ငါတို့ ဝေးသွားတဲ့အခါလေ
ငါတို့ ဝေးသွားခဲ့ရင်
ငါတို့ ဝေးသွားခဲ့ရင်ကောင်းမယ်
အခုလို မနီးခဲ့တာနဲ့ယှဉ်ရင်ပေါ့။
နီးစပ်ခြင်းတွေ မရှိခဲ့ပေမယ့်
ဝေးကွာခြင်းအကြောင်းကို
အမြဲလိုလို တွေးနေမိတယ် ၊
ဘယ်လို ဝဋ်ကြွေးမျိုးလဲ။
ကဗျာတွေထဲမှာပဲ နီးနေရတာမျိုးကို
ပျော် တတ် လာ တယ်။
အလွတ်ရနေတဲ့ ဖုန်းနံပါတ်ကို
မေ့ပစ်ရတာ မလွယ်ကူဘူး။
မျက်စိရှေ့က နာမည်တခုကို နှုတ်ဆက်စကားတွေ မပြောပဲ
ငေးကြည့်နေရတာ မလွယ်ဘူး။
ဘာမှ ဆက်မဖြစ်ခဲ့တဲ့ အနာဂတ်လေးကို
ငါတယောက်တည်းထမ်းထားဖို့ဆိုတာ တကယ်မလွယ်ဘူး ။
မတော်တဆများ ငါ့လို သတိရတဲ့ အခါ
အဝေးကြီးကနေ အတိတ်ဆီ ပြန်လာပါ။
တကယ်လို့များ မေ့ပစ်လို့ ရသွားတဲ့အခါ
အဝေးကြီးဆီကနေ ငါ့ကိုပစ်ချထားခဲ့ပါ။
_
ဇောက်ထိုး ၊ စစ်ငြိမ်း

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment