Thursday, December 29, 2016

သင့်လူ - နားစွင့်ကြားဟန်ရင်ခုန်သံ





စာအုပ်တွေ ဖတ်ဖြစ်ပေမဲ့ ပြန်ရေးဖို့ကို မအားတာနဲ့ မရေးဖြစ်တာ အတော်ကြာသွားပြီ။ 
ဒီနေ့တော့ ဆရာသင့်လူရဲ့ ဘာသာပြန် ၀ထ္ထုကောင်းတစ်အုပ်ဖြစ်တဲ့ နားစွင့်ကြားဟန်ရင်ခုန်သံ ဆိုတဲ့ စာအုပ်အကြောင်းလေး ပြောပြပါရစေ ။ နားစွင့်ကြားဟန်ရင်ခုန်သံ ကို ဂျာမန် စာရေးဆရာ Jan-Phillip Sendker က မြန်မာပြည် ကို နောက်ခံထားပြီး ကြည်နှုးစရာ ၊ လွမ်းမောစရာ အချစ်အကြောင်း ရေးဖွဲ့ထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ ။ 

နယူးယောက်မှာနေထိုင်တဲ့ နာမည်ကျော်ရှေ့နေ့ကြီး ရုတ်တရတ်ပျောက်ဆုံးသွားပြီး နှစ်အတော်ကြာမှာ သမီး ဖြစ်သူ ဂျူလီယာဝင်း ၊ အဖေ ကြီးပြင်းခဲ့တယ်ဆိုတဲ့ ရှမ်းပြည်နယ်က ကလောမြို့လေးကိုရောက်လာခဲ့ ၊ အဖေရဲ့ နာကျင်ခဲ့ရတဲ့ အတိတ်တွေ ၊ ပျော်ရွှင်ခဲ့ရတဲ့ အတိတ်တွေ တဖြည်းဖြည်းချင်း သမီးတစ်ယောက် သိရတော့ သူတို့ကို ထားပြီး မြန်မာပြည်ပြန်လာတဲ့ အဖေ့ကို နားလည်သွားတယ် ။ 

မြန်မာလူမျိုးတွေရဲ့ ဗေဒင် ၊ နတ် ၊ ဘုရားတွေနဲ့ ပတ်သတ်ရင် အယူသီးတာတွေ ၊ အယူလွှဲမှား တာတွေကြောင့် ကလေး ဘယ်နှစ်ယောက်ရဲ့ ငယ်ဘ၀ ပျော်ရွှင်ခြင်းတွေ ထိခိုက်နစ်နာခဲ့ရသလဲလို့ ဒီဝထ္ထုဖတ်ရင်း တွေးမိတယ် ။ ဗေဒင်ဆရာ အဖိုးကြီး တစ်ယောက်ရဲ့ မရဏဘွား - ၀မ်းနည်းစရာတွေ ယူဆောင်လာတဲ့ကလေး ဆိုတဲ့ စကားလုံးတွေက ၂၁ ပတ်သား ပဲရှိသေးတဲ့ တင်ဝင်းလေးရဲ့ ဘ၀ ကို အဆုံးအဖြတ်ပေးခဲ့သလိုပါပဲ ။ အဖေရော အမေရောက တင်ဝင်းလေးကို ထိကိုင်ရမှာ ကြောက်တဲ့ ပုံ နဲ့ ပွေ့ချီ နမ်းရှုံတာတွေလုံးဝမလုပ်ခဲ့ ။ တင်ဝင်းလေး (၈) ပတ်သားအရွယ်မှာ ကြီးတော်ဆုံးတယ် ။  (၆) နှစ်သား မှာ အဖေ ဆုံးပြီးတဲ့ နောက်တော့ အမေ က ‘နင်ဒီမှာ ထိုင်ပြီး ၊ ငါပြန်လာတဲ့ အထိစောင့်နေ’ ဆိုတဲ့ တစ်ခွန်းတည်းသော စကားကိုပြောပြီး တရွေ့ရွေ့ဝေးရာဆီကို ထွက်သွားတဲ့ အမေကို တစ်နေ့လုံး တစ်ညလုံး ထင်းရှုးပင်အောက်မှ သူစောင့်နေခဲ့တယ် ။ အမေ ပြန်လာခဲ့ရင် ၊ သူ့အိမ်မက်ထဲကလို အမေက အတင်းဖက်ထားရင် ပျော်စရာ သိပ်ကောင်းမှာ ၊ ဒါပေမဲ့ တစ်ရက်ပြီးတစ်ရက် သာ ကုန်သွား .... ၊ အမေ က ပြန်မလာခဲ့ပါဘူး ။  သူ့အမေ ထွက်သွားပြီး နောက်ပိုင်း သူ.ငယ်ဘ၀ဖြတ်သန်းရပုံက ကြေကွဲစရာသိပ်ကောင်းတယ်  ။

ဘ၀ကို ရွဲ့စောင်းမြင်တတ်လို့ လူတွေက အမြင်ကတ်ပါတယ်ဆိုတဲ့ ဒေါ်စုကြည်က သူ့ကို သားတစ်ယောက်လို ချစ်ပေးခဲ့ ၊ ဒါပေမဲ့ ရုတ်တရတ် အကြောင်းတရား တစ်ခုမှမရှိပဲ သူ့မျက်စိကွယ်သွားခဲ့တယ် ။  အဲ့ဒီအချိန်ကစပြီး သူ နားနဲ့ အာရုံခံခြင်း အနုပညာ ကောင်းလာတာပါပဲ ။ ပျားလေးတွေ ၊ လိပ်ပြာလေးတွေ နဲ့ သစ်ပင်လေးတွေက ပြောတဲ့အသံတွေ သူနားလည် ခံစား ၊ သရုပ်ခွဲ တတ်လာတယ် ။ သူ ကိုရင် ၀တ်တဲ့ မြို့ဦးကျောင်းက ဘုန်းဘုန်းမိန့်တာ တအားလှတယ် ။ 
ကြောက်စိတ်ဆိုတာ လူတိုင်းမှာ ရှိတယ်ကွဲ့ ၊ နွားချေးထဲ ယင်ကောင်ဝဲသလို ၊ ကြောက်စိတ် က လူတွေနားမှာ တ၀ဲလည်လည် အမြဲရှိနေတတ်ကြတယ် ။ တိရိစ္ဆာန်တွေဟာ ကြောက်စိတ်ပေါ်လာရင် ခြေဦးတည့်ရာ ပြေးကြတယ် ၊ ပျံကြတယ် ၊ ကူးကြတယ် နောက်ဆုံး အမောဆို့သေသည်အထိပေါ့ ။ လူတွေဟာ ကြောက်စိတ် နဲ့ ပတ်သတ်ရင် တိရိစ္ဆာန်ထက် ထူးပြီး ဥာဏ်ပိုမရှိဘူး ။ ကြောက်စိတ်ကို ပုန်းကွယ်ဖို့ လောက မှာ နေရာမရှိဘူး ၊ မရှိပေမဲ့ လူတွေက ကြိုးစားကြတယ် ။ ချမ်းသာကြွယ်ဝမှု နဲ့ ပါဝါ အာဏာဟာ ကြောက်စိတ်ကို ပုန်းဖို့အကောင်းဆုံးလို့ ထင်ပြီး ဒါတွေရအောင် မနားမနေကြိုးစားကြတယ် ။ ရလာခဲ့ရင် အာရုံမှောက်မှားပြီး စိတ်ကြီးဝင်လာတတ်တယ် ။ မိသားစု အပေါ် ၊ ဆွေမျိုးသားချင်း နဲ့ မိတ်ဆွေ အပေါ် ၊ တိုင်းသူပြည်သားအပေါ် ဗိုလ်ကျစိုးမိုးချင်လာတယ် ။ စာ -၁၀၉ 
ပြီးတော့ သူက လူတွေရဲ့ နှလုံးခုန်သံကိုလည်း ကောင်းကောင်းကြားရတယ် ။ လူ့ နှလုံးသားဟာ သူတို့ရဲ့ စိတ်နေစိတ်ထား နဲ့ ခံစားချက်တွေ နဲ့ လိုက်လျောညီထွေ ရှိကြတယ်တဲ့ ။ ကောင်မလေးတစ်ယောက်နဲ့ ရုတ်တရတ် ဆုံစည်းတဲ့အချိန် အဲ့ကောင်မလေးရဲ့ ရင်ခုန်သံစည်းချက်ကို ကြားပြီးကတည်းက သူအဲ့ကောင်မလေးကို သေသည့်တိုင် ချစ်မိသွားခဲ့တယ်။ အဲ့ဒီမိန်းကလေးရဲ့ မျက်ဝန်းလေးကနေတဆင့် ကမ္ဘာကြီးကို ရှာတွေ့ခဲ့တယ် တဲ့ ။ တစ်ယောက်က မျက်စိမမြင် ၊ တစ်ယောက် က ခြေထောက်မသန်စွမ်း ၊ ဒါပေမဲ့လည်း တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ချစ်ခြင်းမေတ္တာက နက်ရှိုင်းလွန်းတော့ အဲ့ဒီမိန်းကလေးနဲ့လူချင်း နှစ်ပေါင်း ငါးဆယ်ကျော်ဝေးကွာခဲ့ပြီးမှ ဒီမိန်းကလေးဆီကို ပြန်လာခဲ့တဲ့ အထိပေါ့  ။ ချစ်ခြင်းမေတ္တာအကြောင်းေ၇းဖွဲ့ထားတာ သိပ်လှလွန်းပါတယ် ။ 

ဒီဝထ္ထုထဲမှာ လူတစ်ယောက် နဲ့ တစ်ယောက် ချစ်ပုံ ၊ ချစ်ခြင်း မတူတာတွေ ၊ အနားမှာ အတူမရှိပေမဲ့ တစ်ယောက်ကို တစ်ယောက်ချစ်နေကြတဲ့ ချစ်ခြင်းမေတ္တာတွေ ၊ အတူရှိနေခွင့် ပိုင်ဆိုင်ထားရပေမဲ့ နှလုံးသားတွေက ဝေးကွာနေရတဲ့ ဖြစ်အင်တွေ ၊ တစ်စုံတစ်ယောက်ကို သစ္စာရှိရှိ ချစ်မြတ်နိုးဖို့အတွက် တခြားတစ်စုံတယောက်ရဲ့ နှလုံးသားကို မရည်ရွယ်ပဲ နာကျင်စေမိတဲ့ အပြုအမှုတွေ စတဲ့ ဇာတ်ကောင်တစ်ဦးဆီတိုင်း ရဲ့ မျှော်လင့်ချက်နဲ့ ဘ၀တွေကို ထိထိမိမိ လှလှပပ ရေးဖွဲ့ထားပါတယ် ။ 
ဒီစာအုပ်ကို ကံကော်ဝတ်ရည်စာအုပ်တိုက်ကနေဖြန့်ချီထားပါတယ် ။ ချစ်ခြင်းမေတ္တာ အကြောင်း လှလှပပ နူးနူးညံ့ညံ့ ရေးဖွဲ့ထားတာကြောင့် ညွှန်းဆိုပေးလိုက်ရပါတယ်။

♥ M ♥
©hsudiary.blogspot.com. All Rights Reserved.


No comments:

Post a Comment