Sunday, December 4, 2016

Kalaw Trekking – Ywar Ngan Trip


နိုဝင်ဘာလထဲမှာ ကျွန်တော်တို့ ကလော (Trekking ) - ရွာငံ - ဂုတ်ထိတ် သွားခဲ့ပါတယ် ။ 

၇န်ကုန်မှာ၇ှိတည်းက ဂိုက်အကိုက မှာ၇ှာတယ် ၊ ကလောမှာ တအားချမ်းလို့ အနွေးထည်ထူထူဝတ်လာခဲ့တဲ့။ ရန်ကုန် ကနေ ည(၇)နာရီထွက် မနက် (၅)နာရီလောက် ကလောကို ရောက်တော့ ဂိုက်အကိုက လာကြိုပေးတယ်။ မြေပြန့်သူတွေ အဲ့မှာစတွေ့တာပဲ ၊ ကလော အအေးဓာတ်က အနွေးထည်ထူထူဝတ်ပြီး ဦးထုတ်ဆောင်းထားတာတောင် မေးချင်းရိုက်တယ် ။ 
ကိုယ်တွေက ကံကောင်းချင်တော့ တည်းတဲ့ Junction Rose ဟိုတယ်က Early Check In ပေးတယ် ။ (Trekking တူတူလျှောက်တဲ့ တချို့သူတွေ သူတို့ ဟိုတယ်က အခန်းမရလို့ Lobby မှာ ပဲနေကြရတယ်။) ခဏနား ၊ မနက် (၇) နာရီလောက်ကျတော့ ဂိုက်အကို က ကားနဲ့ ပြန်လာခေါ်ပြီး ကလောဈေးမှာ မနက်စာကျွေးတယ် ။ 



Trekking သွားဖို့ရက်ရွေးတည်းက ကလော (၅)ရက်ဈေးနေ့နဲ့ ကိုက်အောင်ရွေးထားတာပါ ။ ရှမ်းပြည်နယ်ရိုးရာအရ အဲ့ဒေသ ရဲ့ ဈေးနေ့ဆို အနယ်နယ်အရပ်အရပ်က
 ဈေးသူ ဈေးသားတွေ ရောင်းကြ ၊ 
ဝယ်ကြနဲ့ တအားချစ်ဖို့ကောင်းတယ်။ 




ကျွန်တော်တို့ မနက်စာ 
စားတဲ့ဆိုင်က ကလောဈေးထဲက ခိုင်သဇင်ဆိုတဲ့ ဆိုင်မှာစားတယ်။ ချမ်းကလည်းချမ်းဗိုက်ကလည်းဆာ နဲ့ ၂ပွဲလောက် ဆွဲကြတယ်။ အဲ့ဆိုင်မှာ ဖတ်ထုတ်ပြုတ် အရမ်းကောင်းတယ်။ ဟင်းထုတ်လည်းမိုက်တယ်။ ကျွန်တော်ကတော့ ရှမ်းရေဖျော်စားတယ်။ 


ကလော မှာ အကြိုက်ဆုံးက တို့ဟူးကြော်ပဲ ၊ တို့ဟူးကျော် နဲ့ တွဲစားတဲ့ အချဉ်ရည်က တို့ဟူးကျိုနေတုန်း ဖယ်ထားခဲ့တဲ့ အပေါ်အလွှာကို အချဉ်ဖောက် ၊ ရလာတဲ့ ပဲချဉ်ကို ငရုတ်သီလေး ၊ ဂေါ်ဖီလေးထည့်ပေးထား ၊ 
အရမ်းစားကောင်းတယ်။ ရေးရင်း နဲ့ သတိရလာပြန်ပြီ ။  


 
 မနက်စာကို အ၀ဆွဲပြီး သကာလ မှာ ကလောဈေးကို ပတ် ၊ လိမ္မော်သီးတွေက ပေါလည်းပေါ ၊ ချိုလည်းချိုလွန်းတယ် ။ လက်ဖက်ခြောက်တွေလည်း တန်တယ်။ လက်ဖက်အစိုကို ၀ါးဆစ်ဗူးထဲမှာ ထည့်ထားတာချစ်စရာလေး ။ ကိုယ်တွေက Trekking လျှောက်မှာမို့ တချို့လူတွေက လမ်းလျှောက်ရင် မနာအောင် စစ်ဖိနပ်ဝယ်စီးကြတယ်။ Trekking လျှောက်ရင် ဖိနပ်က ဘယ်လောက်ပဲဈေးကြီးကြီး ၊ ကောင်းကောင်း နာတာပဲတဲ့ ။ စစ်ဖိနပ် နဲ့ မှ အကြမ်းလည်းခံတယ်တဲ့ ။ တချို့လည်းနေမပူအောင် ၀ါးခမောက်ဝယ်ကြတယ် ၊ အဲ့အန်တီကြီးရောင်းတဲ့ အထဲမှာ ပအို့ဝ် အပျိုမလေးတွေ ဆောင်းတဲ့ ဦးထုတ်တဲ့ ၊ ရောင်စုံ ချစ်စရာလေး ။ မ၀ယ်ခဲ့မိဘူး ၊ ဓာတ်ပုံတော့ ရိုက်လာတယ် ။ 


ကိုယ်တွေ Trekking လမ်းကြောင်းက ကလော-မြင်းမထိဂူကို တောလမ်းကနေ
 လျှောက်ဖို့ရွေးထားတာပါ ။ 
စလျှောက်တည်းက ဂိုက်အကိုက လိမ္မော်သီးပေးထားတယ်။ လိမ္မော်သီးက အမောပြေတယ်တဲ့။ လမ်းတစ်လျှောက်လုံး နေကြာအရိုင်းပင်တွေ ၊ ပန်းနှမ်းခင်းတွေ ၀င်၊ ထင်းရှုးတောတွေ ဖြတ်ကြ ၊ ဓာတ်ပုံတွေရိုက်ကြ ၊ ဂိုက်အကို ပြောပြတဲ့ ရိုးရာဓလေ့တွေ နားထောင်ကြနဲ့ ပျော်မဆုံးပါပဲ ။ 

မနက်(၉)နာရီတည်းက စလျှောက်တာ နေ့လည် (၂)နာရီလောက်မှ နေ့လည်စာစားမဲ့ မြင်းမထိဂူဆီရောက်ကြတယ်။ မြင်းမထိဂူကို မရောက်ခင် ရွာလေးမှာ အားမရှိပုံပေါ်နေတဲ့ ကျွန်တော်တို့ အဖွဲ့ကို ဂိုက်အကိုက မုန့်ဝယ်ကျွေးတယ် ၊ ပေါင်မုန့်ရယ် ၊ ၀က်ခေါက်ကြော်ရယ် ၊ ကိုယ်တွေကတော့ ဘာလာလာ ဆွဲကြတာပါပဲ ….။


Trekking အပြီးမှာစားခဲ့တဲ့နေ့လည်စာ က ခုထိမမေ့နိုင်ဘူး ။ ထမင်းသုတ် နဲ့ ကြက်ဥကြော် ရယ် ၊ ထူးထူးခြားခြား ထောပတ်သီး ချဉ်စပ်သုတ်ရယ် ၊ ဂျူးပဲပုတ်ကြော်ရယ် ။ ထမင်းစားပြီး အသီးတွေ တ၀ကြီးစားရတယ်။ ကလောက လူတွေက လည်း သဘောသိပ်ဖြူတယ် ၊ အစားအသောက်ကျွေးလည်း စေတနာသိပ်ပါကြတာပဲ ၊ အသီးအနှံတွေကလည်း သဘာဝအတိုင်းချိုလို့ ၊ ဓာတ်ပုံထဲမှာ မြင်ရတဲ့ ရှုခင်းထက် မျက်စိနဲ့ မြင်ရတဲ့ အလှက ပိုစွဲမက်ဖို့ကောင်းတယ် ။ 

မြင်းမထိဂူ သဘာဝလှိုင်ဂူထဲဝင်လည်ကြ ၊ ဂူထဲမှာ ကောင်မလေးတွေအတွက် နတ်သမီးကျောက်ပျဉ်ဆိုတာ ရှိတယ် ။ သနတ်ခါးသွေးလိမ်းရင် စန်းပွင့်သတဲ့ ။ 

ဂူဘုရားထဲကထွက်လာတော့ ဇောင်းတန်းမှာ မီးလေးလို့ခေါ်ပြီး ပဲကြားကြော်ရောင်းတဲ့ ကြီးမေ ဆီက ပဲကြား နဲ့ အိမ်အတွက် မုန့်ညှင်းဆီဘူး ၀ယ် ၊ (နောက်တော့လည်း ကိုယ်ပဲ လိမ်းလိုက်ရတာပါပဲ ) ဘုရားတွေဖူးပြီး နောက် ကလောကို ပြန်လာကြပါတယ်။








 နှစ်ပေါင်း ၁၀၀ ရှိပြီဖြစ်တဲ့ ကလောဘူတာ မှာ ပုံစံမျိုးစုံနဲ့ ဓာတ်ပုံတွေရိုက်ကြတယ် ။ 




ပြီးတော့ Kalaw Hill Top Villa မှာ သွားပြီး Sunset ကြည့်ပြီးနောက်မှာ ဂိုက်အကို က အဖွဲ့တွေကို သက်ဆိုင်ရာ ဟိုတယ်တွေ ပြန်ပို့ပေးပါတယ် ။
ည (၇) နာရီလောက်ကျတော့ ဂိုက်အကို က ကားနဲ့ပဲ ညနေစာ စားဖို့လာခေါ်ပေးတယ် ။ အမှန်ဆို သူက Trekking အတွက်ပဲ တာဝန်ရှိတဲ့ Guide ပါ ၊ ဒါပေမဲ့ သဘောအရမ်းကောင်းပြီး မနက်ကတည်းကနေ ညနေထိတောက်လျှောက် ကြိုပေး၊ ပို့ပေး နဲ့ အရမ်း ကူညီပေးခဲ့တဲ့အကို U U Ye’ Kalaw Thar ပါ ။ 

ကျွန်တော်တို့ ညစာစားတဲ့နေရာက Everest Nepali မှာပါ ။ Trip Advisor မှာ Award ရထားတဲ့ဆိုင်မို့ Foreigner တွေရော Local တွေပါ ကြိတ်ကြိတ်တိုးပေါ့ ၊ ဂိုက်အကိုက ညနေတည်းက Booking ကြိုယူထားပေးလို့ တော်ရော့တယ် ။ ကလောက စားသောက်ဆိုင်တွေက ဧည့်သည့်များလွန်းလို့Booking ကြိုယူရပါတယ်တဲ့ ၊ မဟုတ်ရင် ရောက်သွားပြီးမှ နေရာမရတာမျိုး ဖြစ်တတ်ပါတယ်တဲ့။ Everest Nepali မှာ ချာပါတီ ၊ ပူရီ ၊ ဒံပေါက် ၊ ထမင်း နဲ့ ဟင်းမျိုးစုံ ၊ မလိုင်လက်ဖက်ရည် ၊ နွားနို့ တော်တော်များများရပါတယ် ။ 

ကျွန်တော်ကတော့ ချာပါတီကို ဆိတ်ကလီစာ နဲ့ ပြီးတော့ ထမင်းလည်း စားလိုက်သေးတယ် ။ အာလူးနဲ့လုပ်ထားတဲ့ဟင်း ၊ သရက်သီးသနတ် ၊ ပဲဟင်းလိုမျိုး side dish တွေလည်းအများကြီးပါသေးတယ် ။ တော်တော်လေး စားကောင်းတယ်ဗျ ။ U U Ye’ Kalaw Thar က အဘထ လို့ခေါ်တဲ့ မဆလာခတ်ထားတဲ့ လက်ဖက်ရည်မြည်းခိုင်းသေးတယ် ။ ဘာအရသာရယ်လို့ ပုံတောင် မဖော်ပေးတတ်ဘူး  ။ ရောက်များရောက်ခဲ့ရင် တခွက်လောက်မှာပြီး သူငယ်ချင်းတွေ စုမြည်းကြည့်ကြပါ  ။ ညစာစားပြီးတော့ တစ်နေကုန် လမ်းလျှောက်ထားတဲ့ ဒဏ်နဲ့ ပင်ပန်းနေကြပါပြီ ။ ဂိုက်အကိုကတော့ ခြေထောက်တွေကို အုန်းဆီ လိမ်းအိပ်ရင် ပရုတ်ဆီ လိမ်းအိပ်တာထက် နာကျင်တာလျော့တယ်တဲ့။ ကျွန်တော်ကတော့ မြင်းမထိဂူ ဘုရားဇောင်းတန်းကနေ ၀ယ်ခဲ့တဲ့ မုန့်ညှင်းဆီလိမ်းပြီး စောင်သုံးထပ်လောက်ခြုံပြီး တ၀အိပ်ပလိုက်တာပါပဲ ။ မနက်ကျတော့ သက်သာပါတယ် ။ Trekking လျှောက်တာ ရာသီဥတုက အေးချမ်းလွန်းတော့ ထင်သလောက် မပင်ပန်းဘူး ။ နောက်တစ်ခေါက် အင်းလေးကိုဖြစ်ဖြစ် တစ်ညအိပ် နှစ်ရက် လျှောက်ဦးမယ် တေးထားတယ်။

ဒုတိယတစ်ရက်မှာ ကလောက ရွှေဥမင်သဘာဝလှိုင်ဂူနဲ့ နှီးဘုရားသွားဖူးကြတယ် ။ ကျွန်တောတို့ ရောက်တဲ့နေ့မှာ Weather က 11̊ C လား ရှိတာ ။ ရွှေဥမင်ဘုရားမှာ ခြေအိတ်ချွတ်ပြီးလမ်းလျှောက်ရတာ ခြေထောက်တွေ ကျဉ်တတ်သွားတာပဲ ။  ပြီးတော့ ကလောဈေးထဲဝင် ၊ အိမ်ပြန်လက်ဆောင် ၀ယ်ကြတယ် ။
U U Ye’ Kalaw Thar ညွှန်းတဲ့ ဂျူးပဲပုတ်ခြောက်ကြော်ကောင်းတယ် ၊ ၀က်ဆီဖတ်ကြော်လည်း အထုတ်ကြီး တစ်ထုတ်လုံး မှ ၅၀၀ ၊ အရမ်းစားကောင်းတယ်။ များများ ၀ယ်မလာခဲ့တာ အိမ်ပြန်ရောက်မှ နောင်တရတယ်။  

ပြီးတော့ မှ ရွာငံဘက်ဆက်သွားတယ်။ ပုံမှန် ခရီးသွားတွေကတော့ ရွာငံ ကို ပင်းတယနဲ့တွဲသွားကြတယ်။ ပင်းတယမှာက ပင်းတယဂူနဲ့ ကုံလုံဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလပ်ရှိပါတယ် ။ ပင်းတယဂူက မြင်းမထိဂူ ၊ ရွှေဥမင်ဂူ နဲ့ ဆင်သယောင်ယောင်ရှိတာမို့ အဲ့ဘက်မသွားတော့ပဲ ကျွန်တော်ကတော့ လူသိပ်မရောက်သေးတဲ့ Genius Coffee Firm ဘက်ကို ရွေးလိုက်ပါတယ် ။ လမ်းတစ်လျှောက် အ၀ါရောင်ပန်းခင်းတွေ ၊ အဖြူရောင် ဆီမုန့်ညှင်းခင်းတွေ ၊ အစိမ်းရောင် ဂေါ်ဖီထုတ်ခင်းတွေကို ငေးမော စိတ်ကူးယဉ်ရင်း လိုက်လာရတာလည်း အရသာတစ်မျိုးပါပဲ ။ 

Genius Coffee Firm ကိုရောက်တော့ နေ့လည် ၁၁ နာရီပတ်ဝန်းကျင်ပေါ့ ၊ အဲ့မှာ ကော်ဖီမွှေးမွှေးလေးသောက် ၊ ကိုယ်စီ အိမ်ပြန်လက်ဆောင် ၀ယ်ကြ ။ ခဏနေတော့ အဲ့က အန်တီက ရှေ့နားက ကော်ဖီခြံကို လိုက်ပြပေးတယ်။ ကော်ဖီမှည့်ချိန်တော့ မဟုတ်သေးတော့ ၊ ကိုယ်တိုင် ခူးခွင့်မရခဲ့ဘူး ။ ပြီးတော့ အန်တီက Genius (Organic Coffee) ထုတ်လုပ်ပုံ အဆင့်ဆင့်ကို လိုက်ပြတယ် ။ သိပ်ကို အဖိုးတန်ခဲ့တဲ့ ခရီးစဉ်ပါ။ အဲ့က အပြန်ရွာငံမြို့ထဲမှာပဲ ပအိုဝ့်ရိုးရာထမင်းဆိုင်မှာ စားကြတယ်။ ပအိုဝ့်ရိုးရာဟင်းတွေက ကြိုမှာထားမှ ရမှာပါတဲ့ ။ အဲ့တော့ ကိုယ်တွေက မန္တလေးထမင်းပေါင်းကို ၀က်သားနဲ့ မျစ်ချဉ်ဟင်းနဲ့ အ၀တီးကျတာပေါ့ ။ ရှမ်းပြည်က မျစ်ချဉ်က ပျဉ်းမနား မျစ်ချဉ်လို အချဉ်မစူးပဲ တစ်မျိုးစားကောင်းတယ် ။ 




ပြီးတော့ တောကျယ်ရေတံခွန်ကိုဆက်သွားတယ် ။ ရေကြည်ချက်က အောက်က ငါးတွေတောင် မြင်ရတယ်။ ကျွန်တော့အတွက်ကတော့ ရှမ်းကယား နယ်စပ်က ထီးစဲခါး က ပိုလှသလိုပါပဲ ။





တောကျယ်ရေတံခွန်ကနေ မြသပိတ် ရေပြာအိုင်ကို ဆက်သွားတယ်။ အဲ့လမ်းကတော့ တော်တော်ဖုန်ထတယ် ။




နောက်ဆုံး မိန်းမရဲတောင်ကို သွားကြတယ် ။ မိန်းမရဲတောင် ကနေမြင်ရတဲ့ ရှုခင်းကတော့ မှင်သက်လောက်စရာပါပဲ ။ ငြိမ်ငြိမ်လေးထိုင်ကြည့်လေ သဘာဝရှုခင်းတွေ ဘယ်လောက်အဖိုးတန်လဲသိလေပဲ ။ ပြန်လာတော့ နောက်လည်းနောက်ကျနေပီမို့ ကားသမားက ဒုန်းစိုင်းမောင်းလာတာနဲ့ ကလော Lavender လို့ ခေါ်တဲ့ လုံးဗွေ စိုက်ခင်းတောင် မရောက်လိုက်ရပါဘူး ။ ကြုံတဲ့သူတွေ ဖြစ်အောင်သွားကြပါနော် ။ ကလော နဲ့ ရွာငံ လမ်းမှာရှိပါတယ်တဲ့ ။  
ညနေစာကိုတော့ 7 Sisters မှာစားကြပါတယ် ။ လမ်းမှာ ဖုန်းလိုင်းမမိတာ နဲ့ Reservation မတင်လိုက်မိပေမဲ့ ကံကောင်းတယ်လို့ပဲပြောရမလား နေရာတော့ ရတယ် ၊ အပြင်မှာပါ ။ ဒေသစာ ကောင်းကောင်း စားချင်လွန်းတော့လည်း လေတ၀ူးဝူး နဲ့ ထိုင်ကြရတော့တာပါပဲ ။ ဧည့်သည် အရမ်းများတော့ မှာရတာကြာလို့ ၊ တခါတည်း ကိုယ်စားချင်တာကို မှာဖို့လိုပါတယ် ။




ကျွန်တော်တို့က7 sisters ရဲ့ ပအိုဝ်ရိုးရာ မြေအိုးဟင်း ၊ ဇတ်ပြတ်ပြတ်ဟင်း(ဓနုဟင်းထင်တယ်) နဲ့ ငါးဟင်းထုတ်မှာစားတယ်။ ရာသီဥတုက အေးတာနဲ့ ပူပူနွေးနွေးလေးစားရတာ တစ်သက်မမေ့နိုင်ဘူး ထင်ပါရဲ့ …။



 နောက်တစ်နေ့တော့ ပြင်ဦးလွင်ကို ပြန်ဆင်းမှာမို့ ဟိုတယ် မှာ တစ်နေကုန်အချိန်ရတယ် ။ ယမုံနာHotel မှာပါ ၊ Late Check Out လည်းပေးတော့ ၊ နီးနီးနားနားက ကလောဂေါက်ကွင်း နဲ့ ခရစ်ယာန်သချိုင်း လမ်းလျှောက်သွားကြသေးတယ် ။ အမှန်ဆို ကလောမှာက တနေရာနဲ့ တနေရာ နီးပါတယ် ၊ ရန်ကုန် နဲ့ ယှဉ်ရင်လေ ။ ကလောမှာ ကားငှားရင် ဟိုနား ၊ ဒီနား ၅၀၀၀ အနည်းလေးပါ ။ ကျွန်တော်တို့ဟိုတယ်ကနေဆို နှီးဘုရားကို ၁၅ မိနစ် လမ်းလျှောက်ရင် ရောက်ပီ ၊ မသိလို့ ကားငှားမိတာ ၊ ပိုက်ဆံပိုပေးရတယ် ။ 

အချိန်ရသေးတော့ လိမ္မော်သီးခြံကို ဖြတ်ပြီး Kalaw View Point မှာ sunset သွားကြည့်ကြသေးတယ် ။
လိမ္မော်သီးတွေက မမှည့်သေးတော့ ဓာတ်ပုံမရိုက်လာရဘူး ။ View Point မှာ ဂေါ်ရခါးလူမျိုးတွေဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်ပဲရှိတယ် ။ ရောက်ရင် ချာပါတီ ၊ ပူရီ စားဖြစ်အောင် စားပါ ။ အရမ်းလည်းတန် ၊ စားလို့လည်း အရမ်းကောင်းတယ် ။ ပူရီနဲ့တွဲစားဖို့ပေးထားတဲ့ အာလူးဟင်းနဲ့ ငရုတ်သီးချက်က လျှာလည်ပြီး  ကျွန်တော်တို့တစ်သိုက် ခေါင်းမဖော်နိုင်ဖြစ်ခဲ့ရသေးတယ် ။
Kalaw View Point မှာ sunset ကြည့်တာ တော်တော်လှတယ်။
 တောင်တန်းတွေကြားကနေ
 နေလုံးကြီးပျောက်သွားတဲ့အခါ
 မြူခိုးတွေအကြား ဟိုးအဝေးက တောင်တန်းတွေမြင်ရတာ ၀မ်းနည်းတတ်တဲ့သူဆို ငိုမိမှာာာ ။ 


ကလော - ရွာငံ ခရီးစဉ်ကိုခြုံ့ပြောရရင် တော်တော်လည်း ပျော်ဖို့ကောင်းတယ် ၊ သူငယ်ချင်းအသစ်တွေလည်းအများကြီးရတယ် ။ ကိုယ် လျှောက်နိုင်ပါမလား ၊ လုပ်နိုင်ပါ့မလား လို့ ထင်ထားခဲ့ပေမဲ့ အောင်အောင်မြင်မြင်နဲ့ လျှောက်သွားနိုင်တော့ ၀မ်းလည်းဝမ်းသာရပါတယ် ။ 

ပြင်ဦးလွင် - ဂုတ်ထိတ် ခရီးစဉ်အကြောင်း ဆက်ရေးပါဦးမည် …။ 

 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment