Monday, December 26, 2016

မင်းအတွက်နောက်ဆုံး -စစ်ငြိမ်း

မင်းအတွက်နောက်ဆုံး ( အက်ဆေး ) -စစ်ငြိမ်း

သူ နာကျင်စွာ တည်ငြိမ်သွားတယ်။ သူ့အသံဟာ အရင်ကလို ယုံကြည်မှုလွန်ကဲတဲ့ အသံစွာစွာလေးမဟုတ်တော့ပဲ ခပ်အေးအေး ယဲ့ယဲ့လေးဖြစ်သွားတယ်။ ဥပမာ ညီမလေးမှားသွားတယ်အကိုရယ်... ဒါကြောင့်ပဲ ဝေးသွားခဲ့ကြတာ ဒါကြောင့်... ဝေးသွားကြပြီနော်...ဆိုတဲ့ အသံယဲ့ယဲ့လေးလိုမျိုး။ တကယ်ကို ယဲ့ယဲ့ပါးပါးလေး။
ကျနော်က ကလေး...မင်းဆိုးခဲ့တယ်နော်လို့ပြောတော့ သူက အင်း.....လို့ မိုင်၃၀၀ကျော်ကနေ တိုးတိုးလေး ပြန်ဖြေတယ်။ ၃နှစ်ကျော်ဝေးကွာနေတဲ့လူနှစ်ယောက်ရဲ့ ပထမဆုံး ဖုန်းခေါ်ဆိုမှုဟာ အဲဒီစကားလေးနှစ်ခွန်းနဲ့ပဲ ပြီးသွားတယ်။ ဘာစကားမှ အများကြီးပြောစရာမရှိဘူး။ ခံစားဖို့ပဲ အများကြီးရှိတယ်။ နောက်ပြီးတော့ သူ့ကို စိတ်ပူတယ်။

ညီမလေးက သူ့ကို ခွင့်လွှတ်ပါတဲ့။ ကျနော်က သူ့ကို ဘယ်လိုခွင့်လွှတ်လို့ရမလဲ။ မှောင်မဲနေတဲ့အခန်းထောင့်လေးမှာ ခဏခဏငိုနေရတဲ့ကလေးလေးကိုခွင့်လွှတ်ဖို့ ဘယ်လိုအပြစ်တွေ သူ့ကျောပေါ်တင်ရမလဲပေါ့လေ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မဖြစ်မနေ ခွင့်လွှတ်ရစတမ်းဆိုရင်လည်း ညီမလေးရယ် အခုလိုပဲ တစ်နှစ်ကိုတစ်ခါလောက် ဖုန်းဆက်ပေါ့။ တစ်ယောက်ရဲ့အသက်ရှုသံကိုတစ်ယောက် နားထောင်ရင်း ခွင့်လွှတ်ပါတယ်ပေါ့။ ဘာမှမပြောဖြစ်ပဲ စိတ်ထဲကနေ ခွင့်လွှတ်ပါတယ်ပေါ့။ ပြောဖြစ်ပါသေးတယ် ဒီနှစ်ပိုင်းတွေမှာ သူက ကဗျာတွေဖတ်တတ်လာတဲ့အကြောင်း။ ကျနော်က တခါတခါ ကဗျာတွေရေးတဲ့အကြောင်း။ ကလောင်နာမည်တော့ ပြောမပြဘူး။ သူသိရင်လည်း သိမှာပေါ့။

ဆုထက်တင်ပြောသလို ကျနော်တို့က အသက်တွေကြီးတဲ့အထိ တစ်ယောက်ရဲ့အထိအခိုက်တွေကို တစ်ယောက်ကကြည့်ရင်း ရှင်သန်သွားရမှာလား။ အဲလိုပဲ သေတဲ့အထိ နေသွားရတော့မှာလား။ ?????။

သူ့နာမည်ပါတဲ့ကဗျာလေးတွေဆို သူမမြင်အောင်ထားမိတယ်။ သူကတော့ ကျနော့ဆီရေးတဲ့စာတွေကို လိပ်စာအဟောင်းဆီပို့တယ်တဲ့။ အဲတော့ ကျနော်က အိမ်အဟောင်းဆီပြေးပြီး ကျနော့်စာလေးတွေပေးပါဗျာလို့ တောင်းရမှာလား။ ဒီနှစ်ပိုင်းတွေတော့ အကို့ကိုသတိရတာများတယ်တဲ့။ မင်း အဆင်မပြေဘူးနဲ့တူပါတယ်။

မင်းအမျိုးသားကို မင်းချစ်သွားပြီလားလို့မေးတော့ အင်း.....တစ်ခါတလေတော့ ချစ်ပါတယ်တဲ့။ သိပ်ရက်စက်တဲ့အမှန်တရားပဲ။ ဒါပေမယ့် နာကျင်မုန်းတီးရတာကများပါတယ်တဲ့။ ဒါလည်း အမှန်ပဲ။ စိတ်မကောင်းဖြစ်ရပြန်ရော။ မင်းက အခုချိန်ထိ ထိလိုက်တိုင်းသွေးစို့တဲ့ဆူးလေးပဲ။

ဘယ်တော့မှကလေးမယူဘူး မောင့်သားလေးမှ မဖြစ်နိုင်တော့တာ...တဲ့။ အဲဒီစကားကို ကဗျာတစ်ပုဒ်ထဲ ထည့်ရေးထားတဲ့အကြောင်း ဒီနေ့ထိ မပြောဖြစ်ဖူး။

သူက ဆောင်းရာသီတစ်ခုလို အေးစက်မှုန်ရီသွားတဲ့အသံလေးနဲ့ အေးစက်မှောင်မိုက်သွားတဲ့ သူ့နေထိုင်မှုနဲ့ နည်းပါးလှသောတခါတရံများမှာ ကျနော့်ဆီ ဆက်သွယ်လေ့ရှိတယ်။ ကျနော်ကတော့ သူနဲ့ယှဉ်ရင် တစ်ခါတရံမှာ သွေးပျက်ချောက်ခြားနေပြီး တစ်ခါတရံ ဘယ်လိုမှ ဝန်ခံလို့မရအောင် လိမ်ညာနေမိတယ်။ အရင်က သူ မှားခဲ့ပြီး အခုက ကျနော်မှားနေတာများလား။ သူနဲ့အတူ သင်္ကြန် ၃ကြိမ်ကြုံဖူးပြီး တစ်ခါမှ အတူမရှိခဲ့ဖူးဘူး။ အတူမရှိခဲ့ကြတဲ့အကြောင်းကို အတူမရှိတော့တဲ့အချိန်မှာပြောရတာလည်း ရယ်စရာပါပဲ။ အခုချိန် ကျနော်တို့ဟာ ယာဉ်တိုက်မှုတစ်ခုကို ရပ်ငေးနေတဲ့လူတွေလိုပဲ အကွဲကွဲအကြေကြေတွေကို ငေးနေမိတာ။ လေတွေအရမ်းတိုက်တာကို သူကြောက်တယ်လို့ပြောတော့ လေတွေမတိုက်ပါဘူးကွာလို့ ကျနော်ပြောခဲ့တယ်။ တစ်ကယ်တမ်းမှာတော့ သူလည်း တလွင့်လွင့်။ ကျနော်လည်း တလွင့်လွင့်။ လွင့်ထွက်သွားတာပဲ...။

သူ့ကိုကျနော်မေးဖူးတယ်။ ကလေး... မင်း မန္တလေးမြို့ကိုရောက်ဖူးလားလို့။ ကိုယ်ကတော့ အခု သူမနေတော့တဲ့ရန်ကုန်ကို မြို့ကြီးနဲ့ချီပြီး လွမ်းနေရတာလေ။ဒါကြောင့်မေးဖြစ်တာ။ ကိုယ်နေထိုင်တဲ့မြို့နဲ့ပတ်သတ်ပြီး သူ လွမ်းမယ်ဆို လွမ်းလို့ရမလား သိချင်တာ။ ရှေးရှေးကစကားလေးအတိုင်းဆို လွန်းရတယ် အရမ်းပေါ့။ မနေ့ညကဖတ်ဖြစ်တာ ဆရာခင်အောင်အေးရဲ့ အသက်တမျှဘီအာရ်။ လွမ်းဖို့ကောင်းတယ်နော်။ နောက်ပြီး လွဲခဲ့ကြတယ်။ ငါတို့လည်း အသက်တမျှပဲ။

ပွဲတော်ညတွေဆို အိမ်ရှေ့ခန်းလေးရဲ့ပြတင်းပေါက်မှာ ကိုယ်တစ်ယောက်တည်း။ လမင်းကြီးကသာနေတာ ဖော်ပြလို့မရတဲ့အရောင်တစ်ခုနဲ့။ စီးကရက်တွေသောက်ရင်း ဖုန်းမျက်နှာပြင်ကို ငေးနေမိတယ်။ မင်း ဖုန်းမဆက်တာ ၈လကျော်ပြီ။ စာမလာ သတင်းမကြားနဲ့ အဆင်ပြေနေတယ်ပဲမှတ်ပါတယ်။ ဒါပေမယ့် ဖော်ပြလို့မရတဲ့အရောင်တွေနဲ့ ကိုယ့်စိတ်တွေ အုံ့မှိုင်းလို့ လရောင်ကိုမြင်ရင် လူတွေက စိတ်ကြည်နူးတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားကွယ်။
၁၀
သူ့အသံပြန်ကြားရတာ ပင်လယ်ထဲကသင်္ဘောပျက်ရဲ့ စစ်ဂနယ်လွှင့်မှုတစ်ခုလိုပဲ။ အဝေးကြီးကလာနေတဲ့ ပြတ်တောက်ပြတ်တောက်စကားသံလေး။ ဟေး....... မင်းအဆင်ပြေရဲ့နော်။
၁၁
အခုနောက်ပိုင်း ကိုယ့်ကဗျာတွေဟာ ကယ်ပါယူပါနဲ့ နာကျင်မှုဆန်လာတယ်။ သူကြိုက်မယ်ထင်လောက်တဲ့သီချင်းခွေတွေဝယ်တယ်။ သူကြည့်ချင်မယ်ထင်တဲ့ ရုပ်ရှင်ကားတွေ စုထားတယ်။ သူပြောသလို ကိုယ့်ကိုယ်ကိုယ် ပြန်ထုဆစ်နေတယ်ပေါ့။ အိမ်အပြင်မထွက်ဖြစ်ဘူး။ ကိုယ်ရေးတဲ့စာလေးတွေတော့ မဂ္ဂဇင်းအချို့မှာပါလာတယ်။ မင်း မတော်တဆဖတ်မိပြီး ကိုယ်ရေးမှန်းလည်းမသိပဲ မင်းအကြောင်းနဲ့တိုက်ဆိုင်တယ်လို့ ခံစားမိမလားပဲ။ တွေးကြည့်တာပါ။
၁၂
လူတွေသေရင် ကြယ်ဖြစ်တတ်ကြသလား။
ဟိုး... အဝေးကြီးမှာရှိနေတာရယ်
သူ့ကို မြင်ရပေမယ့် ဘယ်တော့မှ သူ့ဆီမရောက်နိုင်တာရယ်
ကြယ်မဆန်ဘူးလား။
၁၃
ညီမလေးရေ သုမနကျောမှာဒဏ်ရာတွေနဲ့တဲ့။ သုမနကျောမှာ ဒဏ်ရတွေနဲ့တဲ့ကွယ်။ မင်း ကိုယ့်ကိုခေါ်ပါ။ မင်းလိုတဲ့အချိန် ကိုယ့်ကိုယ်ခေါ်ပါ။ မင်းလိုအပ်တဲ့အချိန်ဆို ကိုယ့်ကိုခေါ်နော်။ လိုမှခေါ်တဲ့ဆက်ဆံရေးကိုတောင် ရင်ခုန်မိတုန်းပဲ။ တချိန်က လိုသုံးဖြစ်ခဲ့တာ မဆန်းပါဘူး။ ဒီလိုပဲ တစ်ခါတလေ စိတ်နာချင်ယောင် ဆောင်ကြည့်ရတာပေါ့။
၁၄
သူအရင်ကနေထိုင်ခဲ့တဲ့အိမ်လေးဆီရောက်ဖြစ်တယ်။ " အခုတော့လည်း အရက်တွေမူးတိုင်း ကားကြီးကိုမောင်းပြီး အဝေးကြီးကိုထွက်သွားမယ်..." ဘာညာပေါ့။ ကဗျာတွေဘာတွေစပ်ပြီး ရန်ကုန်ကိုရောက်သွားတာ။ သူ့အိမ်ရှေ့မရောက်ခင်ထိ သူနဲ့ပဲတွေ့ရတော့မလို စိတ်ထဲကလျှောက်တွေးပြီး သွားဖြစ်တာ။ သူမရှိမှန်းလည်း သိသားပဲ။ လူ့စိတ်က ဆန်းတယ်။ အဲဒီညက သူဖုန်းဆက်တာကို မကိုင်ဖြစ်ဖူး။
၁၅
သူနာကျင်တိုင်း သူလိုအပ်တိုင်း သူ ဆွေးမြေ့ကြေကွဲနေတိုင်း ကျနော့်ဆီ ဖုန်းဆက်ပါတယ်။ ကျနော် လဲပြိုနေတိုင်း ကျနော့်ကိုယ်ကျနော် သေတော့မယ်လို့ထင်တိုင်း
ဟောဒီ လူ့လောကနဲ့ ကမ္ဘာဂြိုလ်ကြီးမှာ ကျနော်တစ်ယောက်ပဲ သက်ရှိထင်ကျန်နေတယ်လို့ထင်အောင် အထီးကျန်တိုင်း ကျတော်က သူ့ဖုန်းနံပတ်ကို မေ့ထားခဲ့ပါတယ်။ ဒါဟာ သူနဲ့ကျနော့ကြားက ချစ်ခြင်းမေတ္တာပါပဲ။ ရေဟာ နိမ့်ရာကိုစီးဆင်းပြီး မီးဟာ မြင့်ရာကိုလောင်ပါတယ်။ ကလေးအပေါ် ချမ်းမြေ့ပါစေ...လို့ ထားခဲ့တဲ့စိတ်က တကယ်ပါ။ တကယ်ပဲ သူ့အပေါ် အေးချမ်းပျော်ရွှင်နေတာပဲ မြင်ချင်ခဲ့တယ်။ ဖျားနာနေတဲ့ကံ့ကော်ပွင့်လေးရေ မင်း နေပြန်ကောင်းပါစေ။
၁၆
ကျနော်ဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ရင်သူ့အပေါ်မှာ အကုန်အစင် သုံးစွဲမိခဲ့တယ်နဲ့တူတယ်။ တစ်ခါတစ်ခါ ရင်ထဲမှာ ဘာမှမရှိတော့တဲ့လူတစ်ယောက်လို။ ခွဲပြီးသားစုဘူးတစ်ခုလို။ ခွင့်လွှတ်မှုအစအနတွေပဲကျန်တယ်။ ကိုယ် မင်းကို နောက်ထပ်မချစ်နိုင်တော့ဘူး။ မင်း ချမ်းမြေ့ပါစေ။ ကိုယ့်ကိုမလိုအပ်တော့တဲ့အထိ ချမ်းမြေ့ပါစေ။ မင်းထာဝရ အဆင်ပြေ ပျော်ရွှင်ပါစေ။ မင်းအမျိုးသားကို မင်းချစ်ပါစေပေါ့။ ခွင့်လွှတ်ပါတယ်။ ခွင့်လွတ်ပါတယ်ပေါ့။ ကိုယ့်အတွက်မလိုအပ်ပေမယ့် မင်းကြားချင်တယ်ထင်လို့ ပြောကြည့်တာ။
၁၇
ညီလေးဏေသစ်ရဲ့စကားအတိုင်းပဲ ကွေကွင်းမှုအပေါင်း ကျဆုံးပါစေ။ ကျနော်က ကျနော့်အထိအခိုက်တွေ ပြိုကျပျက်ဆီးမှုတွေအတွက် တစ်ယောက်တည်း ရင်မဆိုင်ရဲသေးဘူး။
ဘယ်သူ့လည်ပင်းကိုဖက်ရမလဲ။
ဘယ်သူ့ကို ကိုးကားပြီး ကြေကွဲရမလဲပဲ။ ဒီလိုနှစ်တွေကလည်း....
ကြာ
ပြီ
လေ။
စစ်ငြိမ်း
၁၈ အောက်တိုဘာ ၂၀၁၆
11 : 30pm Mandalay

 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment