Thursday, December 29, 2016

ကြည်အေး - ဖုန်းသက်တိုင်




(28.12.2016) မှာ ကိုယ်အနှစ်သက်ဆုံး ဆရာမကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဆရာမကြီးကြည်အေး ကွယ်လွန်သွားခဲ့တယ်။ ကဗျာတွေကို ချစ်တတ်လာအောင် စကားလုံးတွေက တဆင့် သင်ပေးခဲ့တဲ့ ဆရာမဖြစ်လို့ နှမြောမိပါတယ် ။ 

ဆရာမကြီး ရောက်လေရာ ဘ၀မှာ ငြိမ်းအေးပါစေ လို့ ဆုတောင်းပေးရင်း ဆရာမကြီးရဲ့ အကြိုက်ဆုံးတွေထဲက အကြိုက်ဆုံးတစ်ခုဖြစ်တဲ့ ‘ ဖုန်းသက်တိုင်’ ၀ထ္ထုနဲ့ မိတ်ဆက်ပေးပါရစေ။ 

ဆရာမကြီး ကြည်အေးရဲ့ ဇာတ်ကောင်အမျိုးသမီးတွေက အမြဲတမ်း လွတ်လတ်တတ်ကြွမှုအပြည့်နဲ့ ကိုယ့်ကို ယုံတဲ့ အမျိုးသမီးတွေဖြစ်တာ ကိုယ်သဘောကျမိတယ်။ မေမေစိန်ကလည်း အဲ့လိုပါပဲ ။ ပြတ်သားတယ် ၊ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ခွဲတတ်တယ် ။ ကို ဖုန်းခင်ကတော့ ဘာကိုမှ ရေရေရာရာမရှိ ၊ ဘ၀ကို အလိုက်သင့် မျောနေတဲ့ လူတယောက်လိုပေါ့ ၊ သိပ်ညံ့ပြီး ၊ သိပ်ပျော့လွန်းတယ် ။ အလွယ်တကူ သူ့လက်ထဲရောက်လာတဲ့ အရာတွေနဲ့ပဲ မိန်းမောနေသလိုလို ၊ သူမလိုချင်ပဲ ရောက်လာတဲ့ အရာတွေကို လည်း အပြင်းအထန်တိုက်ထုတ်ဖို့ မကြိုးစား ၊ သူ ချစ်ချင်တဲ့ မေမေစိန်နား လာဖို့ဆို သာလို့တောင် တွန်းတွန်းတိုက်တိုက် မကြိုးစား..။ ကျွန်တော်တော့ ကို ဖုန်းခင်ကို အားမရပါဘူး ။ 

ဒါပေမဲ့လည်း …သြော်မာနကြီးလှတယ် ဆိုတဲ့ ကိုဖုန်းခင်ဟာ မေမေစိန်က မချစ် မနှစ်သက်သော်လည်း လက်ခံပြုံးလေး ပြုံးမှာကိုတောင် အင်မတန် စောင့်ရပါတယ် ၊ တောင့်တရပါတယ် ဆိုတာကို ကိုထွန်းမြင့်တို့ သိပါလေစ ၊ သူကလေးကို လုပ်ကျွေးစောင့်ရှောင့်ရုံပြုပြီး ပခုံးကလေးဆုပ်ခွင့် ၊ လက်ကလေး နယ်ခွင့်ရရင်ပဲ ဘာမှ နောက်ထပ် အလိုမရှိရက်ပါဘူးဆိုတာ သိကြရဲ့လား ။ တကယ်တော့ ကိုယ့်စေတနာဟာ သူကလေးရု့ ဖြူစင်တဲ့ ကိုယ်စိတ်နှစ်ပါးကို ဘာတစ်ခုမှ မပိုင်ဆိုင်ရက်ပါဘူး ။ ကိုယ့် မသန့်ရှင်းတဲ့ ရုပ်နာမ် ဆန္ဒကို မေမေစိန်ကလေးနဲ့ မဖြေဖျောက်ရက်ပါဘူး ။ အနားမှာ နေရရုံ သူတကာ ပိုင်ဆိုင်ခွင့်ကို တားဆီးရုံသာ ခွင့်ပေးစေချင်သည်ကွယ်’  တဲ့ ။ 
ဒီလိုနဲ့ ကိုယ်သာ ကိုဖုန်းခင်ဖြစ်ခဲ့ရင်လို့ တွေးမိတော့လည်း နာကျင်သနားရပြန်တာပဲ ။ 

ဆရာမကြီးရဲ့ ကြည်အေးစာတွေဖတ်ရင် ကိုယ်ခံစားရသမျှကို ပြန်မချပြတတ်တော့ဘူး ။ လူ့ဘ၀တွေကို နားလည်လွန်းသူ ရေးတဲ့ စာကို ပြန်ညွှန်းတဲ့ ကိုယ့်အမှားလုပ်မကို သိပ်ကြောက်မိတာပဲ ။ ဆရာမကြီး ကြည်အေးရဲ့ စာအုပ်ကောင်းတွေထဲက တစ်အုပ်မို့ ညွှန်းဆိုပါတယ် ။ 

 ♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment