Friday, December 9, 2016

ကိုယ်ငြိမ်သက်နေတဲ့အခါ နာကျင်မှုဟာ ၂ဆ ဖြစ်တယ်ဆိုတာ မင်းသိဖူးလား - အေးချမ်း။ရှိန်းသူအောင်


လက်ဖဝါးအရေခွံတွေ ကွာထွက်လာသလို စိတ်တွေကွာကျလာတယ်။ထားလိုက်ပါ။
ဘာမှမဟုတ်ဘူး ဆိုတဲ့ စကားက တဆစ်ဆစ်နဲ့ အချစ်" လို့ရေရွတ်ကြည့်တယ်။
ဘာမှလည်းမဟုတ်ပါဘူး။ မီးစွဲသွားရုံပဲ မချစ်ခဲ့ရင် သိပ်ကောင်းမှာ။
ရိုးရိုးလေးပဲ။ စိတ်ဝင်စားရင် လိုက်ပြောကြည့်…မချစ်ခဲ့ရင်…သိပ်ကောင်းမှာ။
အဲ့ဒီလိုပြောနေတုန်းပဲ ချစ်ခြင်းမေတ္တာကို ကိုယ်သတိရလာတယ်။ မဝေးချင်လို့ ဆိုပြီး ခဏခဏ ဝေးသွားဖို့အကြောင်းတွေ ပြောမိနေတယ်။
ရန်ဖြစ်ရတာတွေကို ကိုယ်စိတ်ညစ်လာတယ်။
ကိုယ် မုန်းတီးလာတယ်။
ကိုယ်တစ်ယောက်တည်း နေချင်လာတယ်။
ကိုယ်တစ်ယောက်တည်းနေရမှာကို ကြောက်လည်းကြောက်တယ်။
မကြောက်လည်းမကြောက်ဘူး။ဒွိဟဖြစ်နေတဲ့
စိတ်ကို အတင်းဖိအားမပေးပါနဲ့။
ကိုယ်ပေးတဲ့ တန်ဖိုးထားမှုတွေကို အလွဲသုံးစား
တွေလုပ်မပစ်ပါနဲ့။
မယုံကြည်မှုတွေနဲ့ပေါင်းစပ်ထားတဲ့ စကားလုံးချော်ရည်တွေကို ကိုယ့်ကိုမတိုက်ပါနဲ့။
သူတို့က ထင်ထားတာထက်ပို ပူတယ်။
ကိုယ်တို့ဝေးကွာနေတယ်ဆိုပြီး စိမ်းကားတဲ့ အကြည့်တွေနဲ့ မကြည့်ပါနဲ့။ကိုယ်ခံစားမိနေတယ်။ ကိုယ်ဟာ အဲ့ဒီလို အကြည့်ခံနေရတယ်ဆိုတာ…။
ဘဝက မထူးဆန်းပါဘူး…အဲ့လိုပြောသံတွေက
ကိုယ့်အတွက်တော့ rape လုပ်နေတာနဲ့ အတူတူပါပဲ။

သိပ်ထူးဆန်းတာပေါ့ သားရယ်…
မင်းရဲ့ကောင်မလေးက မင်းကို ချစ်နေသလို မင်းကို မျက်ရည်တွေချည်းပဲ ပေးနေတာ သိပ်ထူးဆန်းတာပေါ့။
စိတ်မကျေမနပ်ဖြစ်ရတဲ့ အချိန်တိုင်းငါ့ကို အပြစ်တင်ပါ။
အငြိုးအတေးတွေ သေချာထားပြီး စိတ်ထဲက ငါ့ကို အကြိမ်ကြိမ်သတ်ပစ်ပါ။ ကိုယ်ပြောတာတွေက မင်းကို မီးစထိုးပေးနေတာမဟုတ်…။
ငါ့အတွက်ကတော့ မိုးရေတွေ နဲ့ မျက်ရည်တွေဟာ ဘဝမှာ သိပ်များတာပဲ။
ဘာမှမဖြစ်ပါဘူး ငါနင့်ကို မေ့ပစ်လိုက်တော့မှာ…
အခုခေတ်မှာက လူတယောက်နဲ့တယောက် သုံးလေးနှစ်ချစ်တာကလည်း ဟာသပဲလေ။ ငါတို့ အသိဥာဏ်တွေမှာ နာကျင်မှုဗိုင်းရပ်စ်လေးတွေ အထပ်ထပ်နဲ့ ငါတို့ နောက် နှစ်သုံးလေးဆယ်လောက် ရှင်သန်ရဦးမှာမဟုတ်လား။အဖြူရောင် ၂၂မျိုးမှာ ခင်ဗျားတို့ မပါဝင်တာလည်း သိပ်မထူးဆန်းပါဘူး။ ၂၀၁၃ မှာလိုအပ်တာ အချစ်မဟုတ်ဘူး။၂၀၁၃မှာ လိုအပ်တာ ပိုက်ဆံပဲ။အချစ်ဆိုတာကတော့ ပိုက်ဆံကို လှလှပပ စွပ်ပေးထားတဲ့ ကွန်ဒုံးတွေပေါ့ကွာ။

ကိုယ်ထပ်ပြောမယ် ၂၀၁၃မှာ အချစ်ဟာ မလိုအပ်ခြင်း တစ်မျိုးပဲ။
ငါတို့ အတူတူနေကြရင်။ငါတို့အတူတူနေကြရင်။ ငါတို့ အတူတူနေကြရင်။ ငါတို့ အတူတူနေကြရင်…။
ငါတို့ အတူတူနေကြရင် ဆိုတဲ့ စိတ်ကူးက ငါ့ကိုသတ်သွားတယ်။
ငါတို့ ဘယ်တော့မှ အတူတူနေဖြစ်ကြမှာ မဟုတ်ဘူး။
ငါတို့ စိုက်ထားတဲ့အပင်တွေဘယ်တော့မှမရှင်ဘူး။
မိုးရွာပြီးကာစ အချိန်မှာတောင် စိမ်းလန်းမနေတဲ့ အပင်တွေပေါ့ကွာ။
မှောင်နေတဲ့ အခန်းထဲမှာလည်း တစ်ခါတစ်ခါ ကိုယ်ထိုင်နေတယ်။ဘာအသံမှ မပြုပဲပေါ့။
အမှောင်ထဲက မျက်လုံးတွေ ဘယ်လိုနေမယ်လို့ထင်လဲ။

လွဲမှားနေတဲ့ အယူအဆတွေနဲ့ ငါ့ကိုဆက်ဆံဦးမှာပါပဲ။ အဲ့ဒီစိတ်နဲ့တင် နေ့ညတွေမှာ ကိုယ်ဟာ လွဲမှားစွာ နေထိုင်နေရတဲ့ စက်ရုပ်ပဲ။ ကိုယ်ဟာ အသံထွက်မှားနေတဲ့ ဘာသာစကားတမျိုးပဲ။
ကိုယ့်ကို တခြားလူတွေ ဝိုင်းလှောင်ပစ်လိုက်ကြတယ်။
လိုသလိုပြုလုပ်ယူလို့မရတဲ့ မျက်ရည်တွေနဲ့
ထမင်းလည်းမစားဘူး။ ရေလည်း မသောက်ဘူး။
စိတ်ကျရောဂါဟာ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေကို ဝယ်ယူသွားတယ်။
ကိုယ်တို့ ရောင်းစားခံလိုက်ရသလိုပဲ။
နွေဦးရောက်ရင် သစ်ရွက်ခြောက်တွေကို အိမ်ထောင့်လေးမှာ စုပုံထားမယ်။ မိုးတွင်းရောက်ရင် ထီးတစ်လက်ကို အတူတူဆောင်းမယ်။ ဆောင်းတွင်းရောက်ရင် စောင်တစ်ထည်အတူခြုံပြီး အိပ်စက်ကြမယ်။

အရူးထမိတာလောက်ပါပဲ။ ကိုယ့်မှာဘာရာသီဥတုမှမရှိဘူး။ခုံတန်းလျားတွေ
လည်းမရှိဘူး။တိမ်တွေလည်း မရှိဘူး။ နေဝင်ချိန်တွေလည်းမရှိဘူး။
ညရေးညတာ မလုံခြုံမှုကို ထပ်ကာ ထပ်ကာ ရနေတယ်။ဘယ်လိုနည်းနဲ့မှ ညတွေကို အိပ်လိုက်လို့မဖြစ်ဘူး။ ကိုယ်အိပ်လို့ မပျော်ပါဘူး။
မျက်စိထဲမှာ ကိုယ်ချစ်ရတဲ့ လူနည်းစုဟာ ကိုယ့်အလောင်းကောင်ဘေးနားမှာ ပျော်ပျော်ပါးပါး ရယ်မောသံတွေနဲ့ အိပ်လို့မရပါဘူး။ပူပန်နေရတဲ့ စိတ်တွေလည်း သေဆုံးသွားပါပြီ။ လူက ဘယ်ကိုမှ ရောက်မနေတော့… ဘယ်ကနေလိုက်ခေါ်ရမယ် မသိတော့ဘူး။ ကိုယ်ပြောင်းလဲသွားတယ်လို့ ပြောကြတယ်။ ကိုယ် မသိဘူး။

ကိုယ် ငြိမ်သက်နေတဲ့အခါ နာကျင်မှုဟာ ၂ဆ ဖြစ်တယ်ဆိုတာ မင်းသိဖူးလား။ ကိုယ်ထပ်မှားပါတယ်။

ချစ်ခြင်းမေတ္တာဟာ သီးသန့်ဖြစ်တည်မှုပါ။ ခက်တာက လူတွေက
ချစ်ခြင်းမေတ္တာနဲ့ လူသားနေထိုင်မှုဘဝကို ပေါင်းစပ်ကြရတာပဲ။
လူတန်းစေ့နေထိုင်ခြင်းထဲမှာ ပြုတ်ကျသွားတဲ့ မိသားစုလေးတွေကို ကိုယ်မေ့လို့မရခဲ့ဘူး။
မဖြစ်စလောက် စာမူခတွေအတွက် ငါတို့ ကဗျာမရေးဘူးလို့ ပြောတဲ့ စကားသံတွေကို မေ့လို့မရခဲ့ဘူး။ပိုက်ဆံယူပြီးသွားရင် လက်ခံလက်မှတ်ထိုးပေးခဲ့ဆိုတဲ့ မိန်းမကြီးတစ်ယောက်ရဲ့ မယုံကြည်ခြင်းတွေကို
ငါမေ့လို့မရခဲ့ဘူး။ငါတို့ အတွက်လုပ်နေတာ မဟုတ်ပဲနဲ့ ငါတို့တာဝန်ခံပေးခဲ့ရတဲ့ ကဗျာဆရာကြီးတစ်ယောက်ရဲ့ အမှတ်တရပွဲကို ငါတို့မေ့လို့ မရခဲ့ဘူး။
ငါတို့က တော်ရုံနဲ့ အသံမထွက်တော့ ငါတို့နာကျင်ခံစားရတဲ့ ကဗျာတွေက လူတော်တော်များများအတွက် စိတ်အပန်းဖြေမှုတွေ ဖြစ်သွားကြမှာပေါ့ကွာ။

ငါ့မှာ ကမ္ဘာလေးတစ်ခုရှိတယ်။
အဲ့ကမ္ဘာလေးဟာ အက်ကွဲကြောင်းတွေ နဲ့ပေါ့ကွာ။
ငါ့မှာ အသံတခုခုကြားရင်တောင် အဲ့ကမ္ဘာလေးအတွက် စိုးရိမ်ရ ပူပန်ရ။ ဒါပေမယ့်ကွာ…အက်ကြောင်းတွေထပ်ခဲ့ရတာပါပဲ။ပေါ့ယဉ်ကျေးမှုမှာ ငါတို့ လိုက်မပျော်နိုင်ခဲ့ဘူး။
ငါတို့ ပျော်ရွှင်မှုကို သူတို့မသိသလို သူတို့ ပျော်ရွှင်မှုကို ငါတို့ ခံစားလို့ မရခဲ့ဘူး။
ငါ့မှာ သတိရတယ်ဆိုတဲ့ စကားတစ်ခွန်းကို လောင်မြိုက်မှုအများကြီးနဲ့ လဲယူရတယ်။
အကြာကြီးဝေးပြီး ခဏလေးတောင် မနီးခဲ့ကြဖူးပါဘူး။
အတူတူထိုင်နေရင်တောင် သူက တစ်ခုခုစဉ်းစားနေမယ်။ကိုယ်က တစ်ခုခုစဉ်းစားနေမယ်။
တစ်ယောက်နာမည် တစ်ယောက်ခေါ်ပြီး ဘာမှမပြောဖြစ်လာတဲ့ ဖြစ်အင်တွေ…ပြီးတော့ အဝေးကိုငေးနေကြတဲ့ မျက်လုံးအသေတွေ ။
ဘာလုပ်မှာလဲကွယ်…ရေပေါ်မှာ နှစ်ချက်ခုန်ပျံ ထွက်သွားတဲ့ ပစ်လိုက်တဲ့ ခဲတစ်လုံးလိုပါပဲ။
နေ့တိုင်း နည်းပညာအသစ်တွေပဲမြင်နေရပြီး လူသားဆန်မှုတွေ ပျောက်ဆုံးနေသလိုပဲ။

ခေတ်ဟာ နည်းပညာခေတ်။လူသားတွေကလည်း လူသားဆန်မှုထက် နည်းပညာပစ္စည်းတွေနောက်ကို အသည်းအသန် ပြေးလိုက်နေတဲ့ခေတ်။
ကိုယ်ဝန်ဆောင်သည်တွေဟာ ကိုယ်ဝန်တွေဖျက်ချပြီး ဆီလီကွန်တွေဟာ နတ်ဘုရားတွေဖြစ်လာတဲ့ ခေတ်ပေါ့ကွာ။
ငါတို့ နေ့စဉ်နေထိုင်မှုက ၁၉၇၀ က ထပ်ပိုမလာခဲ့ဘူး။

ငါတို့ အဆင်မပြေဘူးဆိုတာလည်း ဖြစ်နိုင်တာပါပဲ။
ကိုယ်ခု သွားနေတယ်။ဘယ်ကိုသွားနေမှန်း မသိဘူး။ဘယ်ကိုမှလည်း ရောက်မှာမဟုတ်တော့ဘူး။ ပြီးတော့ အောက်ဆီဂျင်ပေးထားရတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကိုယ်မသိတော့ဘူး။
ဘာကိုမှလည်း ယုံကြည်မှုမရှိတော့ဘူး။
အသက်ရှင်နေရတာ ပြစ်ဒဏ်တစ်ခုကို ခံစားနေရတာပဲ…။

ပြီးတော့…
အမည်မဖော်လိုသူ ပေးပို့တဲ့ စာသားတွေကို နေ့စဉ်ဖတ်နေရသလိုပဲ။
ပြီးတော့ ကိုယ့်ကိုကိုယ် ပြန်စိမ်းကားပြီး ပြန်အေးစက်ပြနေရသလိုပဲ။
ကိုယ်က ကိုယ့်ကို ကြည့်ပြီး ပြန်နာကျင်နေတယ်
မျက်ရည်တွေဝိုင်းလို့ပေါ့။နာကျင်မှုတွေကို အစမလုပ်ပါနဲ့…။
မျက်ရည်တွေခေတ်စားတဲ့ အချိန်မျိုးပြန်မရောက်ပါစေနဲ့…။ ငါမယုံကြည်တဲ့နေ့ရက်တွေ။
ငါဟာ လူ့ဘဝရှင်သန်မှုတွေကို ကြောက်ရွံ့လို့
လူတောမတိုးတဲ့ ရောဂါတွေ အထပ်ထပ် ကူးစက်ခံစားရသလိုမျိုးပဲ။
ဘာမှမဖြစ်ပါဘူးလို့ ငါနင့်ကို မေ့ပစ်တော့မှာပါ။
လွန်ခဲ့တဲ့ ၁၀နှစ်လောက်တုန်းက ကျခဲ့တဲ့ မျက်ရည်တွေဟာ အခုအချိန်ထိ စိုနေတုန်းပဲဆိုရင် အဲ့ဒါဟာ လိမ်ပြောတာ ဖြစ်မှာပေါ့ကွာ။ ။

အေးချမ်း။ရှိန်းသူအောင်
၂၀၁၃

♥ M ♥
© hsudiary.blogspot.com. All Rights Reserved. 

No comments:

Post a Comment