Friday, December 30, 2016

စံပယ်ဖြူနု - လှပ်၍လွင့်သောကမ္ဘာ





"လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က အမှုအခင်း(လူသတ်မှု)တစ်ခုမှာ တရားခံအဖြစ် ရှိခဲ့သူရဲ့သမီးနဲ့ တရားလိုအဖြစ် ရှိခဲ့သူရဲ့သမီးတို့ အမှတ်မထင် ပြန်ဆုံကြတဲ့အခါ 'လှပ်၍လွင့်သော ကမ္ဘာ' ဆိုတာ ဖြစ်လာခဲ့ပါတယ်" လို့ ဆရာမ က ပြောထားပါတယ် ။ 
 
ဒီစာအုပ်ကို စကိုင်ပြီး ဖတ်ဖြစ်ကတည်းက  ဒီဝထ္ထုဟာ အဖြစ်အမှန်မဟုတ်ပါစေနဲ့လို့ မျှော်လင့်ရတာ တမော ။ ကိုယ်က ငြိမ်း လိုပဲ အဖေနဲ့ သိပ်ချစ်ချစ်ခင်ခင်ရှိလှတဲ့ သမီးတစ်ယောက်မဖြစ်ပေမဲ့ ကိုယ့်အဖေသာဖြစ်နေခဲ့ရင် ဆိုတဲ့ အတွေးနဲ့ တင် ရင်မောရ ၊ ဒီစာအုပ်ကို ဖတ်နေတဲ့ တောက်လျှောက် ငြိမ်းရဲ့အဖေကို လူသတ်သမားလို့ စွပ်စွဲခံနေတဲ့ အဖြစ်ကနေ လွတ်စေချင်လို့ မဟုတ်ပါစေနဲ့ ပဲ ဆုတွေတောင်းမိနေတာပဲ ။ 

ဒီစာအုပ်ဖတ်ရတာ သိပ်မောတာ ။ ကိုယ်တို့က အမေ့ကို ချစ်တတ်လွန်းပြီး အဖေတွေရဲ့ချစ်ခြင်းမေတ္တာကို မေ့ထားခဲ့မိလေသလား ။ လောကမှာ ငွေတစ်ခုအတွက်ပဲ အလုပ်လုပ်ရတယ်ထင်နေတတ်တဲ့ ကိုယ်တို့ရဲ့အဖေတွေမှာ အပြစ်ရှိမယ်မထင် ။ ကံတရားကိုပဲ အပြစ်တင်ရမလား ။ ဒီလိုနဲ့ သားသမီးတွေ မျက်နှာငယ်မှာ စိုးရိမ်လို့ အလုပ်တွေဖိလုပ် ပိုက်ဆံရှာနေတဲ့ အဖေ ၊ သားသမီးတွေနဲ့ဝေး..ဝေး..လာတယ် ။ 

ငြိမ်းကတော့ အဖေ့ကို ယုံကြည်တဲ့ စိတ် တ၀က် မယုံကြည်ခြင်းတစ်ဝက်နဲ့ အမှုနောက်ကို ခြေရာပြန်လိုက်ခဲ့တယ်ထင်ရတယ် ။ ဒါမှမဟုတ် ငြိမ်းဟာ ဖြူစင်လွန်းအားကြီးလို့ သူ့အဖေကို မျှော်လင့်ခဲ့မိလေသလား....။ ကိုယ် က ငြိမ်းနဲ့အတူ ပျော်သွားလိုက် ၊ စိတ်ဓာတ်တွေ ကျသွားလိုက်နဲ့ ။ ဇာတ်သိမ်းတဲ့ အချိန်မှာ ကိုယ်ဟာ ချောက်ထဲပြုတ်ကျသွားတဲ့လူလိုပေါ့ ၊ ဇာတ်သိမ်းကတော့ ကိုယ် မမျှော်လင့်ထားတဲ့ ဇာတ်သိမ်းမျိုး…။ မျက်ရည်လွယ်တော့လည်း ငိုရပြန်ရော ။ ဆရာမ စံပယ်ဖြူနုရဲ့ လှပ်၍လွင့်သောကမ္ဘာ ကို ညွှန်းဆိုလိုက်ရပါတယ် ။ 

♥ M ♥
© hsudiary.blogspot.com. All Rights Reserved.

No comments:

Post a Comment