Sunday, September 25, 2016

အခန်းသော့ကို ဖိနပ်စင်ဒေါင့်စွန်းက ခြေအိတ်ကလေးတွေအောက်မှာထားခဲ့တယ် - သူဝေး

 ကော်ဖီဖျော်ခဲ့တယ်၊နင်ပြန်လာတဲ့အချိန်အေးနေရင်နွေးပြီး သောက်ပေါ့၊
 အိပ်ခန်းရဲ့မျက်နှာကျက်ကမီးလုံးပြာလေးကိုလည်း ငါလဲပေးခဲ့တယ်၊ မနေ့ကပဲအဲ့ဒီအိပ်ခန်းလေးထဲမှာနင်နဲ့ငါ အတူရှိခဲ့သေးတယ်ဆိုတာကို 
အဝေးပြေးကားကြီးတစ်စီးပေါ်ကနေငါစဉ်းစားမိတဲ့အခါမျက်ရည်ကျရင်ကျမှာပေါ့၊ 
အညှောင့်ပေါက်နေတဲ့ကြက်သွန်နီဥတွေကို ရေစင်အောက်မှာသပ်သပ်
ထားထားတယ်၊ နင်ပျင်းရင်စီတန်းပြီ်း ကစားတတ်တဲ့ရောင်စုံ
အိပ်ဆေးလုံးလေးတွေကိုတော့ ငါဝှက်ထားခဲ့တယ်၊ငါ့ကို
သတိရရင် ငါတို့အတူစိုက်ထားတဲ့ ၀ရံတာကပန်းပင်လေး
ကိုရေလောင်းပါ ၊ တနေ့မှာပန်းကလေးတွေပွင့်လာပြီးအဲ့ဒီိ
ပန်းပွင့်လေးတွေက ရုတ်တရက် စကားပြောတတ် မလာဘူး
လို့ ဘယ်သူကပြောနိုင်မလဲ၊ တစ်ယောက်တည်းလည်းချော့သူမရှိ
စိတ်ကောက်မနေနဲ့၊ မျက်နှာချင်းဆိုင် တိုက်ခေါင်မိုးပေါ်မှာ ငှက်ဝါ
ကလေးတွေ လာနားတိုင်း နင်မျက်ရည်လည်နေမှာလို့ ငါ မြင်ယောင်ပြီး 

ဝမ်းနည်းနေမယ့်ပုံကို နင်လဲမြင်ယောင်မိနေမလား ၊ စိတ်မကောင်းဘူး ..
ဒါပေမယ့်ဘယ်တတ်နိုင်မှာလဲ တချို့ရေစက်တွေက အတူတူဆုံပြီး 
မကြာခင်သစ်ရွက်လေးပေါ်ကလိမ့်ကျပြီး နှစ်ခြမ်းပြန်ကွဲသွားတတ်တာပဲ၊ 
ငါမရှိတဲ့နောက်ထမင်းမစားဘဲ ၊ ပဲလုံးလေးတွေချည်းပဲစားမနေနဲ့။ 
ငါမရှိတဲ့နောက် happy ending သီချင်းကိုပဲနားထောင်မနေနဲ့၊ငါမရှိတဲ့နောက် 
ဘယ်သူတံခါးခေါက်ခေါက်သေချာမေးစမ်းပြီးမှဖွင့်ပါကွယ် ၊ ငါ့ကိုချစ်ရင်
ငါ့စကားတိုင်းရဲ့သုံးပုံတစ်ပုံကိုနားထောင်စမ်းကွယ်၊ကမ္ဘာ
ဟာငါတို့အတွက်ဆို စောင်းတာထက်ပိုခဲ့၊ အဲ့ဒါကြောင့်
နင့်ကမ္ဘာပေါ်ကငါလိမ့်ကျခဲ့တာပေါ့ကောင်မလေးရဲ့ 

၊ဖြည်းဖြည်းချင်းနှုတ်ခမ်းကိုက်လို့စိတ်နာ ငါ့ကိုမုန်း ……. ငါ့ကိုမုန်းနိုင်ပါစေသား ၊
ဒါပေမယ့်ငါသိတယ် နင်ငါ့ကိုမုန်းမှာမဟုတ်၊
ငါလဲ ငါ့ကိုယ်ငါမုန်းရင်း နင့်ကိုဆက်ချစ်သွားမှာ ၊ 

ဟုတ်တယ် ငါ့ကိုယ်ငါမုန်းရင်းငါနင့်ကိုဆက်ချစ်နေမှာ ………………။  ။

No comments:

Post a Comment