Friday, September 9, 2016

Gaw Yan Gyi Adventure Land

 ဂေါ်ရန်ဂျီကျွန်း လို့ ပြောလိုက်ရင် အကုန်လုံးက ဖြူလွလွ သဲသောင်ပြင်ကျယ်ကြီးနဲ့ အပြာရောင် ပင်လယ်ပြင်ကြီးကို ပြေးမြင်ကြမိလိမ့်မယ် ထင်တယ် ။
ဒါပေမဲ့
(၁) Transportation နဲ့ ပတ်သတ်ပြီး အများကြီး မမျှော်လင့်ထားပါနဲ့ ။
ဂေါ်ရန်ဂျီကျွန်းက ပုသိမ် – မော်တင်စွန်းလမ်းခွဲကနေ ခွဲသွားတာပါ ။ မြေသားလမ်း ၊ ကျောက်ခဲလမ်း ဖြစ်လို့ လမ်းအရမ်းကြမ်းပါတယ် ။ ကားသေး သွားဖို့ အဆင်မပြေပါဘူး ။ကား နဲနဲ မြင့်မှ ရမှာပါ ။
Express ရှိပါတယ် ကံထူးအောင်လိုင်းပါ ။
တောင်တတ် ၊ တောင်ဆင်း အဲကွန်းပိတ်မောင်းပါတယ် ။ တခါတလေ ရန်ကုန်အထွက်တည်းက
အဲကွန်းမရနိုင်ပါဘူး ။ ရလဒ်က ငရုတ်ကောင်းမြို့ကို ရောက်ချိန် လူက မျောက်ဖြူအလားပါပဲ ။ မသွားခင်မှာ အစားစားတာများရင် ကားခုန်တာနဲ့ ရောပြီး အန်တတ်ပါတယ် ။ ခရီးသွားရင် တခါမှ ကားမမူးဖူးတဲ့ ကျတော်တောင် ခေါင်းမဖော်နိုင်ပါဘူး ။
ငရုတ်ကောင်းကနေ ဆိုင်ကယ် (သို့မဟုတ်) လှေနဲ့ ကျွန်းပေါ်ကို သွားလို့ရပါတယ် ။ ဆိုင်ကယ်ဆို မိနစ် ၃၀ ၊ လှေဆို ၄၅ မိနစ် လောက်စီးရပါမယ် ။ ကားလမ်းရှိသလားဆိုတော့ ရှိပါတယ် ၊ တရွေ့ရွေ့နဲ့သွားရမဲ့ မြေလမ်း ၊ သဲလမ်းပါ ။ သဲလမ်းအဆုံးမှာ ချောင်း (၂) ချောင်း ရှိပါတယ် ။ ချောင်းရေတတ်ချိန်ဆို ကား ဖြတ်မရပါဘူး ။ ရေကျချိန်ထိစောင့်ရပါမယ် ။ ရေကျချိန်က ၆နာရီခြားတခါပါ ။ ကျတော်ကိုယ်တိုင် အဲ့ဒီနားမှာ ပိတ်မိဖူးပါတယ် ။ ဘာ စားသောက်မှ မရှိပါဘူး ။  အိမ်သာလည်း မရှိပါဘူး ၊ ဒေသခံ တဲလေးတွေရှိပါတယ် ။
(၂) ကျွန်းသွားတာဆိုပြီး Sea Food အဝဆွဲရမယ် အထင်မမှားလိုက်ပါနဲ့ ။
Sea Food ရှားပါတယ် ၊ ကျွန်းပေါ်မှာ ကြက် ၊ ဝက် မမွေးကြလို့ ဘာအကောင်မှ မရနိုင်ပါ ။
ဘာစားရမှာလဲ လို့ မေးမှာစိုးလို့ ၊
တခါတရံ ခရု ၊ ရေကြက် (ကင်းမွန်) ၊ဂဏန်း ရနိုင်ပါတယ် ။ ပုစွန်ရှားပါတယ် ၁ ပိသာ ၁၅၀၀၀ တဲ့ ။  လက်ညိုးလောက်အရွယ်လေး ။ လက်တဝါးစာ ငါး (သူက ရွှေငါးတဲ့) တကောင် ၁၀၀၀ ဆိုလား ။
တခါတလေ သံပချုပ် ရနိုင်ပါတယ် တကောင် ၅၀၀ တဲ့ ။
(၃) လမ်းမလျှောက်နိုင်ဘူး ၊ အပင်ပန်းမခံနိုင်ဘူး ၊ ဆိုင်ကယ်စီးရမှာကြောက်တယ် ၊ လှေမစီးရဲဘူးဆို မသွားပါနဲ့ ။
မြေလမ်း ၊ သဲလမ်း ၊ ကျောက်ခဲလမ်း ကို တရွေ့ရွေ့ဖြတ်ကျော်ပြီးရင် ဆိုင်ကယ် တတန် ၊
လှေ တတန် စီးပြီး နေပူပူ မှာ ဖုန်တထူထူနဲ့ ဂေါ်ရန်ဂျီကျွန်းကို အရောက်သွားရတာပါ ။ ပြီးတော့ ပေပေတေတေသွားရတဲ့ ခရီးပါ ၊ နုနုရွရွ ဟန်နီးမွန်းထွက် ၊ အပျော်ခရီးထွက်လို့ရတဲ့ နေရာမျိုးမဟုတ်ပါဘူး ။
အရေးကြီးဆုံးတချက်က ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားမယ်ဆို တချို့ လှေသမား ၊ ဆိုင်ကယ်သမားတွေသတိထားပါ ။ ဈေးရိုက်စား လုပ်တတ်ပါတယ် ။
Transportation နဲ့ ပတ်သတ်ပြီး အများကြီး မမျှော်လင့်ထားပါနဲ့ ။
ဂေါ်ရန်ဂျီကျွန်းက ပုသိမ် – မော်တင်စွန်းလမ်းခွဲကနေ ခွဲသွားတာပါ ။ မြေသားလမ်း ၊ ကျောက်ခဲလမ်း ဖြစ်လို့ လမ်းအရမ်းကြမ်းပါတယ် ။ ကားသေး သွားဖို့ အဆင်မပြေပါဘူး ။ကား နဲနဲ မြင့်မှ ရမှာပါ ။
Express ရှိပါတယ် ကံထူးအောင်လိုင်းပါ ။
တောင်တတ် ၊ တောင်ဆင်း အဲကွန်းပိတ်မောင်းပါတယ် ။ တခါတလေ ရန်ကုန်အထွက်တည်းက
အဲကွန်းမရနိုင်ပါဘူး ။ ရလဒ်က ငရုတ်ကောင်းမြို့ကို ရောက်ချိန် လူက မျောက်ဖြူအလားပါပဲ ။ မသွားခင်မှာ အစားစားတာများရင် ကားခုန်တာနဲ့ ရောပြီး အန်တတ်ပါတယ် ။ ခရီးသွားရင် တခါမှ ကားမမူးဖူးတဲ့ ကျတော်တောင် ခေါင်းမဖော်နိုင်ပါဘူး ။
ငရုတ်ကောင်းကနေ ဆိုင်ကယ် (သို့မဟုတ်) လှေနဲ့ ကျွန်းပေါ်ကို သွားလို့ရပါတယ် ။ ဆိုင်ကယ်ဆို မိနစ် ၃၀ ၊ လှေဆို ၄၅ မိနစ် လောက်စီးရပါမယ် ။ ကားလမ်းရှိသလားဆိုတော့ ရှိပါတယ် ၊ တရွေ့ရွေ့နဲ့သွားရမဲ့ မြေလမ်း ၊ သဲလမ်းပါ ။ သဲလမ်းအဆုံးမှာ ချောင်း (၂) ချောင်း ရှိပါတယ် ။ ချောင်းရေတတ်ချိန်ဆို ကား ဖြတ်မရပါဘူး ။ ရေကျချိန်ထိစောင့်ရပါမယ် ။ ရေကျချိန်က ၆နာရီခြားတခါပါ ။ ကျတော်ကိုယ်တိုင် အဲ့ဒီနားမှာ ပိတ်မိဖူးပါတယ် ။ ဘာ စားသောက်မှ မရှိပါဘူး ။  အိမ်သာလည်း မရှိပါဘူး ၊ ဒေသခံ တဲလေးတွေရှိပါတယ် ။
(၂) ကျွန်းသွားတာဆိုပြီး Sea Food အဝဆွဲရမယ် အထင်မမှားလိုက်ပါနဲ့ ။
Sea Food ရှားပါတယ် ၊ ကျွန်းပေါ်မှာ ကြက် ၊ ဝက် မမွေးကြလို့ ဘာအကောင်မှ မရနိုင်ပါ ။
ဘာစားရမှာလဲ လို့ မေးမှာစိုးလို့ ၊
တခါတရံ ခရု ၊ ရေကြက် (ကင်းမွန်) ၊ဂဏန်း ရနိုင်ပါတယ် ။ ပုစွန်ရှားပါတယ် ၁ ပိသာ ၁၅၀၀၀ တဲ့ ။  လက်ညိုးလောက်အရွယ်လေး ။ လက်တဝါးစာ ငါး (သူက ရွှေငါးတဲ့) တကောင် ၁၀၀၀ ဆိုလား ။
တခါတလေ သံပချုပ် ရနိုင်ပါတယ် တကောင် ၅၀၀ တဲ့ ။
(၃) လမ်းမလျှောက်နိုင်ဘူး ၊ အပင်ပန်းမခံနိုင်ဘူး ၊ ဆိုင်ကယ်စီးရမှာကြောက်တယ် ၊ လှေမစီးရဲဘူးဆို မသွားပါနဲ့ ။
မြေလမ်း ၊ သဲလမ်း ၊ ကျောက်ခဲလမ်း ကို တရွေ့ရွေ့ဖြတ်ကျော်ပြီးရင် ဆိုင်ကယ် တတန် ၊
လှေ တတန် စီးပြီး နေပူပူ မှာ ဖုန်တထူထူနဲ့ ဂေါ်ရန်ဂျီကျွန်းကို အရောက်သွားရတာပါ ။ ပြီးတော့ ပေပေတေတေသွားရတဲ့ ခရီးပါ ၊ နုနုရွရွ ဟန်နီးမွန်းထွက် ၊ အပျော်ခရီးထွက်လို့ရတဲ့ နေရာမျိုးမဟုတ်ပါဘူး ။
အရေးကြီးဆုံးတချက်က ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားမယ်ဆို တချို့ လှေသမား ၊ ဆိုင်ကယ်သမားတွေ သတိထားပါ ။ ဈေးရိုက်စား လုပ်တတ်ပါတယ် ။
ဘာလို့ ဂေါ်ရန်ဂျီကျွန်း သွားသင့်လဲ !!!♥
ဂေါ်ရန်ဂျီကျွန်း အကြောင်းပြောရမယ်ဆိုရင် ငရုတ်ကောင်းမြို့လေးကို ချန်ထားပစ်ခဲ့လို့မရနိုင်ပါဘူး ။
ငရုတ်ကောင်းမြို့က ကျတော် ချစ်တဲ့ မြို့လေးတွေ ထဲက တစ်ခုပါ ။ ဂေါ်ရန်ဂျီကျွန်း က ဧရာဝတီတိုင်းဒေသကြီး ၊ ငပုတောမြို့နယ်ထဲက မြို့နယ်ခွဲ တစ်ခုဖြစ်တဲ့ ငရုတ်ကောင်းမြို့နယ်မှာ ရှိပါတယ် ။
တစ်မြို့လုံးကလူတွေက သဘောကောင်းကြတယ် ။ ရိုးသားကြတယ် ၊ ဖော်ရွေကြတယ် ။ မြို့လေးက ကျဉ်းကျဉ်းလေး ၊ ညနေစောင်းမှာ လမ်းလျှောက်ကြည့်ရင် ဒီမြို့လေးရဲ့ ရိုးသားမှုကို ခံစားရတယ် ။
နံနက်ခင်း နေရောင်ခြည်နွေးနွေးအောက်မှာ လျှောက်ကြည့်ရင် အဲ့ဒီမြို့က လူတွေရဲ့ နွေးထွေးမှုကို ခံစားရလိမ့်မယ် ။ တစ်မြို့လုံးကအိမ်တွေရဲ့ ထူးခြားချက်က တံခါးအကြီးကြီးတွေ ၊ တချို့ အိမ်တွေဆို ပိတ်မအိပ်ဖူး၊ လူဆိုး ၊ သူခိုး မရှိလို့ပါတဲ့ ။
ငရုတ်ကောင်း မြို့မှာ ကျွန်းငယ်လေးတစ်ခုရှိတယ် ၊ ဒရယ်ကျွန်း (တချို့က ဒလယ်ကျွန်း လို့ခေါ်ကြတယ် ။) ကျတော် အဲ့ဒီမှာ တုန်းက ညနေခင်းတွေဆို အင်တာနက်သုံးဖို့ သွားနေလေ့ရှိတယ် ၊ အဲ့ဒီနေရာက လိုင်းအမိဆုံးလေ ၊ တခါတရံလည်း စိတ်လွတ်ကိုယ်လွတ် ငုတ်တုတ်သွားထိုင်နေမိတယ် ၊ တွေးလို့ ၊ ဆွေးလို့ ကောင်းတဲ့ နေရာလေးကိုး ။
ရောက်ခဲ့သမျှကျွန်းတွေထဲမှာ အလှဆုံးကျွန်း ဆို ဂေါ်ရန်ဂျီကို ညွှန်းပေးချင်ပါတယ် ။ ကျွန်းအနေနဲ့ကို ပြောတာပါ ။ ဧရာမကျောက်ဆောင်ကြီးတွေရှိမယ် ၊ ကျောက်ဆောင်တွေကြားမှာ ကူးခတ်နေတဲ့ ကျောက်ငါးလေးတွေကို Trekking လုပ်ရင်းတွေ့နိုင်တယ် ။ ကျောက်ဂူတွေထဲမှာ ဆိုရင် သဘာဝ ကျောက်ခတ်ပန်းဆွဲတွေရှိတယ် ။ လူသွားလူလာ သိပ်မများသေးတော့ သဘာဝကျွန်းအရိုင်းတစ်ခုအနေနဲ့ လှချင်းတိုင်း လှနေတဲ့ ကျွန်းပါ ။
မြို့ပြ ရဲ့ မွန်းကြပ်မှုတွေ နဲ့ အဝေးဆုံးကို ခဏ သွားနေကြည့်ချင်ရင် ဂေါ်ရန်ဂျီကျွန်းကို သွားကြည့်ပါ ၊ အရိုင်းကျွန်းဖြစ်လို့ အနားယူ အပန်းဖြေ ဖို့ ဆိုတာထက် Adventure အရသာ ကို ကြိုက်နှစ်သက်သူတွေနဲ့ ပို လိုက်ဖက်ပါလိမ့်မယ် ။ မီးမရှိပါဘူး ၊ တနိုင်တပိုင် ဆိုလာနဲ့ မီးသုံးကြတာပါ ။ ပုသိမ်ကနေ ငရုတ်ကောင်းမြို့အထိတောင် လမ်းအရမ်းကြမ်းပါတယ် ၊ ကျွန်းပေါ်ထိ ကားသွားလို့မရပါဘူး ၊ လှေတဆင့် ၊ ဆိုင်ကယ် တဆင့် စီးရပါမယ် ။ တချို့ သဘာဝ အလှအပတွေကို ခံစားဖို့ဆိုရင် တောင်တွေလည်း တတ်ရပါတယ် ။ (ကြိုးနဲ့တတ်ရတာပါ)။
အေးဆေး အနားယူချင်တယ် ၊ အပင်ပန်းမခံနိုင်ဘူးဆိုရင် မသွားတာ အကောင်းဆုံးပါပဲ ။ စာဖွဲ့မရတဲ့ ကျွန်းရဲ့ အလှတွေက အပင်ပန်းခံ ပြီး မှ ခံစားနိုင်တာပါ ။
တချို့ ချစ်သူ ၊ စုံတွဲတွေဆို Adventure ခရီးထွက်ပြီးမှ တစ်ယောက်ကို တစ်ယောက် အချစ်ပိုတိုးလာတယ် လို့ ပြောပါတယ် ။ လမ်းခရီး တလျှောက် တစ်ယောက်ကို တစ်ယောက် ကူညီဖေးမ ပေးရင်း နားလည်မှုတွေက တဆင့် အချစ်ပိုတိုးလာတာပါတဲ့ ….။
အစားအသောက် က ထင်သလောက်မပေါပါဘူး ၊ ကြိုမှာထားရင်တော့ ရွာသားတွေက စေတနာ အပြည့်နဲ့ အားတတ်သရော ရှာပေးကြပါတယ် ။ တည်းတဲ့အိမ်က အမဆို ဟင်းချက်တအားကောင်းပါတယ် ။ ပုစွန်သေးသေးလေးတွေ နဲ့ ကင်းမွန် (သူတို့အခေါ် ရေကြက်) ကို ငပိ ၊ ငရုတ်သီး နဲ့ သုတ်ပြီး သံပုရာသီးလေးညှစ်ပေးတာ စားရတာ မြိန်ချက် ၊ ပြီးတော့ ချဉ်ပေါင်ကို မရမ်းသီး နဲ့ ချက်တာ ရယ် ၊ ငါးနီးတူ သေးသေးလေးတွေကို မရမ်းသီးလေးနဲ့ စပ်စပ်ချဉ်ချဉ်လေး ကြော်ပေးတာရယ် ၊ ခရုသုတ် ချဉ်စပ်လေးရယ် ၊ ကိုယ်တွေများ ခေါင်းတောင် မဖော်နိုင်ဘူး ။
ဂဏန်းတော့ မစားခဲ့ရပေမဲ့ Trekking လုပ်တော့ သောင်ပြင်ပေါ်မှာ ၊ ကျောက်ဆောင်တွေပေါ်မှာ ဂဏန်းပိစိလေးတွေ ဟိုပြေး ဒီပြေးလုပ်နေတာ တွေ့ခဲ့ရတယ် ။ ပြီးတော့ ယောင်္ကျားလေးတွေအတွက် သံပချုပ်တဲ့ ၊ ပေါတယ် တကောင် ၅၀၀ ဆိုလားပဲ ။
တည်းဖိုကတော့ ဒေသခံအိမ်လေးတွေမှာ တည်းချင်လည်းရသလို ၊ တည်းခိုခန်း ( international အဆင့် မရနိုင်ပါ) လေးတွေလည်း ရှိပါတယ်လို့ ၊ တချို့ Review တွေမှာလည်း ဘယ်လောက်လှကြောင်း ၊ ဘာတွေ ရှိကြောင်း ပါသင့်သလောက်ပါပြီးပြီမို့ ဒီလောက်နဲ့ပဲ ရပ်ပါတော့မယ် ။
ဒါပေမဲ့ မိုးရာသီမှာတော့ လမ်းခရီး ၊ အဆင်ပြေတော့မှာ မဟုတ်ပါဘူး ။ ဟိုတယ်ဇုန်တွေ ဆောက်မယ်လို့ ဒေသခံအချို့ပြောတာ ကြားဖူးတော့ ချောင်းသာ တို့ ငွေဆောင်တို့လို စရိတ်စက မကြီးခင် ၊ လူ့ကြောင့် သဘာဝပတ်ဝန်းကျင် မပျက်စီးခင် ၊ သွားချင်တဲ့စိတ်ရှိရင် တခါတခေါက်လောက် နောက်မကျခင် ရောက်ဖူးအောင် သွားကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ် ။

♥M♥

©mdiary.blogspot.com All Rights Reserved


No comments:

Post a Comment