ခဏခဏ မေးကြလို့
မျက်ကြည်လွှာလှုချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ ။
မျက်ကြည်လွှာ အစားထိုး
ကုသတယ်ဆိုတာ မျက်စိတစ်လုံးလုံး
အစားထိုးကုသခြင်းမဟုတ်ပါဘူး ။ သေဆုံးသူရဲ့
နာရီမှန်ကဲ့သို့ အပေါ်ယံမျက်ကြည်လွှာကိုသာ ထုတ်ယူကုသခြင်းပါ ။မျက်ကြည်လွှာ
လှုခြင်းဖြင့် ကွယ်လွန်သူရဲ့ မျက်နှာပုံပန်းသဏ္ဍာန်မပျက်သွားပါ ၊ မျက်တွင်းဟောက်ပက်
မဖြစ်သွားပါဘူး ။ တစ်ခါ သူငယ်ချင်းတစ်ယောက်က လှုချင်ပေမဲ့ သူ့အိမ်က သူကွယ်လွန်လို့
သဂြိုလ်တဲ့အခါ အင်္ဂါမစုံမှာစိုးလို့ ဆိုပြီး ပေးမလှုဖြစ်လိုက်တာလေး သတိရလို့ပါ။
လူတစ်ယောက်
မျက်ကြည်လွှာမကောင်းရင် ကွယ်လွန်သွားတဲ့သူ တစ်ယောက်လှုခဲ့တဲ့ မျက်ကြည်လွှာနဲ့သာ
အစားထိုးကုသလို့ရပါတယ် ။ အစားထိုးကုသမှုတိုင်းမှာ ၉၀% အောင်မြင်မှုရရှိပြီး ၊ လူ့မျက်ကြည်လွှာထက်ကောင်းတဲ့ အစားထိုးနိုင်တဲ့
တီထွင်မှုမျိုး မပြုလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ မျက်ကြည်လွှာကို မျက်စိအတွင်း
တိမ်ရှိသူ ၊ မျက်မှန်တတ်တဲ့သူ ၊ ဆီးချို ၊ သွေးတိုး ရှိသူ ၊ အသက် (၇၅) အောက် ၊
လူမျိုး ၊ ဘာသာ မခွဲ ၊ အယုတ်၊ အလတ် ၊
အမြတ်မရွေးလှုဒါန်းနိုင်ပါတယ် ။ ခြွင်းချက်အနေနဲ့ အသည်းရောင်အသားဝါ ၊
ခွေးရူးပြန်ရောဂါ ၊ ခုခံအားကျဆင်းမှုရောဂါ ၊ ဦးနှောက်အမြှေးပါးရောင်ရောဂါများဖြင့်
သေဆုံးသူများရဲ့ မျက်ကြည်လွှာများကို
လက်ခံခြင်းမပြုပါဘူးတဲ့ရှင် ။
ကိုယ့်
မျက်ကြည်လွှာတစ်စုံ လှုဒါန်းရင် တခြားမျက်စိမမြင်တဲ့ ဝေဒနာရှင် နှစ်ဦးကို
အလင်းဓါတ်ပေးခဲ့နိုင်တာ ဖြစ်လို့ မွန်မြတ်လှတဲ့ အလှုဖြစ်ပါတယ်။
ဆက်သွယ်လှူဒါန်းချင်ရင်
၁။ရန်ကုန်အမျိုးသားမျက်စိဘဏ်
က အမှတ် (၃၀) နတ်မောက်လမ်း မှာပါ ။ မင်္ဂလာဈေးနားကနေ လမ်းလျှောက်သွားလည်းရပါတယ် ။ ဖုန်းနံပါတ်တွေက
- ၀၁ ၅၄၁ ၃၀၆ ၊ ၀၁ ၅၅၇၉၅၆ ၊ ၀၁ ၅၄၉၁၇၁ ပါရှင် ။
၂။ မန္တလေး အမျိုးသားမျက်စိဘဏ်
က ၂၃လမ်း ၊ ၈၀လမ်း နဲ့ ၈၁ လမ်းကြား၊ ဆေးရုံကြီး မန္တလေးမှာပါ။ ဖုန်းနံပါတ်တွေက ၀၂-၃၉၄၅၀
၊ ၀၂ - ၃၁၂၀၀ ပါ ။
၃ ။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်း လှုဒါန်းလို့ရပါတယ်တဲ့ရှင် ၊ အသေးစိတ်သိချင်ရင် ၀၁
၂၅၆၁၁၂ ပါ။
သွားရောက်လှုဒါန်းချင်ရင်
ဓာတ်ပုံတစ်ပုံယူသွားပါ ၊ အသိသက်သေခေါ်သွားနိုင်ရင်လည်းရပါတယ်။ ကိစ္စမရှိပါဘူး ။ ကျတော့တုန်းကတော့
တစ်ယောက်တည်းရောက်သွားလို့ အိမ်ရောက်မှ အမေ့ကို အသိသက်သေနေရာမှာ
လက်မှတ်ပြန်ထိုးခိုင်းရပါတယ် ။
အကယ်၍ ကွယ်လွန်ပြီး မှ
ကျန်ရစ်သူ မိသားစုက သဒ္ဒါပေါက်၍ လှူဒါန်းလိုပါက ကွယ်လွန်ပြီး (၄) နာရီအတွင်း
မျက်စိဘဏ်သို့အကြောင်းကြားပေးပါ။
-ကွယ်လွန်သူ၏ မျက်စိအားပိတ်ထားပေးပါ။
-ဦးခေါင်းကို ခေါင်းအုန်းခံ၍ မြှင့်ထားပေးပါ။
-ပန်ကာမဖွင့်ပါနှင့်။
-ဖြစ်နိုင်ပါက ပလတ်စတစ်အိတ်တွင် ရေခဲ ထည့်၍ မျက်ခွံပေါ်အုပ်ထားပေးပါ။
♥ M ♥
© hsulittlediary.blogspot.com . All Rights Reserved.
No comments:
Post a Comment